19

11.5K 2.1K 61
                                    

Unicode

ရွှယ်ယို့ရှန်းက အတွေးနွံနစ်နေပြီး လုံးဝမလှုပ်တာကြောင့် ရင်းဆုယဲ့လည်း သူ့ဘာသာပဲ ကျောက်တုံးခန်းထဲကို ဝင်သွားလိုက်တယ်။ အခန်းတစ်ပတ် လျှောက်သွားရင်း ရတနာပစ္စည်းတွေကို လိုက်ကြည့်နေခဲ့တယ်။ ထို့နောက် ရတနာတွေ အများကြီးကြားက သေတ္တာတစ်လုံးကို ကောက်ယူလိုက်ပြီး သေတ္တာထဲက သွေးကြောသဏ္ဍာန် အသေးစိတ်ပုံဖော်ထားတဲ့ ငွေရောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်တယ်။ သူ့ရဲ့ အတိတ်ဘဝတုန်းကဆို မီတာပေါင်းထောင်နဲ့ချီအောင် ကျယ်ဝန်းတဲ့ ဒီပြိုင်ဘက်ကင်း သိုလှောင်လက်စွပ်ကို သုံးပြီး ဒီနေရာမှာရှိတဲ့ ရတနာတွေအကုန်လုံးကို သယ်ယူသွားနိုင်ခဲ့တယ်။

ရင်းဆုယဲ့က အရင်ဘဝတုန်းကအတိုင်း ဝိဉာဉ်စွမ်းအားသုံးပြီး ရတနာပစ္စည်းတွေ အကုန်လုံးကို လက်စွပ်ထဲ သိမ်းဆည်းလိုက်တယ်။ ရတနာတွေအားလုံး သိမ်းယူပြီးမှ ရွှယ်ယို့ရှန်းရှိရာ ပြန်လျှောက်သွားလိုက်တယ်။

“မင်းကို ပေးမယ်..”

ရွှယ်ယို့ရှန်းရဲ့ တုံ့ပြန်မှုကို စောင့်မနေဘူး။ ရင်းဆုယဲ့က တစ်ဖက်လူရဲ့လက်ကို ဖမ်းဆွဲလိုက်ပြီး သူ့ရဲ့ဓားကို အသုံးပြုကာ ရွှယ်ယို့ရှန်းရဲ့ လက်ချောင်းထိပ်လေးကို အသာလှီးဖြတ်လိုက်တယ်။ သွေးစက်က လက်စွပ်ပေါ်ကို ကျသွားတာနဲ့ လက်စွပ်ပိုင်ရှင်အဖြစ် ချက်ချင်း အသိအမှတ်ပြုလာခဲ့တယ်။

“တကယ်ကြီးလား..?”

ရွှယ်ယို့ရှန်းတစ်ယောက် ရတနာပစ္စည်းတွေကို အလွန်ရင်းနှီးနေတဲ့ ဟန်ပန်နဲ့ ရှာဖွေမွှေနှောက်နေတဲ့ ရင်းဆုယဲ့ကို ကြောင်ကြည့်နေမိရင်း ပြန်သတိဝင်လာတော့ သိုလှောင်လက်စွပ်ကို လက်ခံပြီးခဲ့ချေပြီ။ လက်စွပ်က ပိုင်ရှင်ကို အသိအမှတ်ပြုပြီးတာနဲ့ ရွှယ်ယို့ရှန်းရဲ့ လက်အရွယ်အစားအတိုင်း လက်ညှိုးပေါ်မှာ ပေါ်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သိုလှောင်လက်စွပ်ထဲမှာ သိမ်းဆည်းထားတဲ့ ပစ္စည်းစာရင်းက ရွှယ်ယို့ရှန်းရဲ့ ဦးနှောက်ထဲမှာ အလိုလို ပေါ်ထွက်လာခဲ့တယ်။

ရင်းဆုယဲ့က ပုံမှန်လေသံအတိုင်း “အင်း” လို့သာ ပြန်ဖြေလာခဲ့တယ်။ အခုလေးတင် ဘာဆိုဘာမှမဖြစ်ခဲ့သလိုမျိုး သူ့ရဲ့ အေးတိအေးစက်ပုံစံကို ထိန်းသိမ်းထားဆဲပဲ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now