''ဘရှိန်ရဲ့မြိုင်''

10.1K 1K 45
                                    

Unicode

ဆောင်းဦးအကုန် လေရူးသည် ညင်းညင်းသာသာ နွဲမြူးလို့ ဆော်သွေးနေ၏။ တစ်ချက်၊ တစ်ချက် ပျံ့လွင့်လာသော ပန်းရနံ့တို့သည် ရန်ကုန်မြို့ အလယ်ရှိ ''မေတ္တာရပ်ဝန်း'' ခြံကြီး၏ ဝန်းကျင်၌ လွှမ်းခြုံနေသည်။

"မယ်ဆင့်ရေ. . .နင့် မမလေးကို နှိုးပါတော့လား၊ တကတဲ ဘယ်အချိန်ထိများ အိပ်ဖို့ကြံစည်နေတာလဲ၊ ဒီနေ့က တယ်အရေးကြီးတယ်ဆိုတာ သူမသိဘူးလား''

ရာဇဝတ်အုပ်ကတော်ဟောင်း ဒေါ်သန်းမြိုင်၏ အသံသည် နှစ်ထပ်ဆင့် တိုက်အိမ်ကြီး သာမက ခြံဝန်းတစ်ခုလုံး ဟိန်းသွားစေသည်အထိ ကျယ်လောင်လှ၏။

တံခါးရှေ့က ငိုက်မျဉ်းနေသော မာလီကုလားလေး အဘာ သည်ပင် မျက်လုံးအစုံ ပွင့်သွား လေသည်။

ခင်ပွန်းသည် ရာဇဝတ်အုပ် ဦးသာလွန်း တစ်ယောက် မကြာသေးခင်က ကွယ်လွန် သွားလေရာ ဒေါ်သန်းမြိုင်သည်လည်း လတ်လတ်ဆတ်ဆတ် မုဆိုးမ ဖြစ်သွားသည်။

အရွယ်အားဖြင့် လေးဆယ်ဝန်းကျင်ပဲ ရှိကာ ဆယ့်ရှစ်နှစ်အရွယ် လွန်းမြိုင်ဟု ခေါ်သော သားတစ်ယောက်နှင့် နှစ်ဆယ့်တစ်နှစ် အရွယ် လွန်းမေဟုခေါ်သော သမီးတစ်ယောက် ကျန်နေခဲ့၏။

သူမ၏ သား၊ သမီးနှစ်ယောက်စလုံးသည် အထက်တန်းပြီးမြောက် အောင်မြင်ထားသည်။ ကောလိပ်ပညာကိုတော့ အခွံသာရှိ၍ အဆံမရှိသော ဘဝတွင် နေရသည်မို့ ဒေါ်သန်းမြိုင် မပို့နိုင်ခဲ့ပေ။

ရည်မှန်းချက် ကြီးမားသော သူမက ဘုရားဖြစ်မယ့် အုတ်နီခဲကျိုးလို ရိုးသားသူ ခင်ပွန်းသည်ကို မည်သည့်အခါမှ အမြင်မကြည်ခဲ့ပေ။ သူတော်ကောင်းကြီး ဆုံးပါး ပြီးနောက် ဒေါ်သန်းမြိုင်တွင် အဖတ်တင် ကျန်နေခဲ့သည်မှာ မင်္ဂလာဦးလက်ဖွဲ့ ဆွဲကြိုး တစ်ကုံးနှင့် လက်ကောက်နှစ်ကွင်းသာ ရှိသည်။

ဤအိမ်ကြီးသည် သူမ၏ ပွဲစားလုပ်ငန်း လုပ်ကိုင်သော ကြွယ်ပိုးကြွယ်ဝ မိဘများထံမှ အမွေဆက်ခံရခဲ့ခြင်း ဖြစ်သည်။

One Shots by Heather (Myanmar Colonial Era)Where stories live. Discover now