ဒီလိုနှင့် မိဘမဲ့ဂေဟာတွင် လှူတာတန်းတာများ ပြုလုပ်ပြီးနောက်
မိုးစက်မှ "ဇွန်လေး ဦးဦးတို့ ခဏနေပြန်ရတော့မယ်၊ သမီးလေးကို လွမ်းနေရတော့မှာပဲ"
ယခုတကြိမ်မှ စဆုံသော်လည်း မြင်မြင်ချင်းကတည်းကပဲ ဒီကလေးမလေးကို တိမ်ညိုကော မိုးစက်ပါ ချစ်သွားရင်း သံယောဇဥ်တွယ်သွားကြပြီဖြစ်သည်။
"ဟုတ်ကဲ့ရှင့် နောက်လည်း သမီးဆီကိုထပ်လာလည်ပါနော်၊ သမီးမျှော်နေမှာ"
တိမ်ညိုမှ "စိတ်ချ ဦးဦးတို့က သမီးလေးဆီကို အမြဲလာလည်မှာ ဟုတ်ပြီလား"
ထိုသို့ပြောနေရင်း မနီးမဝေးတနေရာရှိတိမ်ညို့အမေမှ
"ဟဲ့ သားတို့ရေ ပြန်ကြမယ် လာလာကားပေါ်တက်ကြတော့"
မိုးစက်မှ "ကဲ သမီး ဦးဦးတို့ သွားရတော့မယ်၊ ပြီးတော့ ဦးဦးတို့က သမီးကို အမြဲသတိရနေမှာနော် ဟုတ်ပြီလား"
ထိုအခါ ကလေးမလေး၏ ဝိုင်းစက်လှသည့် မျက်ဝန်းလေးမှာ မျက်ရည်များစို့နစ်လာလေသည်။
"သမီး မငိုရဘူးနော်၊ သတ္တိရှိရမယ်ဟုတ်ပြီလား၊ နောက်လည်း ဦးဦးတို့က သမီးဆီကိုအမြဲလာလည်မှာပဲလေနော်...လာ ဦးဦးကို ဖက်ပြီး အာဘွားပေးပါဦး"
တိမ်ညိုမှလည်း "ဟုတ်တယ် နောက်တခါကျရင် ဦးဦးတို့က သမီးအတွက် မုန့်တွေအများကြီးယူလာမှာ...ဦးဦးကိုလဲ အာဘွားပေးပါဦး"
"အမလေး သမီးလေးက ချစ်ဖို့ကောင်းလိုက်တာ၊ ကဲ ဒါဆို ဦးဦးတို့ သွားပြီနော်...နောက်နေ့ ထပ်လာလည်မယ်၊ တာ့တာ..."
တိမ်ညိုကောမိုးစက်ကောပါ ကလေးမလေးကို လက်ပြနှုတ်ဆက်၍ ကားပေါ်သို့ တက်လာခဲ့ကြတော့သည်။
ကားစထွက်လာပြီး ဇွန်ဝသာန်လေးကတော့ တိမ်ညိုတို့ကို လက်ပြနှုတ်ဆက်လျက် မြင်ကွင်းထဲတွင် ပျောက်ကွယ်ကျန်ရစ်ခဲ့လေတော့သည်။
တိမ်ညို့အမေရုံးသို့ရောက်လာတော့
"ကဲ သားတို့ ဒီကနေပဲ Taxi ငှားပြီး ပြန်လိုက်ကြတော့၊ အမေက ရုံးမှာလုပ်ရမဲ့ အလုပ်တွေရှိသေးလို့"
