တောင်ကပုလေးပေါ် မဟာ တက်သွားတော့ အပေါ်ရောက်မှ မြင်လိုက်ရတာက ရှေ့မှာ ရေကန်အကြီးကြီးတစ်ခုက လှပစွာတည်ရှိနေခြင်းပင် ။ ကြာပွင့်တွေ ၊ ကြာရွက်တွေနဲ့ အရမ်းကို လှပနေတဲ့ရေကန်က အထွန်း ကိုတော့ ဝမ်းနည်းအောင်လုပ်နေသလိုပင် ။ အမြဲတမ်း ရီမောပြီး စကားပေါ တတ်တဲ့ ငမွှေထွန်းက သူ့ဒူးနှစ်ဖက်ကို ထောင်လျက် လက်နှစ်ဖက်ဖြင့် ပိုက်ဖက်ထားပြီး ဒူးပေါ်မေးလေးတင်ကာ ဆွေးဆွေးလေး ရှေ့တည့်တည့်ကိုငေးလျက် ။
သူနဲ့မလှမ်းမကမ်းမှာ ညောင်ပင်အိုကြီးတစ်ပင်ကလဲ ထီးထီးမားမား ။ မဟာလဲ အသံမပြုဘဲ ကြည့်နေလိုက်မိသည် ။ သေသေချာချာကြည့်တော့မှ အထွန်း ပါးစပ်က တစ်စုံတစ်ခုကိုပြောနေသလိုလို ။
ကြည့်နေရင်း ရုတ်တရက် မတ်တပ် ထ ရပ်လိုက်ပြီး ညောင်ပင်ကြီးအောက်မှာ ချထားတဲ့ သူ့လက်စွဲတော် လွယ်အိတ်ကိုယူကာ ရေကန်ကြီးအစပ်နားထိ ဆင်းသွားသည် ။ နောက် မျက်နှာကို လက်ခုံနဲ့ပွတ်နေတာတွေ့ရသည် ။
ငိုနေတယ် ။ သူငိုနေတယ် ။ သူငိုတတ်တယ် ။ သူနာကျင်နေတယ်
ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ကြီးနဲ့မျက်နှာမူထားပြီး တစ်စုံတစ်ခုကို အားယူနေသလိုလို ။
“ ဒီကောင်လေး ကန်ထဲတော့ မဆင်းဘူးမလား ”
မဟာ တွေးနေတုန်းပင် အထွန်း က လွယ်အိတ်ထဲက မုန့်ထုပ်တွေကို ဆွဲထုတ်ကာ တစ်ခုပြီးတစ်ခု ရေထဲကို ချနေသည် ။ ပါးစပ်ကလဲ တစ်စုံတစ်ခုကို တိုးတိုးလေးရေရွတ်လျက် ။
သူဘာတွေလုပ်နေလဲ မဟာ နားမလည် ။
“ အထွန်း ”
“ ဟင် !!!! ဆရာအာကာ ဒီကို ဘယ်လိုလုပ် ”
မဟာ့ကို မြင်တော့ ရေစပ်က အိတ်လေးကို ပြန်လွယ်ကာ အပေါ်ကို ပြန်တက်လာသည် ။
“ ကျုပ်ကိုခိုင်းစရာရှိလားနော့် ”
“ မရှိပါဘူး ခင်ဗျားလေး သက်သာရဲ့လားလို့ သတင်းမေးဖို့ အိမ်ကိုသွားတာ ရွာပြင်ထွက်သွားတယ်ဆိုလို့ ”
“ အဲ့တာနဲ့ပဲ ကျုပ်ရှိတဲ့ရွာပြင်ကို လိုက်လာတယ်ပေါ့ ”
“ ဟုတ်တယ်လေ ကျွန်တော် က ညနေဆို မအားဘူး အဲ့တာကြောင့် အခု လာကြည့်ပေးတာ ”