လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း (၃)
အရင်လိုမဟုတ်တော့တဲ့ အရင်ကကောင်ပါPart 3
ဟိုအယုတ်မာ စိုင်းလွင်ကိစ္စဖြစ်ပြီးကတည်းက ကိုသတ္တနဲ့ ကိုဧကတို့လည်း သူ့ကို အရင်လို သိပ်အနိုင်မကျင့်ကြတော့ပေ။ အရင်က လက်ရဲဇက်ရဲ စွာစိစိန်မို့ ဝိုင်းကျဉ်ခဲ့ အခေါ်အပြောအလုပ်မခံခဲ့ရတဲ့ သူ့ကိုလည်း တကျောင်းလုံးက ဖေးဖေးမမ ဆက်ဆံလာကြတယ်။ ဒါတွေဟာ စတင် ပြောင်းလဲခြင်းတွေပါပဲ။
အတိတ်တုန်းကဆို ကိုးဟာ ရန်ဖြစ်ရင်ဖြစ်.. မဖြစ်ရင် ချောင်တချောင်မှာ ကပ်နေတတ်တဲ့ ပေစုတ်စုတ် ကောင်လေးတယောက်ရယ်။ အခုတော့ အကုန်လုံးက ဝိုင်းဂရုဏာသက်ရတဲ့ သနားစရာကလေးလေးကို ဖြစ်လို့။ သူ့ကို ပြုံးပြတဲ့လူတွေများလာတယ်။ စကားစမြည် လာပြောတဲ့သူတွေ များလာတယ်။
၂၆ နှစ်အရွယ် သူနဲ့ယှဉ်ရင်တော့ အကုန်လုံးက ကလေးတွေ ဖြစ်နေပေမယ့် သူငယ်ချင်းပေါင်း လာပေါင်းတော့လည်း လိုက်လိုက်လျောလျော ဆက်ဆံရတာပေါ့လေ။
ကျောင်းမှာရှိတဲ့ Sister တွေနဲ့ Father ကအစ သူ့ကို လိုတာထပ်ပိုပြီး ဂရုစိုက်ဖေးမလာကြတယ်။ ဒါဆို သူ လိုအပ်ခဲ့တဲ့ မေတ္တာဟာ ဒီလို စက်ဆုပ်စရာကောင်းတဲ့အဖြစ်ကြောင့် အလျှံတပယ် ရရှိခဲ့သည်လား။ ဒါဆို ကိုစိုင်းလွင်ကိုပဲ ကျေးဇူးတင်ရမည်လား။
အိုဘယ့်.. ဆန်းကျယ်လှတဲ့ လူ့လောကကြီးရယ်။
အတိတ်တုန်းက သူ့အဖြစ်နဲ့ အခုလက်ရှိ အဖြစ်တွေဟာ ကွာခြားလွန်းနေတော့ ကိုသော်တာနဲ့ တွေ့ဆုံခွင့်ရမယ့် ကံကြမ္မာလည်း ပြောင်းလဲသွားလေမလားလို့ တွေးရင်း ရင်ပူနေရလေတယ်။ တကယ်လို့သာ သူ အမွေးစားမခံရဘူးဆိုရင်တော့ သူကိုယ်တိုင် ဒီနေရာကနေ ရုန်းထွက်ပြီး ကိုသော်တာ့ဆီ ရောက်အောင်သွားဖို့လည်း ဆုံးဖြတ်နှင့်ပြီးသားရယ်ပါ။
“ က.. ကိုး..”
တယောက်တည်း တောင်တွေးမြောက်တွေး တွေးနေတုန်း ခေါ်သံကြောင့် ခေါင်းမော့ကြည့်လိုက်မိတော့.. သူ့ကို သနားနေတဲ့မျက်လုံး တွေနဲ့ ငုံ့ကြည့်နေတဲ့ သတ္တနဲ့ဧက။