အခန်း ၂၁[မျက်မမြင်ဟူးရား ၄]

2.2K 604 18
                                    

[[U]]

ဘာကများသူ့ကိုဒီလောက်တောင်ကြောက်လန့်သွားစေတာလဲ?

ရွှဲ့ရှန်သည် လှေဘေးဘက်ခြမ်းတွင်ရပ်နေသည့် အသံပိုင်ရှင်ဖြစ်သော လုနျယ်ချီကို ကဲကြည့်လိုက်၏။ နဂိုရပ်နေသောနေရာမှ ဒယိမ်းဒယိုင်ခြေတစ်လှမ်းနောက်ဆုတ်သွားပြီး အထိတ်တလန့်ဖြစ်ဖွယ်ရာ တစ်စုံတစ်ရာကို မြင်ခဲ့သလိုမျိုး ဖင်ထိုင်ရက်ကျနေသည်။ လက်ဖဝါးနှင့် ကြမ်းခင်းပျဥ်ကို ထောက်မိတဲ့အခါ "အိုး!"ကနဲအော်သံနှင့် လက်ကိုအမြန်ရုတ်လိုက်သည်။ ဒါပေမဲ့လည်း အတော်နောက်ကျသွားခဲ့သည်။ ညာဘက်လက်ဖဝါး၌ ဖြတ်ရာတစ်ခုပါလာပြီး သွေးများပန်းထွက်လာသည်။

"ဘာဖြစ်တာလဲ?"

ကျန်းရှီနင်သည် လက်ကောက်ဝတ်မှဆွဲကိုင်ကာ ဒဏ်ရာရှိနေသောနေရာကို လက်မနှင့်ဖိထားလိုက်သည်။

"ဘာနဲ့ခိုက်မိသွားတာလဲ?"

"သံထည်အပိုင်းအစတစ်ခုခုနဲ့ဖြစ်နိုင်တယ်"

ရေခဲတမျှအေးစက်နေသော လက်ချောင်းများနှင့် ဖမ်းဆွဲလာတာကြောင့် လုနျယ်ချီတုန်ယင်လျက် လက်ပြန်ရုတ်လိုက်သည်။

သူလဲကျခဲ့ရာ လှေကြမ်းပြင်ဘေးဘက်ခြမ်းတွင် သံနဲ့လုပ်ထားသောတစ်စုံတစ်ရာက ပျဥ်ပြားအက်ကွဲကြား၌ ညပ်နေပုံရသည်။ ထိပ်ဖျားပိုင်းသည် သွေးချင်းချင်းရဲနေပုံအရ လက်သည်ဖြစ်သည်မှာသေချာ၏။

ကျန်းရှီနင်သည် ဘေးဘီဝဲယာကို အမြန်တစ်ချက်ရှာကြည့်ပြီး လှေသမားချန်ထားခဲ့ပုံပေါ်သော အရက်အိုးကို ကောက်ယူလိုက်သည်။

"နည်းနည်းနာမယ်..တောင့်ခံထား"

ပြောပြီးနောက် အိုးအဝရှိအဖုံးကိုဖွင့်ကာ ညှာတာခြင်းအလျင်းမရှိ လုနျယ်ချီလက်ဖဝါးထက် အရက်များကို ပမာဏများများ လောင်းချလိုက်သည်။

"ငါ့ကိုသတ်မလို့လား?!"

ကိုယ့်စိတ်ကိုယ်ပြင်ဆင်ရန် အချိန်မရလိုက်သော လုနျယ်ချီသည် အဆုတ်နှလုံးကွာမတတ် အော်ဟစ်တော့၏။

"အား..အိုး...အွီး..နာတယ်..ပူလိုက်တာ..ရှီး...ဟူး"

"သေတော့မယ့်အတိုင်းပဲအော်နေတယ်..အနည်းငယ်သာထည့်ထားတာ"

ဆေးကုသဆောင်တွင် ကြီးပြင်းခဲ့သူကျန်းရှီနင်သည် အဖေအမေတလျက် အော်ဟစ်ငိုယိုကြသူများကို မြင်နေကြဖြစ်၍ အထူးတလည် တုန်လှုပ်ခြင်းမျိုးမရှိ။

ဤကနေ့၌ လွန်စွာအေးစက်နေပြီး နှင်းတစ်ပြိုက်သည်လည်း ပျောက်ကွယ်သွားခြင်းမရှိသေး။ လက်ထဲလောင်းချလိုက်သော အရက်များသည် တခဏအတွင်းမှာ ဒဏ်ရာကိုအေးခဲသွားစေတာကြောင့် သွေးတိတ်သွား၏။ လက်ဖဝါးကို ညည်းညူလျက် ကြည့်နေဆဲဖြစ်သော လုနျယ်ချီ၏ မျက်ခုံးရိုးများသည် စိတ်နှင့်ကိုယ်နဲ့ လွန်စွာနာကျင်မုန်းတီးနေသော အမူအရာနဲ့ တွန့်ကွေးလာ၏။

ကျန်းရှီနင်သည် မြစ်ထဲမှရေအချို့ကို လက်ခုပ်ဖြင့်ခတ်ကာ ဒဏ်ရာအနားတစ်ဝိုက်တွင်ရှိသော သွေးများကို သန့်စင်ပေး၏။ ထို့နောက် ဘေးသို့ပြန်မဆုတ်ခင် သူ့လက်တွင်တင်ကျန်နေသော ရေစက်များကိုခါချရန် လက်ယမ်းလိုက်သည်။

သွေးများမရှိတော့သောအခါ လုနျယ်ချီလက်ဖဝါးမှဖြတ်ရာသည် မြင်သာလာ၏။ ရွှမ်းမင်သည် တစ်ချက်ကြည့်လာပြီးနောက် မသိမသာမျက်မှောင်ကျုံ့သွားသည်။ အနားသို့လျှောက်လာပြီး လုနျယ်ချီ၏ လက်ကောက်ဝတ်ကိုဆွဲကာ ကြည့်ဖို့ရန် ခေါင်းငုံလာသည်။

လုနျယ်ချီသည် မတတ်သာပေမယ့် ကြမ်းတမ်းစွာပင် လှောင်ပြောင်သရော်တော့သည်။

"တစ်ပါးသူလက္ခဏာဖတ်ရတာဝါသနာပါတဲ့နောက်တစ်ယောက်လာပြန်ပြီ"

"နောက်တစ်ယောက်ဆိုတာဘာကိုပြောတာလဲ?ဘယ်သူကကြည့်ခဲ့သေးလို့လဲ?"

ရွှဲ့ရှန်သည် မစဥ်းမစားပဲ ဒီအတိုင်းမေးလိုက်ခြင်းသာဖြစ်၏။ အစကတော့ ရွှမ်းမင်သည် ဒဏ်ရာကိုသာ စစ်ဆေးနေသည်ထင်၍ လုံးလုံးလျားလျား အာရုံမစိုက်ခဲ့။ ထိုစကားများကြားမှသာ လုနျယ်ချီ၏လက္ခဏာလမ်းကြောင်းများကို ကြည့်ရန်အလို့ငှာ အိတ်ကပ်၏အဝသို့ ကုပ်ကပ်တတ်လာတော့သည်။ တစ်ချက်ကြည့်မိပြီးနောက် ရွှဲ့ရှန်တစ်ယောက် ကျောချမ်းသွားသည်။

"လုရှီကျို"

နျယ်ချီပြန်ဖြေလာသည်။ အရင်တစ်ခါက စိုးရိမ်ပူပန်သွားပြီး ပျာယာခတ်ကာ ”ရှီကျို"ဟုခေါ်ခဲ့သည်မှလွဲပြီး အခြားအချိန်များတွင် လုနျယ်ချီသည် နာမည်အပြည့်အစုံ ခေါ်လေ့ရှိသည်။

"လက္ခဏာ...ကြည့်တာ?"

ကျန်းရှီနင်လည်း မအောင့်နိုင်တော့ပဲ ခေါင်းမော့လာသည်။ ရွှဲ့ရှန်ပြောပြခဲ့ပုံအရ လုရှီကျိုသည် မျက်မမြင်ဖြစ်ရာ ဘယ်လိုလုပ်ပြီး ကြည့်နိုင်မှာလဲ? ပြောရမယ်ဆိုလျှင် မျက်မမြင်သည် မြစ်လယ်ရှိကျွန်းငယ်ကို သွားမယ်ဆိုပြီး ရုတ်တရက် အကျိုးအကြောင်းချန်ထားခဲ့ကာ သူတစ်ဦးတည်း သူ့သဘောနဲ့သူသွားခြင်းအပေါ် ထူးဆန်းသည်ဟု ကျန်းရှီနင်အလျှင်ကတည်းက ခံစားခဲ့ရ၏။ ကျွန်းပေါ်ကို ရောက်သည်နှင့် ဘာလုပ်နိုင်မှာတဲ့လဲ? အနီးတစ်ဝိုက် မမြင်မစမ်း လိုက်စမ်းနေမှာလား?

လုနျယ်ချီသည် ဖိ၍ပြောလိုက်သော "ကြည့်တာ"ဆိုသည့်စကားကို ကြားသောအခါ မကျေမနပ်ဟန်နှင့်

"မျက်စိမမြင်ဘူးဆိုပေမယ့်လည်းသူ့ဟာသူလမ်းလျှောက်နိုင်တယ်...ပုံမှန်ထက်ပိုနှေးနေတာပဲရှိတယ်..အဲ့ဒါကလည်းသာမန်သူတွေမမြင်နိုင်တဲ့အရာတွေသူမြင်နိုင်တာကြောင့်..သူပြောတာကတော့အတွင်းအားနဲ့ပုံသဏ္ဍာန်တွေကိုမြင်နိုင်တယ်တဲ့..ကြားရတာကတော့အဓိပ္ပာယ်မရှိဘူး..ဘာပဲဖြစ်ဖြစ်သူပြောသမျှကိုငါနားမလည်ဘူး"

စကားဆုံးပြီးနောက် ရွှမ်းမင်ကို မေးလာသည်။

"လက္ခဏာလမ်းကြောင်းကဘာဖြစ်လို့လဲ?လုရှီကျိုလည်းပဲမကြာခဏဆိုသလိုငါ့လက်ကိုဆွဲပြီးအကြာကြီးထိကြည့်နေတတ်တယ်..ပြီးတော့လည်းတတွတ်တွတ်နဲ့..ငါသည်းမခံနိုင်တော့ပဲမေးလိုက်တော့ဘာမှမဟုတ်ဘူးလို့ပဲပြောတယ်..ပြီးရင်ငါကအသက်ရှည်ရှည်နေရမှာဖြစ်ပေမဲ့ငယ်စဥ်အချိန်မှာအခက်အခဲတွေကြုံရမယ်တဲ့..အဲ့တာမလို့ငါဘယ်လိုခက်ခဲဆင်းရဲတွေကြုံတွေ့ရမလဲဆိုတာကိုအကြားအမြင်ကြည့်ပြီးလှောင်ချင်လို့တဲ့"

ကျန်းရှီနင် ; "…"
ဘယ်လိုအစ်ကိုပါလိမ့်

ဒါပေမဲ့.....အသက်ရှည်တယ်?

ရွှဲ့ရှန်သည် ထိုလက္ခဏာလမ်းကြောင်းတွေကိုကြည့်ရင်း 'အသက်ရှည်တယ်'ဆိုသောစကားကို လုံးဝပင် နားမလည်နိုင်ဖြစ်နေ၏။

အနှီလုနျယ်ချီထံတွင် တိုတောင်းလှသောသက်တမ်းနှင့် စောလျင်စွာသေရမည့် ကံဇာတာသာရှိသည်။ လက်ဖဝါးထက် အကြောင်းသုံးကြောင်းသည် ကောင်းကင်၊ မြေကြီးနှင့် လူပုဂ္ဂိုလ်ကို ကိုယ်စားပြု၏။ အသက်လမ်းကြောင်းကို ကိုယ်စားပြုသော အကြောင်းသည် လက်ဖဝါးအလယ်မရောက်ခင် ရပ်တန့်သွားပြီး ထူးဆန်းစွာ တိုတောင်းလှ၏။ အသက်ရှည်တာကို ခဏထား၊ ဆယ့်ငါးနှစ်ကျော်နိုင်တာကိုပင် ကောင်းကင်ကိုကျေးဇူးတင်၍ မြေကြီးကိုထိုင်ရှိခိုးသင့်နေပြီ။ ရွှဲ့ရှန်တိတ်တဆိတ်ပဲ နျယ်ချီမျက်နှာကို ကြည့်ရန် ခေါင်းမော့လိုက်သည်။

အစကတော့ အာရုံမထားခဲ့သည်မို့ ယခုသေချာသတိထားကြည့်တော့မှသာ လုနျယ်ချီနဖူးထက်တွင် ကကြီးပုံသဏ္ဍာန်လမ်းကြောင်းရှိကြောင်း သတိထားမိသွားသည်။ မျက်လုံးနှစ်လုံးသည် အတော်ဝေးကွာနေရာ သူ့ပုံစံကို စိတ်မရှည်သောသူ ပုံစံပေါက်စေ၏။ နဖူးနှင့်မျက်ခုံးကြား၌ မှဲ့များကပျဲ့ကျဲနေသည်။ ထိုအရာများအားလုံးက သူ့ထံတွင် အလွန်တရာမှနည်းသောကံတရားရှိပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သေမည်ဖြစ်ကြောင်း ဖော်ပြနေသည်။

ဒါကိုလုရှီကျိုသည် ဘယ်ကဘယ်လိုများ အသက်ရှည်မည်ဆိုသောလက္ခဏာကို တွေ့သွားခဲ့တာလဲ?

သို့သော်လည်း ထိုကဲ့သောကံကြမ္မာအား တစ်ဦးတစ်ယောက်ကို တိုက်ရိုက်သွားပြောဖို့က လွယ်ကူလှသည်တော့မဟုတ်။

ရွှဲ့ရှန်တိတ်တဆိတ်ပဲ ခေါင်းပြန်လှည့်ကာ ကတုံးကိုကြည့်လိုက်သည်။

အနှီကတုံးထံတွင် လူသားတစ်ယောက်ပြောမည့် အတိုင်းအတာကို ကျော်လွန်ပြီး မသင့်တော်မလျှော်ကန်တာတွေကို ရှေ့မကြည့်နောက်မကြည့် ပြောတတ်သော အလေ့အထကရှိသည်။ 'သက်တမ်းမကျန်တော့ဘူး' ပြောလိုက်ရင်ဖြင့် ထိုကောင်စုတ် သေအောင်ကြောက်သွားလိမ့်မည်။

သို့ပေမဲ့ ကတုံးသည် ရုတ်တရက်အလင်းဝင်လာလိမ့်မည်ဟု ဘယ်သူကများ ကြိုတင်မှန်းဆမိမှာတဲ့လဲ? မထင်မှတ်ပဲ ပညာသားပါပါ ပြောတတ်နေပြန်သည်။ ပထမဆုံး သူမေးလာသည်က

"ဒီနှစ်မှာဆယ့်ငါးနှစ်ပြည့်တာလား?"

လုနျယ်ချီတုံ့ပြန်သည်။

"အင်း"

ရွှမ်းမင်ခေါင်းငြိမ့်ကာ

"ဒီနှစ်အတွင်းမှာဘေးရန်ပြဿနာတွေကိုရင်ဆိုင်တွေ့ရလိမ့်မယ်..ဘယ်သွားသွားသတိထားပါ"

ရွှဲ့ရှန်ကောင်းကင်ယံကို တစ်ချက်ကြည့်ပြီး နှလုံးသားထဲမှာ မေးမိသည်က ; ဒီနေ့နေအနောက်ဘက်ကထွက်လာတာလား? ဒါမှမဟုတ် ကတုံးဆေးမှားသောက်မိတာလား?

လုနျယ်ချီသည် လက်ပြန်ရုတ်လိုက်ပြီး

"အင်း..ငါသိတယ်..လုရှီကျိုလည်းအဲ့လိုပဲပြောတယ်"

"ဟုတ်သားပဲ! ခုနကဘာအကြောင်းကြောင့်အော်တာလဲ?"

လုနျယ်ချီ၏ သွေးများဖုံးလွှမ်းနေသောလက်နှင့် အာရုံများပြီး ရွှဲ့ရှန်ခမျာ မေးချင်တာတောင် မေ့တော့မလို ဖြစ်သွားခဲ့သည်။

"ဘာမှမဟုတ်ပါဘူး..."

လူငယ်သည်ရှက်သွားဟန်နှင့်

"လှေဘေးဘက်ခြမ်းမှာရပ်နေတုန်းလှေအောက်ကဖြတ်သွားတဲ့အမည်းရောင်ဘုတ်ထိုင်းတစ်ခုကိုငါရုတ်တရက်မြင်လိုက်ပြီးဆံပင်လို့ထင်သွားတာ..ရေမှော်ပင်တွေပဲနေမှာပါ..တကယ်သာဆံပင်ဆိုရင်လူခန္ဓာကိုယ်ပါရေပေါ်ပေါလောပေါ်နေမှာပေါ့..ရေအောက်မှာတစ်ဝက်ဘယ်မြုပ်နေမလဲ"

"ဘယ်လိုလုပ်သိတာလဲ?ရေထဲကအလောင်းမြင်ဘူးလို့လား?"

"အရင်တုန်းကမြင်ဖူးတယ်"

ရွှဲ့ရှန်အမေးစကားကို လုနျယ်ချီပြန်ဖြေလာသည်။

"မြစ်ကမ်းစပ်အနားမှာနေတဲ့သူကဒီလိုအရာမမြင်ဖူးဘူးဆိုတာဖြစ်နိုင်မလား?မြစ်ထဲကအလောင်းတွေကိုဆယ်ယူတဲ့သီးသန့်ရေလုပ်သမားတွေတောင်ရှိတယ်..ဒီနှစ်မှာဆိုရင်ဆယ်ယူခဲ့တဲ့အလောင်းအရေအတွက်ကထူးထူးခြားခြားအများအပြားပဲ..ဆောင်းဦးနှင့်ဆောင်းရာသီနှစ်ကာလတည်းနဲ့ပဲငါးယောက်အောက်မလျော့ဘူး"

ဘေးတွင်နားထောင်နေသော ကျန်းရှီနင်သည် မျက်မှောင်ကျုံ့ရင်း လှိုင်းမူးတော့မလိုတောင် ဖြစ်လာ၏။

မြစ်တစ်လျှောက် ကျဆင်းနေသော နှင်းမုန်တိုင်းသည် ပို၍သည်းထန်လာကာ အဆုံးမရှိ ခမ်းနားထည်ဝါသော အဖြူရောင်လွင်ပြင်ကို ဖန်တီးလျက်။

Copper Coins《铜钱龛世》Where stories live. Discover now