Part 26

1.3K 245 16
                                    

Unicode

ရုပ်ရှင်ကြည့်ချင်သည်ဟုဆိုသည်က လက်စသတ်တော့ အနီးအနားက ရုံတစ်ခုကိုတွေ့လိုက်၍ ပြောသည့်ပုံ။ ကားဖြင့်မသွားလိုက်ရ၊ လမ်းအနည်းငယ် လျှောက်ရုံနှင့်ပင် လူစည်ကားနေသော ရုပ်ရှင်ရုံငယ်တစ်ခုကို တွေ့လိုက်ရသည်။ ဇာတ်ကားတွေကို ချန်းယောလ် သိပ်မသိသည့်အပြင် ကြည့်ချင်သူက ဘခ်ဟျွန်းသာမို့ သူ့ကိုသာ ရွေးခွင့်ပေးထားလိုက်သည်။ လက်မှတ်ဝယ်ပြီးသည်နှင့် အနည်းငယ်လိုနေသေးသော အချိန်ကြောင့် မုန့်စားချင်သည်ဆိုကာ ပြေးထွက်သွားသောနောက် လိုက်ရသည်။ ခြေကတိုသလောက် ပြေးတာကတော့ ခုန်ဆွခုန်ဆွနှင့်၊ တကယ်ကို လူကြားထဲပျောက်လွယ်သည်မို့ ချန်းယောလ်မှာ အကြည့်လွှဲ၍မရ။

"အထဲမှာဝယ်လည်းရတာပဲ မဟုတ်လား"

ရုပ်ရှင်ရုံထဲမှာလည်း မုန့်တွေရောင်းသည်ကို အပြင်ကိုတကူးတက ထွက်ဝယ်၍ မေးမိခြင်းသာ။ ချန်းယောက်စကားကိုကြားတော့ လှည့်ကြည့်လာရင်း စူပုပ်ပုပ်ဆိုသည်။

"အဲ့ဆိုင်တွေက အဆမတန်စျေးတင်ရောင်းတာမို့လို့ မဝယ်ချင်လို့ ။ အပြင်ဆိုင်တွေက ပိုစျေးသက်သာတယ်လေ"

"စျေးသက်သာတာထက် မင်းသက်သာတာ ပိုရွေးသင့်တယ်။ အပြင်ဘက်က နေပူတယ်"

တမင်တကာ အရိပ်ရစေရန် သူ့ခန္တာကိုယ်ဖြင့် ကွယ်ရပ်ထားပေးရသည်ကိုတော့ ထည့်မပြောတော့။ ထို့အပြင် တန်းစီနေရသော လူတန်းကြီးကြောင့် ပိုစိုးရိမ်တာလည်းပါသည်။ ဘခ်ဟျွန်းကတော့ သိသိသာသာ သက်ပြင်းချပြသည်။

"ကပ်စေးနည်းတာ မဟုတ်ပါဘူး၊ သူ့ကုန်ပစ္စည်းနဲ့သူ တန်ရာတန်ကြေး စျေးများတာက ပြဿနာမရှိပေမယ့် သူတို့က မတန်မဆကြီး တင်ထားတာလေ၊ အပြင်နဲ့အထဲလေးကွာတာနဲ့ကို နှစ်ဆလောက်မြင့်နေပြီ၊ ပြောရရင် တမင်မဝယ်ချင်လို့လည်း ပါပါတယ်"

စူပုပ်ချင်လာသော ရုပ်လေးကြောင့် သဘော ဟူသည့် အတွေးဖြင့်သာ ချန်းယောလ် ဘာမှဆက်မပြောတော့။ နေပူထဲ ရပ်တာနည်းနည်းလောက် ကြာသည်နှင့် အရေပြားတွေ ရဲတက်လာတတ်သော ကောင်လေးကိုသာ နေရှိန်ကနေ ကွယ်ရပ်ပေးထားလိုက်သည်။ ဤပုံစံနှင့်သာဆို တန်းစီနေရာကနေပဲ နေရောင်ကြောင့် အရေပြားတွေ နီရဲလာမည်ကို စိုးရိမ်ရသည်။ စိတ်ပူပန်မှုက အဆုံးစွန်မို့ မသိမသာအကာအကွယ် စည်းခြုံလိုက်သည်က ဘခ်ဟျွန်းတစ်ယောက်တည်းထံ။ အပူကိုစုပ်ယူနိုင်နေသည့် ခန္တာကိုယ်ပီပီ နှစ်ယောက်စာအပူဒဏ်ကို ချန်းယောလ်ခံနေလိုက်ပြီး ဘခ်ဟျွန်းကိုတော့ အပူဒဏ်မှတစ်နည်း ကာကွယ်ပေးနိုင်သည်။ ဘာပဲဖြစ်ဖြစ် သူပင်ပန်းတာမှ မဟုတ်တာ။

The LOEYWhere stories live. Discover now