ရန်ကုန်ကနေ နာရီပေါင်းများစွာ ကားစီးလာပြီးနောက် ကျောက်ပန်းတောင်းမြို့ ကားဂိတ် ကို ရောက်ခဲ့လေပြီ။ သည်ကနေ ထပ်ပြီး ကားစီးရမည်ဟု ပြောသည်။ စီနီယာ ကိုလင်းလက်၏ နောက်ကနေ အထုပ်တွေသယ်ပြီး နေပူပူမှာ နှစ်ယောက်သား ကားလမ်းတစ်ဖက်ကို ကူးလိုက်တော့...
" ဟေ့ ဟေ့ ရွာကိုလာတဲ့ ဆရာလေးတွေမလား ကျုပ်က လာကြိုတာဗျို့ "
ကျယ်လောင်သည့် အသံနှင့် ပုဆိုးကို ဒူးအတိဝတ်ကာ အောက်နားစတစ်ဖက်ကို အပေါ်ကိုဆွဲတင်ထားပြီး အကျီကလဲ အနီရောင်ရဲရဲဖြင့် လူတစ်ယောက်။ တဖြေးဖြေး ကျွန်တော်တို့နားရောက်လာမှ သေချာကြည့်မိတော့ ပါးစပ်ကလဲ ကွမ်းစားထားသည်မှာ ရဲတွတ်နေလေ၏။
" ကျုပ်က အေးရွာ က အထွန်းဗျ ခင်ဗျားတို့လာမယ်ဆိုလို့ သူကြီးကလွှတ်လိုက်တာ လာဗျာ ကားက ဟိုမယ် "
ပြောပြောဆိုဆို ကျွန်တော့်လက်ထဲက အဝတ်ထုပ်ကို ဆက်ကနဲ ဆွဲယူကာ ရှေ့ကနေ ကော့ကော့ ကော့ကော့ နှင့် ထွက်သွားသည့် ထိုလူ။
" ကိုလင်း ဒီလူကလဲ ရိုင်းလိုက်တာ ခင်ဗျားတွေ ဘာတွေနဲ့ "
" မဟုတ်ပါဘူး မဟာရယ် ဒီကလူတွေက ဒီလိုပဲ ခေါ်ကြတာ အကိုတို့ တုန်းကလည်း အဲလိုပဲ နယ်တွေဘက်သွားရင် တကယ် ဟာသတွေကိုဖြစ်လို့ "
မဟာတစ်ယောက် ခေါင်းတညိတ်ညိတ်ဖြင့်ပင် ရှေ့က ဂွက်ထော် ခေါ်ရာ လိုက်ခဲ့ရပါသည်။
" ကဲ တက်ဗျို့ ကျုပ်က ရှေ့ကထိုင်ရင် မကောင်းပေမယ့် လမ်းက ကျုပ်ပဲ သိတာမလား အဲတော့ ကျုပ်ကရှေ့ကပဲထိုင်လိုက်မယ် ပြေရဲ့လား "
" ဟုတ် ရပါတယ်ဗျ ထိုင်ပါ "
ကားစီးသည့် တစ်လျှောက်လုံး ကွမ်းဝါးကာ ဘေးကို တဗျစ်ဗျစ် ထွေးနေသည့် သူ့ကြောင့် ကျွန်တော် လန့်နေရသည်။ လေအတိုက်မှာ ကျွန်တော့်ကို စင် မှာ ကြောက်ရသေး။ အဆင်ကိုပြေမနေဘူး။
" ဒီမှာ ဒီမှာ အထွန်း ဆိုတဲ့သူ "
" ပြောဗျို့ "
" ဟိုလေ ကွမ်းကနောက်မှစားပါလားဗျာ ကျွန်တော့်ကို စင်ကုန်မယ်ဗျ "