39- I CAN WIN ANYWAYS

4.2K 718 32
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH39 - I CAN WIN ANYWAYS

လုဖုန်းနှင့်ဝေ့ရှဲနှစ်ယောက်သား ရှန်းရှောင်ရှဲကိုရှာ ရန် သူ့အိမ်သို့လိုက်သွားခဲ့ကြသည် ။ အချိန်အတော်ကြာ တံခါးခေါက်နေခဲ့ပြီးဖြစ်သော်ငြား တုံ့ပြန်မှုတစ်စုံတစ်ရာပင် ထွက်ပေါ်မလာခဲ့ ။

ရှန်းရှောင်ရှဲမှာ ဤမြို့၏ဒေသခံတစ်ဦးဖြစ်သော်ငြား ထောင်ကထွက်လာသည့်အချိန်မှစ အိမ်နှင့်အဆက်အသွက်မရှိခဲ့ ။ များသောအားဖြင့် ရွှင်လန်းတက်ကြွမြူးထူးသော အမူအကျင့်ရှိသူ၊ ရှန်းရှောင်ရှဲမှာ အချို့သောအရာများကိုမူ သတိထားကာ မယုတ်မလွန်ပြောတတ်၏ ။ မိသားစုနှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါမှ မပြောပြဖူးသကဲ့သို့ လုဖုန်းနှင့်ဝေ့ရှဲကလည်း ရှန်းရှောင်ရှဲအား မမေးမြန်းခဲ့ဖူးပေ ။

လူတိုင်းလူတိုင်း၌ ထုတ်ဖော်ပြောကြားလိုစိတ်မရှိသော လျှို့ဝှက်ချက်ကိုယ်စီ ရှိတတ်ကြသည်မလား ။

"ငါတို့ဘာလုပ်ကြမလဲ ? "

ဝေ့ရှဲက လော့ခ်ချထားသောတံခါးကိုကြည့်ကာ မျက်မှောင်ကြုံ့လျက် မေးလာခဲ့ခြင်း ။

"အားနဲ့ ဖျက်ဝင်ကြမလား ? "

အချိန်ကား ညကိုးနာရီခွဲရှိနေပြီဖြစ်ကာ အဆောက်အအုံဟောင်းတို့၏ထုံးစံအတိုင်း လျှောက်လမ်းတစ်လျှောက် တစ်စုံတစ်ယောက်၏တီဗွီသံဖြင့် ဖုံးလွှမ်းနေခဲ့၏ ။ စစ်တွင်းကာလ ရုပ်ရှင်တစ်မျိုးမျိုးကို ကြည့်နေပုံရပြီး သေနတ်သံများ ၊ ဗုံးသံများက အဆက်မပြတ်ထွက်ပေါ်လျက် ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် လုဖုန်းတို့နှစ်ယောက်သား တံခါးဖျက်ဝင်ပါက တိုက်ခန်းအတွင်းရှိလူများအားလုံးထွက်လာကာ စူးစမ်းကြည့်ရှုကြလိမ့်မည် ။

"အဲ့ဒါ အကြံကောင်းတော့ မဟုတ်ဘူးနော် ၊ ကျွန်တော်တို့ကို အိမ်ဖောက်ပြီး ပစ္စည်းခိုးနေတယ် ထင်သွားဦးမယ် "

လုဖုန်း၏ပုံစံကား သာမန်အရပ်သားပုံစံပင်ဖြစ်ရာ ကိစ္စမရှိလှ ။ သို့သော် သူ့ဘေးရှိ ဝေ့ရှဲမှာမူ လက်မောင်းတစ်လျှောက် ပန်းပွင့်ဒီဇိုင်းတက်တူးထိုးထားရုံသာမက ဆံပင်ကလည်း undercut ညှပ်ထားသေးသည် ။ [ undercut = ဘေးနဲ့အနောက်ဘက်ကို ​ရှင်းအောင်ညှပ်ထားတဲ့ဆံပင်စတိုင် ]
သို့ဖြစ်ရာ ဝေ့ရှဲကိုကြည့်မိသူမည်သူမဆို နူးညံ့သိမ်မွေ့သော၊ ကောင်းမွန်သော ဖြစ်တည်မှုတစ်ခုဟု ယူဆကြလိမ့်မည်မဟုတ် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now