အခန်း ၃၀[ထွင်းထုထားသောသော့ခလောက် ၂]

2.3K 598 89
                                    

Unicode

နဂါး၏ခန္ဓာကိုယ်သည် အကြေးခွံများဖြင့် ဖုံးကာထားပြီး နောက်ကျောပိုင်းသည် အလွန်မာကျောသည်ဖြစ်ရာ အပြင်ဘက်တွင် ကျောရိုးထိုးထွက်နေသည့်နှယ်။ ခေါင်းမှအမြီးအထိ အကြေးခွံများသည် ကြီးစဥ်ငယ်လိုက်စီတန်းနေ၏။ နောက်ကျောမှ အကြေးခွံတစ်ချပ်ခွာမယ်ဆိုလျှင် ခိုင်ခံ့သောဓားတစ်ချောင်းတော့ လိုအပ်သည်။ သို့ပေမဲ့ ဝမ်းဗိုက်အနားရှိ အကြေးခွံများသည် ကျောရိုးထက်စာလျှင် နူးညံ့သည်ဟု ဆိုရမည်။ ကွေ့ယွင်တည်းခိုဆောင်မှာတုန်းက ရွှမ်းမင်အတွက် ရွှဲရှန်ချန်ထားရစ်ခဲ့သောအကြေးခွံမှာ ဝမ်းဗိုက်ဆီမှဖြစ်သည်။

အလွန်တရာမှ စိတ်ကြီးဝင်နေသော ခြေလေးချောင်းပါသတ္တဝါသည် အနီးရှိသူများအား နုံအသည်လို့သာ အမြဲတမ်းယူဆလေ့ရှိ၏။ အလွန်အမင်းခေါင်းမာသူလည်းဖြစ်တာမို့ အခြားသူများပြုလုပ်မည့် ဆုံးဖြတ်ချက်များကို ယုံကြည်ခြင်းလည်းမရှိ။ ထို့ကြောင့်ပဲ ရွှမ်းမင်ကို ကျောဆီမှအကြေးခွံပေးလိုက်လျှင် အကြေးခွံကို ကြိတ်သောက်ရမည်ကို မသိနားမလည်ပဲ မြိုချလိုက်မလားဟု ရွှဲရှန်စိုးရိမ်ခဲ့သည်။ အကြေးခွံသည် ကတုံးလည်ပင်းကို လှီးဖြတ်သွားမှဖြင့် တည်းခိုဆောင်ပိုင်ရှင်သည် အခန်းတွင်းအလောင်းကိုသာ တွေ့ရလိမ့်မည်။ သိပ်တော့ကောင်းလှမည်မဟုတ်။

ထို့အပြင် ခြေလေးချောင်းသတ္တဝါ၏ဝမ်းဗိုက်သည် အတော်လေးပျော့၏။

စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ အကြောင်းအရာမှာ သေးငယ်သွားသည်နှင့် အကြေးခွံများသည်လည်း အလိုက်အထိုက်ဖြစ်အောင် လိုက်သေးသွားခြင်းဖြစ်သည်။ ကျောရိုးထက်ရှိ အမာဆုံးအကြေးခွံပင် ချွန်ထက်သောအစွန်ပျောက်ကာ ကွေးလို့ရသည့်အထိ ပျော့ပျောင်းသွားပြီး ဆွဲဆန့်လို့တောင်ရနိုင်သည်။ ဝမ်းဗိုက်ဆိုလျှင် မပြောနဲ့တော့။

အောက်ကိုငုံ့ကြည့်ရင်း ရွှဲရှန်ကိုယ့်ကိုယ်ကို လက်သည်းနှင့်ထိုးကြည့်ရာ တစ်ချက်ကလေးနဲ့တင် ဝမ်းဗိုက်မှာခွက်ဝင်သွားသည်ကို တွေ့လိုက်ရသည်။ ဝမ်းဗိုက်သားမှာ လူအရေပြားနှင့် ကွာခြားချက်ပင်မရှိ! ပိုလို့တောင်ဆိုးတယ်! ပျော့တော့နေသည်မှာ မနာတဲ့အပြင် အပေါ်ကိုပြန်လို့ ခုန်တက်လာသေးသည်။

Copper Coins《铜钱龛世》Where stories live. Discover now