#Unicode
ကျောင်းပြန်ဖွင့်နေပေမယ့် ကျောင်းမအပ်ရသေးတာကြောင့် အပ်တက်တက်ဖို့ ကျောင်းစဖွင့်သည့်ရက်ထဲက စောစောသွားရပေမည်။ ပြည်ကနေ ဟင်္သာတသို့ ကျောင်းသွားတက်ရသည့် ထူးခြားအတွက်ကတော့ ကျောင်းကို အပ်တက် တက်တာက ပို၍အဆင်ပြေပါသည်။
ထို့ကြောင့် ကျောင်းသွားတက်ဖို့ရာအတွက် လိုအပ်သည်များကို ထုတ်ပို့ပြင်ဆင်ရပေသည်။ ခါတိုင်းနှစ်တွေကတော့ ကျောင်းတက်ဖို့ ဆိုင်ကယ်ယူရသည်မို့ ပြည်မှ ဟင်္သာတသို့ ဆိုင်ကယ်မောင်းကာ သွားရသည်။ ခရီးတစ်ဝက်ဖြစ်တဲ့ မြန်အောင်မှာ လမ်းတစ်ထောက် ခဏ နားကာ ဟင်္သာတကို ခရီးဆက်ရသည်ပေါ့။
ဒီနှစ်တော့ ကိုယ့်ချစ်သူ သာထူးအောင်လေးက အဝေးကြီးကလာရတဲ့ ကိုယ့်ကို ဆိုင်ကယ် ယူမလာဖို့ပြောသည်မို့ ကားဖြင့် မြန်အောင်သို့သွားရမည်။ မြန်အောင်မှာနေတဲ့ သာထူးအိမ်မှာ ခဏနားပြီးမှ သာထူးဆိုင်ကယ်ဖြင့် ဟင်္သာတသို့ နှစ်ယောက်အတူ ခရီးဆက်ကြမည် ဖြစ်သည်။
မနက်အစောကြီးကားနှင့် ကားလက်မှတ်ဖြတ်ထားသည်မို့ ကားဂိတ်သို့ ဖေဖေက လိုက်ပို့ပေးလေသည်။
"ဖေဖေ"
"ဟေကွာ"
"ဂရုစိုက်နော်။ ဖေဖေ့ကို တစ်ယောက်ထဲ ထားခဲ့ရတာ စိတ်ပူတယ်"
"မပူပါနဲ့ဗျာ ဖေဖေက သန်တုန်းမြန်တုန်းပါ"
"ကိုလေးကို ဖေဖေနဲ့လာနေဖို့ ပြောထားတယ်။ ကိုလေးမလာရင် သားကို ဖုန်းဆက်နော်"
"ဟုတ်ကဲ့ပါဗျာ။ ဒါနဲ့ သားဆိုင်ကယ် ယူမသွားလို့ တကယ်ဖြစ်ပါတယ်နော်"
"ဟုတ် ဖြစ်တယ်ဖေဖေ။ သားကောင်လေးက ယူမလာနဲ့လို့ သေချာမှာထားတာ"
"ဟုတ်ပါပြီဗျာ။ ဖေ့သားလေး အဆင်ပြေရင် ပြီးတာပါပဲ။ ဖေသွားပြီနော်"
"ဟုတ်"
ငယ်စဉ်ထဲက မေမေမရှိတော့သည့် ထူးခြားအတွက်တော့ ဖေဖေကပဲ အဖေ၊ ဖေဖေကပဲ အမေ ဖြစ်ခဲ့သည်။ အဖေတစ်ခု သားတစ်ခုမို့ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကာ အချစ်ပိုခဲ့ရသည်။ ဖေဖေ့ကို နားလည်မှုအပြည့် အပေးနိုင်ဆုံး လူသားကလည်း ကိုယ်ပဲဖြစ်သလို ကိုယ့်ကို နားလည်မှုအပြည့် အပေးနိုင်ဆုံးသူကလည်း ဖေဖေပဲဖြစ်ခဲ့သည်။
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။