အချိန်အားဖြင့်တစ်နှစ်ကျော်ကြာလာခဲ့ပေပြီ... ။
ဇိမ်းက ပန်းခြံကြီးစိုက်ပျိုးထားကာ ပန်းအလှဆင်လုပ်ငန်းလုပ်သတဲ့...။ အစကတော့အပျော်သဘောထင်ခဲ့ပေမယ့်... တစ်စတစ်စအောင်မြင်မှုကလဲမသေး...။ခုချိန်မှာဇိမ်းက မိဘဆီကလက်ဖြန့်တောင်းနေတဲ့ကောင်လေးမဟုတ်တော့ပဲ လုပ်ငန်းရှင်သူဌေးလေးဖြစ်လို့လာပါတယ်...။
အလုပ်တွေမအားမလပ်ကြားကပဲ သတိုးနောက်လဲအလိုက်မပြတ်... ။ခုတော့ သူတို့တွေအတော်အသင့်တော့အဆင်ပြေပြီထင်ရတာပဲ...။ ဇိမ်းဆီလဲသိပ်မရောက်ဖြစ်တော့ ဘာမှတော့ရေရေရာရာရယ်မသိ...။
ကိုကို့ကိုကုန်တိုက်လွှတ်လိုက်တာလဲ ခုထိပြန်မလာသေး...။ အိမ်ကထွက်သွားတာ သုံးနာရီနီးပါးပင်ရှိပေပြီ... ။စိုးရိမ်စိတ်လေးနဲ့ ဖုန်းဆက်ပြန်တော့လဲ မကိုင်... ။ ကြာတော့စိတ်ပူသထက်ပူလာပြီး ဟိုလူ့ဖုန်းဆက်မေး ဒီလူ့ဖုန်းဆက်မေး ဘယ်သူမှလဲ မသိပြန်ဘူးတဲ့...။ ဇိမ်းဆီဆက်ပြန်တော့မကိုင်... ။ စိုးတထိတ်ထိတ်နဲ့ရင်တွေပူနေတုန်းရှိသေး အိမ်ရှေ့ကားရပ်သံကြားလို့အပြေးထွက်ကြည့်မှ စိတ်အေးသွားကာ
"ကိုကို ဘယ်တွေသွားနေတာလဲ ဖုန်းလဲမကိုင်ဘူး"
"....."
"ကူန်တိုက်သွားတာမဟုတ်ဘူးလား ဘာမှပါမလာဘူးရော..."
"...."
တစ်ဘက်ကဘာမှပြန်မဖြေပဲ မှုန်ကုပ်ပြီး ဆိုဖာပေါ်မှီထိုင်ချကာ စိတ်ပင်ပန်းနေပုံ...။ ကိုကို့ကိုဒီလိုပုံစံမျိုးကို နှိုင်းတစ်ခါမှမမြင်ဖူးခဲ့.... ။
"ကိုကိုဘာဖြစ်နေတာလဲဟင်"
အလိုက်သိစွာ ဘေးနားဝင်ထိုင်ပြီး မေးတော့ ရီဝေဝေမျက်လုံးနဲ့ကြည့်လာပြီး...
" ဇိမ်းကတော့မရဘူးနော်... နှိုင်း... ကို့ညီကတော့အ့လိုဖြစ်လို့မရဘူးနော် ကိုကိုလက်မခံနိုင်ဘူး"
ရင်ထဲ ဒိန်းခနဲ... ။ဇိမ်းကဘာဖြစ်တာလဲ...။ ဘာလို့ ကိုကို့ပုံစံကဒီလိုဖြစ်နေတာလဲ...။ ဇိမ်းများတစ်ခုခုဖြစ်လို့လား...။
အံ့သြထိတ်လန့်ပြီးပြူးကျယ်တဲ့မျက်လုံးတွေနဲ့ မေးမိသည်။