အခန်း ၂၄[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၁]

2.5K 574 24
                                    

Unicode


ရုတ်ချင်းပင် ဝန်းကျင်တစ်ခုလုံး မှောင်ကျသွားရာ လူတိုင်း၏ခြေလှမ်းများလည်း ရပ်တန့်ကုန်သည်။

ကျန်းရှီနင်နှင့် လုနျယ်ချီနှစ်ဦးသည် အေးစက်နေသောလေထုကို ရူသွင်းမိလိုက်ကြသည်။ အမောတကော ပင့်သတ်ရှိုက်မိကြသည်ဖြစ်ရာ လေထုသည် လည်ချောင်း၌ တစ်ဆို့နေတော့၏။ တက်လည်းမတက် ဆင်းလည်းမဆင်းပဲ ငြိမ်နေသောလေထုကြောင့် အသံမထွက်နိုင်ကြ။

ကျောက်သားတံခါးဖွင့်လိုက်ရာမှ တိုးဝင်လာသော လေငွေ့သည် အေးစက်နေပြီး လူတိုင်းမျက်နှာထက် ဝင်ရိုက်တော့သည်။ မဖော်ပြနိုင်သော အစိုဓာတ်နှင့် ပုတ်ဆွေးနေသော အနံအသက်များက ညစ်ပတ်ရွံရှာဖွယ်ကောင်းလှသည်။ ခေါင်းများကြီးလာသကဲ့သို့ပင် အကျောအချင်များ ကျဥ်တက်လာကြသည်။

အပြုတ်ခံနေရသောရွှဲ့ရှန်ပင် အအေးဓာတ်အနည်းငယ်မျှကို ခံစားမိရာ ငန်းဖျားတက်ကျပ်ပူတိုက်နေသောအချိန်တွင် လေအေးဖြတ်တိုက်ခြင်းသည် တိတိပပတော့ မအေးချမ်းသွားပေမယ့်လည်း မဆိုးလှဟု တွေးတောနေမိသည်။ သို့သော်ငြား ရေနွေးအိုးအား အပူသက်သာစေရန် ရေခပ်ထုတ်လိုက်ပြီးမှ ပြန်ထည့်လိုက်သလိုပင်။ လေတစ်ကြိမ် ဖြတ်သွားပြီးသည်နှင့် ပြန်လည်ပူလောင်လာတော့သည်။

သာမန်လူအများသည် ဤလောက်ပူလာပြီဆိုလျှင် ဦးနှောက်ပျက်သွားကြလိမ့်မည်။ ရွှဲ့ရှန်မှာလည်း ချွင်းချက်မရှိ။ အရှေ့အနောက်လိမ့်ရင်း ဘယ်လိုဘယ်ပုံနှင့် အိတ်ကပ်အတွင်းမှ ခုန်ထွက်ရင်ကောင်းမလဲ မိန်းမောတွေဝေလျက် ကြံဆနေတော့သည်။ အသက်ရူမျှ လေညင်းဆိုလည်း အဆင်ပြေသည်။ ဤအချိန်မှာတော့ မျက်နှာပျက်ခြင်းမပျက်ခြင်းလည်း အာရုံမထားနိုင်တော့။ ထို့အစား တွဲခိုဖက်တွယ်ဖို့ရာ ရွှမ်းမင်မှ ဘာကြောင့်များ လက်ချောင်းတစ်ချောင်းကိုတောင် အိတ်ကပ်အတွင်း မထည့်ပေးနိုင်ရတာလဲဆိုပြီး အကြောင်းမဲ့ ညည်းတွားနေမိသည်။

စိတ်နဲ့ကိုယ်နဲ့ မကပ်တော့တာကြောင့် နှစ်ချို့အကောင်သည် အတွင်းမှာညည်းတွားနေသလိုပဲ ပါးစပ်ကအလဟဿတော့မဟုတ်။ တတွတ်တွတ် ရေရွတ်နေသည်။ မရည်ရွယ်ပါပဲ မသိစိတ်မှဖြစ်ပေါ်လာသော အတွေးများနှင့် ဆင်ခြင်သုံးသပ်ချက်များကို ထုတ်ဖော်ပြောဆိုမိနေခြင်းဖြစ်သည်။ သို့သော်ငြား အသိစိတ်မကပ်ခြင်းကြောင့် ပါးစပ်ကလည်းထုံထိုင်းနေသည်။ အဘွားအိုတစ်ဦးနှယ် တူညီသောစာကြောင်းကို ပြောင်းလဲခြင်းမရှိ ထပ်ခါထပ်ခါ ရေရွတ်နေတော့သည်။

လေအေးဖြတ်သွားသည်နှင့် မီးငြိမ်သွားသည်ဖြစ်ရာ ကျန်းရှီနင်နှင့် လုနျယ်ချီသည် ခေါင်းတလားအတွင်းမှ အလောင်းကောင်များနှယ် တောင့်တင်းလျက် ငြိမ်ကျသွားကြသည်။

အကျိုးဆက်မှာ လူအများကို တုန်လှုပ်စေသော လေအေးနှင့်အတူ တွဲပါလာသည်က ကွဲပြားသောအခြေအနေကို ဖန်တီးမည့် တီးတိုးရေရွတ်သံ ခပ်ဖျော့ဖျော့သာဖြစ်သည်။

"အဲ့တာဘာသံလဲ?"

လုနျယ်ချီအသံသည် တုန်ယင်နေ၏။

"ဘယ်ကလာတာလဲ?"

"ဆရာတော်..မီးပြန်ထွန်းပေးပါလား?"

ကျန်းရှီနင်သည် ကြောက်လန့်တကြား အဆိုပြုလာ၏။

ရုတ်ချင်းရောက်ရှိလာသော အမှောင်ထုသည် အရာအားလုံးကို ဖုံးကွယ်သွားရာ ကျန်သူများပျောက်ဆုံးသွား၍ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့သလိုပင်။

လွန်စွာတိတ်ဆိတ်နေသော ညနက်သန်းခေါင်ယံတွင် သိမြင်စိတ်များသည်လည်း မျက်စိလည်လမ်းပျောက်နေလိမ့်မည်။ ခပ်ဝေးဝေးမှဆူညံသံများသည် နားရွက်အနားကပ်၍ ကြားရသောအသံကဲ့သို့ အကွာအဝေးနှင့် တည်ရှိရာ မှန်းဆရန် ခဲယဥ်းလှ၏။

ဖျော့တော့တော့ တတွတ်တွတ် ရေရွတ်သံများကို ရွှမ်းမင်အစဦးစ ကြားရစဥ်တွင် လက်ကလည်း အင်းစာရွက်ကို အဆင်သင့်ပြင်မိသွားသည်။ တခဏအကြာမှာ အိပ်ပျော်နေရင်း ယောင်နေသောအသံကဲ့သို့ ရေရွတ်သံများသည် ခါးထက်ရှိ အိတ်အတွင်းမှလာကြောင်း သတိပြုမိသွား၏။

ဒီမကောင်းဆိုးဝါးဘာမဟုတ်တာတွေကြံစည်နေပြန်တာလဲ?

ရွှမ်းမင်မျက်မှောင်ကျုံ့လျက် မပီပြင်ဝိုးတဝါးအသံကို နားစိုက်ထောင်လိုက်သည်။ ဥမှပေါက်ဖွားသောအကောင်သည် တစ်ခုတည်းကိုသာ ထပ်ခါထပ်ခါရေရွတ်နေ၏—"ကတုံး"။ တဝီဝီနှင့် ပျားထီးအတိုင်းပင်။

ရွှမ်းမင် ; “…”
ဒီတစ်ကြိမ်ဘာဖြစ်ပြန်ပြီလဲ?

အကူအညီပေးလိုခြင်းလည်း မရှိသလို ထူးလည်းမထူးလို၍ လှစ်လျူရှုပြီး အင်းစာရွက်အသစ်ကို မီးအသစ်မွှေးရန် ဟန်ပြင်လိုက်သည်။

မီးစဆွဲသည်နှင့် ဝှစ်ကနဲမြည်ကာ ငြိမ်းသက်သွားပြန်သည်။

"အချိန်မဖြုန်းနဲ့..မီးတောက်မှာမဟုတ်ဘူး"

လုရှီကျိုသည် ခပ်ပြတ်ပြတ်ပြောကာ အားစိုက်ထုတ်လျက် ကျောက်သားတံခါးကို တစ်ဖက်သို့ အဆုံးတိုင် တွန်းဖွင့်လိုက်၏။

ဘေးပတ်ပတ်လည်တွင် ဟင်းလင်းပြင်နှယ် ပိတ်ပိတ်မှောင်နေပြီး တံခါးအတွင်းဘက်မှာတော့ ငွေရောင်တဖျက်ဖျက် တောက်ပနေသည်။

မီးသွေးပေါ်တွင် ဆီးနှင်းခပ်ပါးပါး တစ်ထပ်အုပ်နေသကဲ့သို့ မှုန်ဝါးဝါးအလင်းရောင်မျှသာဖြစ်ပြီး တစ်ဦးတစ်ယောက်၏အသွင်ကို ဝိုးတဝါးမြင်ရရုံလောက်သာ။

လုရှီကျိုသည် အရှေ့မှဦးဆောင်ပြီး အသံတစ်သံမှမထွက်ပဲ တန်းတန်းလျှောက်သွားသည်။ ရွှမ်းမင်သည် ခါးထက်တွင် လှည့်ပတ်သွားလာနေသော အရင်းခံကို အပြင်မှဖွဖွပုတ်ကာ ကျန်းရှီနင်နှင့် လုနျယ်ချီကို လှည့်ကြည့်ခြင်းအလျှင်းမရှိပဲ အမိန့်ပေးလိုက်သည်။

"အနားကပ်နေ"

စကားဆုံးသည်နှင့် ကျောက်သားတံခါးကိုဖြတ်ကာ အတွင်းသို့ ဝင်သွားသည်။

ကျန်းရှီနင်နှင့် လုနျယ်ချီသည်လည်း အဖွဲ့တွင် တစ်ဦးတည်း နောက်ကျန်ခဲ့မည်စိုး၍ ကတိုက်ကရိုက် လိုက်ပါလာတော့သည်။

တံခါးလှေကားထစ်ကို နှစ်ဦးသားဖြတ်နင်းသွားသည်နှင့် တစ်မျိုးသောကျောက်တုံးကို နင်းလိုက်မိသလိုမျိုး လုနျယ်ချီ ခံစားမိလိုက်သည်။ တစ်ချက်ယိုင်သွားကာ အလွန်တရာမှ ကျယ်လောင်သော ပွတ်တိုက်သံများနှင့်အတူ ကျောက်သားတံခါးသည် ချိန်းကနဲပိတ်သွားတော့၏။ အလန့်တကြားဖြစ်သွားသော လုနျယ်ချီသည် ဆီးပင်သွားမိပြီလားတောင် ထင်နေမိတော့၏။ ပြေးစရာ မြေကလည်းမရှိ။

တံခါးအတွင်းဘက်တွင် ခပ်ဖျော့ဖျော့အလင်းရောင် ရှိနေသေးသော်ငြားလည်း မှောင်ဆဲကမှောင်နေမြဲ။ အနှီနေရာသည် မည်မျှပင်ကြီးမားကြောင်း၊ ဘေးပတ်လည်တွင် မည်သည်များရှိကြောင်း၊ ခြေထောက်အောက်ကော ခေါင်းထက်ပါမကျန် မည်သည်များရှိကြောင်း ပြောနိုင်ခြင်းမရှိ။

"နေပါဦး..အပေါ်မှာအပေါက်တွေရှိနေတာလား?"

ကျန်းရှီနင်သည် မျက်နှာမော့လျက် လက်ညှိုးညွှန်ရင်း ရုတ်တရက် စကားဆိုလာသည်။

အပေါ်မှာအပေါက်တွေရှိနေတာလား?

အပေါက်တွေရှိနေတာလား?

ရှိနေတာလား?

Copper Coins《铜钱龛世》Where stories live. Discover now