45-WHY DO YOU HAVE A PICTURE OF HIM

3.9K 761 82
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH45 - WHY DO YOU HAVE A PICTURE OF HIM

ချင်းဝမ်မြို့၏နွေရာသီကား အမြဲတစေ ပူလောင်စိုစွတ်နေတတ်ပြီး မကြာခဏဆိုသလိုပင် ရုတ်တ ရက်မိုးရွာချတတ်သေးသည် ။ ထီးပေါ်ရှိ ရေစက်ရေပေါက်များကို လုဖုန်းခါချလိုက်ကာ ထီးကိုတစ်ဖက်ခြမ်းတွင် ထောင်ထားလိုက်၏ ။ တရားရုံးအဝင်ဝအနီးတွင် ထီးများကိုသိမ်းဆည်းရန် နေရာတစ်ခုသတ်မှတ်ထားရှိသည်ဖြစ်ရာ ၊ တရားရုံးတွင်းရှိ ကျောက်စီကြမ်းပြင်မှာ အပြင်ဘက်တွင် ရာသီဥတုဆိုးရွားနေသည့်တိုင် မူလအတိုင်းမပျက်မယွင်းတောက်ပနေဆဲပင် ။

လုဖုန်း တရားခွင်သို့ရောက်သောအခါ ရှန်းရှောင်ရှဲမှာ ရောက်နှင့်နေပြီဖြစ်ပြီး အခြားတစ်ဖက်ခြမ်းတွင်လည်း နစ်နာသူ၏မိသားစုဝင်များက ထိုင်နေကြတော့သည် ။ အသက်အရွယ်စုံအမျိုးအဆွေများနှင့် ထိုနေရာကား  လူများဖြင့်အတော်လေးပြည့်နေခဲ့ပြီး ၊ ၎င်းတို့အားလုံးလိုလိုသည် စိတ်တိုဟန်မျက်နှာအမူအရာတို့ကို ဆင်မြန်းထားလျက် ။

"ကျွန်တော့်ညီက တရားလိုဘက်က မျက်မြင်သက်သေအဖြစ် ထွက်ဆိုပေးလိမ့်မယ်လို့ ရှေ့နေရှန့်ပြောတယ် "

လုဖုန်း ထိုင်ခုံပေါ် ထိုင်လိုက်လိုက်ချင်းပင် ရှန်းရှောင်ရှဲကပြောလာခဲ့ခြင်း ။

ရှန်းရှောင်ရှဲ၏ညီငယ်မှာ အသက်မပြည့်သေးသူတစ်ယောက်ဖြစ်ပြီး ကျောင်းအိပ်ကျောင်းစားနေရသည့်ကျောင်းမျိုးတွင် တက်ရောက်နေခြင်းဖြစ်ရာ ဤအမှုဖြစ်ပွားသည့်အချိန်တွင် အိမ်၌ရှိမနေခဲ့ ။

"သူလည်း ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီး အတော်လေးဝမ်းနည်းနေလောက်တယ် "

ရှန်းရှောင်ရှဲကား မျက်မြင်သက်သေထွက်ဆိုရာနေရာဆီမှ အကြည့်မလွှဲဘဲ နှုတ်ခမ်းတို့ကိုစုလျက် ခေါင်းတစ်ချက်ညိတ်ကာ တုံ့ပြန်လာခဲ့သည် ။

"ကျွန်တော် အခုထိ သူနဲ့ သီးသန့်တွေ့လို့မရသေးဘူး ၊ အမှုဖြစ်ပြီးတော့ သူ့အဖိုးအဖွားတွေက သူ့ကို ကျောင်းကနေ ခေါ်သွားတယ် ၊ ကျွန်တော်သူနဲ့ စကားပြောဖို့အကြိမ်ကြိမ်ကြိုးစားတယ် ၊ ဒါပေမဲ့  စကားသွားပြောဖို့လုပ်တဲ့အချိန်တိုင်း သူ့အဖေဘက်က အမျိုးတွေက ကျွန်တော့်ကိုမောင်းထုတ်ကြတယ် "

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now