ဟန်ဆောင်လို့ရပါ့မလား.....
ဘဂျမ်း....အကြိမ်ကြိမ်အခါခါတွေးတယ်။
ရှေ့ကို ခြေတစ်လှမ်းမတိုးမိခင်ကလဲ တွေးတယ်။
ကိုယ့်အကြင်နာတွေထုတ်ပြမိပြီး နောက်လဲတွေးတယ်။
အတွေးပေါင်းစုံနဲ့ ချာလည်မူးနောက်နေအောင် ဖြစ်ရတယ်။
မှားများသွားပြီလားလို့လဲ တွေးမိပြန်တယ်။
ဘဂျမ်း ငယ်ထွေးကို အရမ်းကြင်နာမိပြီ။
ကိုယ်က ကြင်နာနေရရင်ပြီးရောမဟုတ်ဘဲ....သူ့ဆီက အကြင်နာတွေသိမ်းကြုံးယူမိနေပြီ။
ဖြစ်ပါ့မလား....
ငါ့လုပ်ရပ်မှန်ရဲ့လား....
ဒီအတွေးတွေက ဘဂျမ်းကိုနှိပ်စက်တယ်။နေ့ရက်တိုင်းကို သတိထားပြီး ဖြတ်သန်းနေရတယ်။
စိတ်လွတ်ကိုယ်လွတ်ဖြစ်မိရင် လုပ်မိရင် ပြောမိရင် ထိခိုက်နစ်နာမှာ ငယ်ထွေးပဲဆိုတော့...အဲ့လိုအဖြစ်မခံနိုင်ဘူး။
ဒါကြောင့် ဘဂျမ်းက နေသတိ စားသတိ သွားသတိအမြဲရှိရတယ်။မိုးလင်းရင် အိပ်ယာစောစောမထနိုင်သူလေးက....စျေးတစ်ခေါက်ရောက်ပြီးရုံမက....ကားဖုန်သုတ်...ခြံထဲရှင်း...ရေမိုးချိုးထားပြီး အသင့်စောင့်နေတဲ့ ဒန်းလေးပေါ်က ဘဂျမ်းကို ပြေးပြေးပြီးထွက်ကြည့်ရသေးတာ။
လူကြီးတွေသိကုန်ရင် ဘယ်လိုလုပ်မလဲ ငယ်ထွေးရယ်...
အဆိုးဆုံးက မဝတ်ရည်.....သိသွားရင် မောင်အသတ်ခံရလိမ့်မယ် ငယ်ထွေးရယ်။
စိတ်ထဲက ကြောက်လန့်တကြားတွေးမိပေမဲ့ နှုတ်ခမ်းတွေကမပြုံးပဲ မနေနိုင်ဘူး။
မောင် အလိုလိုက်လွန်းလို့ဆိုးနေတဲ့ ငယ်ထွေးပေါက်လေးက....ဆံပင်စုတ်ဖွား ညဝတ်အိပ်လေးနဲ့ မျက်မှာမသစ်ရသေးတဲ့ မျက်လုံးမပွင့်တစ်ပွင့်ဖောင်းအစ်အစ်လေးကို ပွတ်သပ်ပြီး မောင့်ကို ရှာနေတော့တာ။
ငယ်ထွေး ထွက်ကြည့်မယ်ဆိုတာသိလို့များ မောင် နေ့တိုင်းထိုင်နေမိတာလား မသိတော့ပါဘူး။ဒီကိစ္စလဲ ငယ်ထွေးကို တားမြစ်ရအုံးမယ်။
ဆေးရုံမှာဆို....ငယ်ထွေးလေးတို့ကိုလိုက်ပို့ပြီးတာနဲ့ ဘဂျမ်းက ဆေးခန်းထဲမှာသိမ်းထားခဲ့တဲ့ ကယ်ရီကိုသွားယူပြီး တနေကုန်လျှောက်သွားနေရတယ်။ ကိစ္စရှိလို့ ခေါ်မှ ဆေးရုံကို ပြန်ပြေးတာ။ အရင်လို ငယ်ထွေးနဲ့ မနီးမဝေးမှာ မနေရဲတော့ဘူး။
မျက်စိရှေ့မှာ မြင်နေရဲ့နဲ့တော့ အကြင်နာတွေထိန်းရတာတာခက်တယ်။
အကြည့်တွေက သက်သေပဲ။
ကြာရင် မလွယ်ဘူး။ ဒါကြောင့် ဘဂျမ်း အပြေးအလွှားရှောင်ရတယ်။
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....