part10(z+u)

2.5K 317 19
                                    

အေးစိမ့်စိမ့်လေထုရယ် ဟစ်ကြွေးနေသော ငှက်ကလေးများရဲ့ တေးသံရယ် ပြီးတော့ ဆိုင်ကယ်သံတွေရယ်ကြောင့် သော်စစ် အိပ်မောကျနေရာမှ လူးလိမ့်လာတော့သည်။ မျက်လုံး နှစ်ဖက်ကို ပွတ်သပ်ပြီးနောက်တွင် သူ၏ ဆံပင်တိုတိုများကြားထဲသို့ လက်ထိုးထည့်၍ ကုတ်လိုက်၏။ ထို့နောက် ခါးကြော ဆန့်ကာ ပျင်းရိစွာဖြင့် သန်းဝေလိုက်ပါသည်။

" ဘယ်အချိန်ရှိပြီလဲ "


စေ့ပိတ်ထားသည့် ပြတင်းတံခါးရှိ အက်ကွဲနေသော နေရာလေးများကြားမှ ထိုးဖောက်ဝင်ရောက်လာသော အလင်းရောင် စူးစူးတို့ကြောင့် သော်စစ်၏ အခန်းငယ်လေးဟာ အတော်အသင့် လင်းထိန်နေသည်။ နေပွင့်ပြီဆိုတော့ အချိန်မနည်းတော့ဘူးဟု သူတွေးလိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ လက်ပတ်နာရီလေးကိုယူ၍ ကြည့်လိုက်မိ၏။



" ၁၀ နာရီတောင် ထိုးပြီးပြီလား "

သော်စစ်သည် အနည်းငယ်တော့ အံ့အားသင့်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် သူ ဒီရွာ ရောက်သည်မှစ၍ မနေ့ကအချိန်ထိ ဤသို့ အိပ်ယာထနောက်မကျဖူးပါ။ ပုံမှန်အားဖြင့် မနက် ၆နာရီဆို သူနိုးတတ်သည်။ သို့ပေမယ့် ယနေ့တော့ မနေ့ညက ခေါင်ရည်ကြောင့် အိပ်ယာထနောက်ကျခြင်းဖြစ်လိမ့်မည်။ မနေ့ညက သူအရမ်းသောက်ခဲ့တာဖြစ်ပြီး တွက်ဆကြည့်လျှင် သူချည်းပဲ သုံးဘူးလောက်ရှိမည်။ အိပ်ယာထနောက်ကျခြင်းကြောင့် အချိန်ဆွဲမနေတော့ဘဲ အိပ်ယာသိမ်း၍ မျက်နှာသစ်ကာ ကိုယ်လက်သန့်စင်လိုက်သည်။ အိမ်ထဲတွင်တော့ ဒီဇင်ဘာ၏ အရိပ်အယောင်ကိုမတွေ့ရ။ ဒီအချိန်ဆိုလျှင် ကျောင်းရောက်သွားရောပေါ့ ဟု တွေးတော၍ မနက်စာစားရန် မီးဖိုခန်းသို့ ခပ်သွက်သွက်သွားလိုက်၏။

မီးဖိုခန်းသို့ ရောက်သောအခါ ထမင်းစားပွဲပေါ်ရှိ အုပ်ဆောင်းအထပ်၌ တိပ်ဖြင့် ကပ်ထားသော စာတစ်ဆောင်ကို သူတွေ့လိုက်ရသည်။



***ကျောင်းမှာအစည်းအဝေးရှိလို့ ညနေအိမ်ပြန်နောက်ကျမယ်နော် ။ အုပ်ဆောင်းထဲမှာ တိုဖူးသုပ်နဲ့ ထမင်းကြမ်းရှိတယ် ။ ကော်ဖီအတွက် ဓာတ်ဘူးထဲမှာ ရေနွေးအသစ်ထည့်ထားခဲ့တယ် ။ နေ့လည်စာအတွက် ကြောင်အိမ်ထဲမှာ ချက်ထားပြီးပြီ မင်းစားတဲ့အချိန် အေးနေရင် ပြန်နွှေးစားလိုက်နော် ချစ်တယ် ***



အချစ်ဦး (အခ်စ္ဦး) (Completed )Where stories live. Discover now