#မိုးသောက်ယံ၊ဆည်းဆာ"ဆည်းဆာ ဘယ်မှာလဲ"
"နောက်ဖေးက ဉယျာဉ်မှာပါ အကိုကြီး"
အိမ်ထဲ ဝင်လာသူသည် သားဖြစ်သူထက် ဆည်းဆာကိုသာဦးစွာ ရှာတတ်သည်။
အဆောတလျင် လှမ်းသည့် ခြေလှမ်းကျဲတို့က မာထန်နေသည့် မျက်နှာကြောင့် ပို၍ မြန်ဆန်နေသလို။
"ခေး လုပ်တာမှန်လား ဒီလို လုပ်ရတာလား ဖေငယ်"
မြေကြီးစိုထိုင်းထိုင်းတို့ကို လက်လေးနှစ်ဖက်ပေပွအောင် ဆုပ်နယ်ပြီး သွားတစ်နေရာစာ ပြတင်းလှပ်နေသူလေးသည် ရယ်ပြနေသည်။
"ကေ ပေပွကုန်ပြီနော် မင်းဖေကြီးမြင်ရင် အဆူခံနေရမယ်"
နောက်ဖေးက ဉယျာဉ်သည် ဆည်းဆာတာဝန်ယူရသည့် အလုပ်တစ်ခု။
ဒီဉယျာဉ်လေး အမြဲစိမ်းလန်းလှပနေဖို့သည် ဆည်းဆာ၏ တာဝန်ဟု ကိုကိုက သတ်မှတ်ထားသည်။
"ဆည်းဆာ!"
လက်ထဲက မြေဆွနေသည့် ခရင်းလေးက ပြုတ်ကျလုမတတ်။
ကေ သည်လည်း မျက်လုံးလေးပြူးကာ ထိတ်လန့်သွားဟန်။
"ဖေကြီး"
ဒေါသထွက်လာဟန် ကိုကိုသည် ဆည်းဆာဆီ ခြေလှမ်းကျဲတို့နှင့် လှမ်းလာနေကာ ကေ ခေါ်သံကြောင့် မျက်နှာကြောကို လျှော့သွားသည်။
"ငယ်ငယ်! ကျစ်! ပေပွနေတာပဲ ဖေဘာပြောထားလဲ မြေကြီးတွေနဲ့ ဆော့ပြန်ပြီလား "
ညစ်ပတ်ပေရေတာမျိုးကို မကြိုက်သူသည် သားကို ဖွဖွကိုင်ကာ ခပ်မာမာအသံကို လျှော့ကာ ရေရွတ်သည်။
"သွား သန့်ရှင်းရေးလုပ်ချည် အဝတ်အစားအကုန် လဲပြီးမှ အောက်ထပ်ဆင်းလာရမယ် ကြားလား "
"ဟုတ်"
မအီမသာ မျက်နှာလေးနှင့် သူ့အဖေ ထည့်ပေးလိုက်သည့် အထိန်းတွေကြား ပါသွားတော့သည်။
ကျန်သူများလည်း အလျှိုလျှို ပျောက်ကုန်သည့်နောက်တော့ ဉယျာဉ်ငယ်လေးအတွင်း ကိုကိုနှင့် ဆည်း သာ ကျန်နေသည်။
ခါးကို ထောက်ထားရင်း ဆည်းဆာတစ်ကိုယ်လုံးကို အပေါ်စီးကနေ ခြုံကြည့်နေသူသည် ဘာကိစ္စကို အလိုမကျလာရပြန်သလဲ မမှန်းဆတတ်။