Part 22

1.2K 240 27
                                    

Unicode

အခန်းထဲကထွက်လာသည့်အချိန်တွင် ရဲများက စစ်ဆေးစရာမေးခွန်းများရှိသည်ဟုဆိုသောကြောင့် နာရီဝက်လောက် အချိန်ပေးရသေးသည်။

ဘာမျှလည်းသိပ်များများစားစားမရှိ။ အဖွားနှင့် ပတ်သက်သည့် ဆွေမျိုးအသိုင်းအဝိုင်းတစ်ချို့နှင့် သူမ၏ နေ့စဥ်မပြတ် အပြုအမူတို့သာ။ အဖွားထံတွင် အိမ်ထောင်ဖက်လည်း မရှိသလို သားသမီးတွေလည်းမရှိသော်ငြား မောင်နှမတွေ ရှိသည်ဟုတော့ ကြားဖူးသည်။ မောင်နှမတွေထဲ အဖွားက အငယ်ဆုံး ဖြစ်သည့်အလျောက် တစ်ယောက်တည်းခွဲနေသည်မို့ ယခုလောက်ဆို တူတွေ တူမတွေသာ ကျန်တော့လောက်မည်ပင်။

"သူ့မောင်နှမတွေနဲ့ရော ဘခ်ဟျွန်းရှီး အဆက်အသွယ်ရှိလားဗျ"

ဘခ်ဟျွန်းခေါင်ခါပြလိုက်သည်။ ဒါတွေတောင် အဖွားနှင့်ပျင်းတိုင်း စကားပြောနေကျမို့ သိရခြင်းဖြစ်ပြီး ဆက်သွယ်စရာ အကြောင်းလည်း ဘခ်ဟျွန်းတွင်မရှိ။ ရဲသားက တစ်ချက်တော့ အလိုမကျဖြစ်သွားပေမယ့် နောက်မေးခွန်းတွေ ဆက်တိုက်ပြောင်းမေးလာ၏။ အများစုကတော့ မလိုမုန်းတီးသူများ ရှိနေသလားဟူသည့် ဦးတည်ချက်ဖြင့်။

အဖွားကအပေါက်ဆိုးသည်။ အကျင့်ပိုင်းတော့ ကောင်းကြောင်း အမြဲလိုလိုရင်းနှီးခဲ့ရသည့် ဘခ်ဟျွန်းကသာ ပိုသိသည်။ သို့ဆိုတိုင်း အများစုကတော့ ထိုသို့မမြင်ကြ။ မလိုမုန်းတီးသူဟူ၍ မရှိသော်ငြား ကတောက်ကဆ စကားများဖူးသူများဆိုလျှင်တော့ ထိုအဖွား အိမ်ငှားတွေအကုန်လုံးကို လက်ညှိုးထိုးပြရမလိုပင်။

အကြီးအကျယ် ရန်ဖြစ်သည်တော့မဟုတ်။ လူကြီးပီပီ ဆရာလုပ်သည်၊ ဆုံးမသည်၊ ရှေးရိုးစွဲသည်။ ထိုမျှသာ။

"ဘခ်ဟျွန်းရှီးအတွက် အဖွားရင်းလိုဖြစ်ခဲ့တာပဲ၊ ပင်ပန်းမှာပေါ့"

မေးနေရင်း အလိုက်တသိ ဆိုလာမှုကို ခပ်ဖျော့ဖျော့အပြုံးဖြင့်သာ တုံ့ပြန်မိသည်။ ပုခုံးတစ်ဖက်ပေါ် ဖိတင်ကာ အားပေးသည့်အလား နှစ်ချက်ပုတ်သည်။

"ကျွန်တော့် အခန်းမှာရော... နေလို့ရရဲ့လားမသိဘူး"

အမှုတွေဖြစ်နေသည်မို့ မေးမိခြင်းသာ။

The LOEYWhere stories live. Discover now