အခန်း ၂၃.၂[မျက်မမြင်ဟူးရား ၆]

2.5K 567 25
                                    

Unicode

ရွှမ်းမင်သည် အုတ်ဂူစောင့်သားရဲနှစ်ကောင်ကို ဖြတ်ကျော်ကာ တစ်ဝက်ဟနေသော ကျောက်သားတံခါးကို တွန်းဖွင့်လိုက်၏။

သစ်သားတံခါးဆိုသည်မှာ မည်မျှပင်အိုမင်းနေပါစေ တွန်းဖွင့်သောအချိန်တွင် ကျီကနဲအသံသာ ပေးလိမ့်မည်။ ကျောက်သားတံခါးကတော့မတူ။ တွန်းဖွင့်လိုက်သောအခါ ကျောက်သားတံခါးနှင့် မြေပြင်အချင်းချင်း ပွတ်တိုက်မိသော နားမခံသာသည့်အသံများက ထွက်ပေါ်လာသည်။ တန်ပြန်ရိုက်ခတ်လာသော အသံများသည် တိတ်ဆိတ်နေသောလှိုဏ်ခေါင်းအတွင်း ဟိန်း၍မြည်ဟီးလာ၏။ အနက်အရွယ်အစား မမှန်းဆနိုင်သော ဂူသင်္ချိုင်းအတွင်း ကြိမ်ဖန်များစွာ ပဲ့တင်ထက်နေရာ ကျန်းရှီနင်လည်ပင်းနောက်ရှိ ဆံပင်မွှေးများ ထိုးထောင်လာသည်။

လုနျယ်ချီသည် ဆီးသွားချင်နေသလိုမျိုး ခြေထောက်နှစ်ချောင်းကို ပူးကပ်ထား၏။ သို့ရာတွင် သူသည် အားနည်းချက်ကို ဘယ်တော့မှ ဝန်ခံတတ်သောသူမဟုတ်။ နောက်ဆုတ်ခြင်းမရှိသလို ခန္ဓာကိုယ်ကိုတောင့်တင်းလျက် ရှေ့နှစ်လှမ်းတိုးလိုက်သည်။

အတိတ်နိမိတ်မကောင်းသော နေရာဒေသမျိုး၌ အရှေ့ကလျှောက်လျှင် လုံခြုံမည်လော ဒါမှမဟုတ် အနောက်ကလျှောက်လျှင် ပို၍လုံခြုံမည်လော ဘယ်သူမှ သိမြင်နိုင်သည်မဟုတ်။

တံခါးသည် တစ်လျှောက်လုံးပွင့်သွားတော့မည့်အချိန်တွင် တစ်စုံတစ်ရာနှင့် တိုက်မိသွားသကဲ့သို့ အသံထွက်ပေါ်လာသည်။ ရွှမ်းမင်ထပ်၍ တွန်းကြည့်ပေမယ့် တစ်ခုခုနှင့်ညပ်နေသလိုမျိုး တွန်းမရဖြစ်နေသည်။

"တံခါးနောက်မှာတစ်ခုခုရှိနေတယ်!"

ကြောက်လန့်တကြား ထပြောလာသော လုနျယ်ချီသည် အသံကတုန်ယင်နေသည်ကိုလည်း ကြိုးစားထိန်းနေရ၏။

ရွှမ်းမင်သည် တံခါးအနောက်ကိုကြည့်ရန် အလျင်လိုခြင်း စိုးစဥ်မျှမရှိ။ ပထမဦးဆုံး လက်ထဲရှိမီးတောက်ကို အသုံးပြုကာ အရှေ့မှမြင်ကွင်းတစ်လျှောက်ကို အလင်းပို့လိုက်သည်။

"အမလေးလေး..."

လုနျယ်ချီအသံ လွှတ်ကနဲ ထွက်သွားသည်။

Copper Coins《铜钱龛世》Where stories live. Discover now