မနက်စောစောအိပ်ရာက ထ ပြီး ခြံထဲက နှင်းမှုန်တွေကြားမှာ လမ်းလျှောက်မိတယ် ။ ဒီလောက်လှတဲ့နေရာမှာ ကိုယ်ချစ်တဲ့သူနဲ့သာဆိုရင်အတွေးကလဲ ရာသီဥတုနဲ့အပြိုင် အေးစက်မာကြောလျက် ။ သတိရလားဆို ရတာပေါ့ ရင်ဘတ်ကြီးပေါက်ထွက်လောက်အောင် သတိရတယ် ။ ဒါပေမယ့် ဗျာ .....
" ညီ "
အကို့ခေါ်သံကြောင့် လှည့်ကြည့်မိတော့ အကိုက တစ်နေရာကိုသွားမည့်ပုံ ။
" ဘယ်သွားမလို့လဲ အကို "
" အပြင်ခဏပါ "
" အင်းအင်း "
" ညီ လဲ အပြင်လေးဘာလေးသွားပါလား ဈေးဝယ်ထွက်တာဖြစ်ဖြစ်ပေါ့ "
" တော်ပါပြီ အကို "
ညီ က ပန်းခြံလေးဘက်ကိုမျက်နှာမူပြီး အေးစက်စွာ ပြန်ဖြေလာတယ် ။ ညီ ဒီကိုလာတိုင်း အပြင်သွားလေ့မရှိပါဘူး ။ သိပ်ကိုခိုင်မာလွန်းတဲ့သံယောဇဉ်ကြိုးတွေကို သူကြောက်လို့ထင်ပါရဲ့ ။ မတော်တဆ မဟာ နဲ့ တွေ့မှာကို မသိစိတ်က စိုးရိမ်နေတာ ။
" ကိုယ် သွားတော့မယ် "
" ဟုတ် "
အကို့ နောက်ကနေ သီဟ လိုက်သွားပြီး ကားပေါ်တက်ကာ ထွက်သွားကြသည် ။ အကိုက သူ့ရဲ့ သက်တော်စောင့်တွေအကုန်လုံးကို ရန်ကုန်မှာပဲထားခဲ့ပြီး သီဟ ကိုသာ ခေါ်ထားခဲ့သည် ။ သီဟ က အကို့ကို ဆွေမျိုးရင်းချာတစ်ယောက်လိုစောင့်ရှောက်တာကြောင့် စိတ်ချရသည် ။ သီဟ မပါဘဲ အကိုသွားလို့ရတဲ့နေရာမရှိလောက်အောင်ကို သီဟ က တကောက်ကောက်လိုက်ကာ စောင့်ရှောက်ပေးတတ်သည် ။
မင်းထင် ကော်ဖီဆိုင်လေးထဲဝင်လာတော့ ထောင့်ကျကျခုံလေးမှာ ဝင်ထိုင်လိုက်တယ် ။ ကော်ဖီလေးတစ်ခွက်မှာပြီး အပြင်က လမ်းသွားလမ်းလာတွေ ကားတွေ စက်ဘီးတွေကို ကြည့်နေမိတယ် ။ ကော်ဖီပူပူက အပြင်က ရာသီဥတုကို နွေးထွေးအောင်ပြုလုပ်နိုင်ပေမယ့် ရင်ထဲကရာသီဥတုကိုတော့ မနွေးစေပါ ။ တစ်ရက်နှစ်ရက်စဉ်းစားခဲ့တာမျိုးမဟုတ်ဘဲ လနဲ့ချီပြီး စဉ်းစားပြီးနောက်မှာ ချဖြစ်ခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့် ဒီနေရာမှာရောက်နေရပြီပဲလေ ။