|30|

2.5K 484 6
                                    

[Unicode]

ဝမ်ဘင်းဘင်းဟာ လှုပ်ဖို့အတွက်တောင် ပင်ပန်းလွန်းနေခဲ့ပြီ။
ဆိုင်သော့ခတ်ဖို့အတွက် လမ်းလျှောက်ထွက်မဲ့ ယန်ထန်နဲ့ ဟယ်ရှင်းချွမ်က တာဝန်ယူလိုက်တယ်။

"ပင်လယ်ရဲ့အနံ့လေး"

ရေရွတ်ရင်းနဲ့ပဲ၊ ဟယ်ရှင်းချွမ်က သူ့ဂျက်ကတ်ကိုဇစ်ဆွဲတင်လိုက်တယ်။
ပင်လယ်ဘက်မှာက အပူချိန်ကွာခြားမှုပိုများတယ်၊ ပင်လယ်လေထုဟာ ညအချိန်မှာအေးစက်စက်နဲ့။

ဘေးချင်းယှဉ်လျက်ပဲ ဆိုင်ခန်းဆီလျှောက်လာခဲ့လိုက်တယ်။

ယန်ထန်က ပစ္စည်းတွေကိုဆိုင်ထဲသွင်းပြီး၊ ပြတင်းပေါက်တွေနဲ့ တံခါးတွေကိုပိတ်ကာ ဆိုင်ကိုပါသော့ခတ်လိုက်တယ်။

အပြင်ပြန်ထွက်လာတော့ သဲသောင်ပြင်ပေါ်ထိုင်လျက်၊ ပင်လယ်ကြီးဆီငေးနေတဲ့ ဟယ်ရှင်းချွမ်ကိုမြင်လိုက်ရတယ်။

"ဘာဖြစ်လို့လဲ?"

"ဟမ်? ဘာမှမဟုတ်ပါဘူး...ဒီလိုပဲ ကောင်းတယ်လို့တွေးမိလို့ပါ"

ဟယ်ရှင်းချွမ်က အပြုံးလေးနဲ့အဖြေပြန်ပေးတယ်။
ယန်ထန်ကပါ သူ့ဘေးနားဝင်ထိုင်လိုက်ပြီး၊ ကောင်းကင်ကြီးကိုမော့ကြည့်မိတယ်။

မြို့ပြထက် ပိုမိုတောက်ပတယ်။

"ထန်ကော...ငါ့ဇာတိကလည်း ဒီလိုမျိုးပင်လယ်ဘက်မှာပဲ..."

ယန်ထန်ဟာ အနည်းငယ်တုန်လှုပ်သွားရတယ်၊ ဘယ်လိုအဖြေမျိုးပေးသင့်မှန်း သူမသိတော့ဘူး။

ဟယ်ရှင်းချွမ်မိသားစုအကြောင်း ကြားဖူးထားပေမဲ့၊ ကိုယ်တိုင်ပြောပြလာတဲ့အခါမှာတော့ တုံ့ပြန်နိုင်စွမ်းမရှိတော့ပေ။

"တကယ်တော့လေ...ငါ့မျက်လုံးက မွေးကတည်းကအဲ့လိုမဟုတ်ဘူး"
ဟယ်ရှင်းချွမ်က ခဏတာရပ်တန့်သွားပြီးမှ
"ငါကလေးဘဝတုန်းက မျက်လုံးယောင်တယ်လေ၊ မိသားစုမှာ အဘွားတစ်ယောက်ပဲရှိတယ်။ သူမက ငါ့ကိုအရမ်းချစ်ပေမဲ့ ဆေးကုပေးဖို့ပိုက်ဆံမရှိဘူး။ နောက်တော့ ငါ့မျက်လုံးတစ်ဖက်ကွယ်သွားခဲ့တယ်"

ယန်ထန်က မျက်မှောင်ကြုတ်မိသွားကာ
"မင်းမိဘတွေကရော?"

"ငါ့ကိုမွေးမွေးပြီးချင်းပဲ ထွက်သွားခဲ့တာ၊ အလုပ်သွားလုပ်တယ်ပြောပေမဲ့ ဘယ်တော့မှပြန်မလာခဲ့ဘူး။ ရွာကလူတွေက ငါ့အမေကဆေးတွေသုံးလို့ ငါ့မျက်လုံးကွယ်တာလို့ပြောကျတယ်၊ ရွာမှာက ဘယ်သူမှသေချာနားမလည်ဘူးလေ။ ငါ့အဘွားကလည်း အဲ့လိုယုံသွားတယ်၊ အဲ့တော့ သူ့သားကိုခေါ်ထုတ်သွားတဲ့ ငါ့အမေကိုအရမ်းမုန်းတယ်"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now