#Unicode
ဘာလိုလိုနဲ့ Second Semester ဖြေဖို့ ၁၀ရက်သာ လိုတော့ပေသည်။ ထူးခြားကတော့ Private Study ရက်ကို အိမ်မှာပဲ ပြန်ပြီး စာကျက်မည်ဆိုကာ ပြန်သွားလေသည်။ သာထူးကတော့ လင်းရာ မပြန်လို့ သူလည်း မပြန်တော့ပါဘူးတဲ့။ လင်းရာကလည်း မမားမပြန်လို့ မပြန်တော့တာပါ။
တချို့ရက်တွေမှာဆို လူကြီးက စာတူတူကျက်ဖို့ လာခေါ်ပေးပါသည်။ ခေါင်းတွေပူပြီး စာကျက်လို့ မရတော့ဘူးလို့ ပြောလိုက်တာနဲ့ ဆယ်ထပ်ကြီးဘုရားမှာ စာသွားကျက်ရအောင်၊ ငါးမျက်နှာဘုရားမှာ စာသွားကျက်ရအောင်ဆိုပြီး လာလာခေါ်ပေးတတ်ပါသည်။
ဆယ်ထပ်ကြီးဘုရားနှင့် ငါးမျက်နှာဘုရားမှာ စာမေးပွဲဖြေခါနီးတဲ့အခါ ကျောင်းသားများ စာစုပြီးကျက်လေ့ ရှိကြပါသည်။
ခုလည်း လူကြီးလာခေါ်မည်ဆိုသဖြင့် သာထူးအလစ်ကို ခိုးထွက်ရပေသည်။ လူကြီးနဲ့ တစ်ခါတစ်ခါ တွေ့ရဖို့ရာ ဘဝက မလွယ်ကူပါ။ အပြင်တစ်ခါထွက်ဖို့ဆိုလျှင် သာထူးအောင်ရဲ့ အရိပ်အခြေအနေကို အရင်ကြည့်ရပေသည်။
တစ်ခါတစ်လေဆို သာထူးအောင်က သူလည်းလိုက်မည်ဟု ဆိုတတ်သလို သူလိုက်မည်ဟု မပြောသည့်အခါများတွင်လည်း ဘယ်သူနဲ့ ဘယ်သွားမှာလဲ၊ ဘာသွားလုပ်မှာလဲ၊ ကြာမှာလား အစရှိသည့် မေးခွန်းများကို ဇယ်ဆက်သလို မေးတတ်ပါသေးသည်။
အဆောင်ရှေ့က ဆိုင်ကယ်ဟွန်းတီးလိုက်သံကြောင့် လူကြီးရောက်နေပြီဆိုတာကို သိလိုက်ပါသည်။ သာထူးမသိအောင် အလျင်အမြန် ခိုးထွက်ခဲ့ပြီး ဆိုင်ကယ်ပေါ် အမြန်ပြေးတက်ရသည်။
"ဘေဘီ ထမင်း စားပြီးပြီလား"
"ဟင့်အင် မစားရသေးဘူး လူကြီး"
"ကိုယ်တို့ ထမင်းအရင်သွားစားရအောင်"
"ဟုတ်"
ကျောင်းသား တော်တော်များများ စားနေကြဖြစ်သည့် ထမင်းဆိုင်သို့ ထွက်ခဲ့ကြသည်။ ထမင်းဆိုင်ရောက်တော့မှ ကိုသာထူးနှင့် တည့်တည့် တိုးပါတော့သည်။
"လင်းရာ"
"သာ . . . သာထူး"
"ခုနက ငါနဲ့ ထမင်းစားလိုက်ခဲ့ပါလို့ ပြောတုန်းကတော့ မလိုက်ဘူး။ ကိုကြီးစစ်ပိုင်နဲ့ကြ တူတူလာတယ်"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။