လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၁၀ ) မိုးရယ် ကျွန်တော်ရယ်.. ပြီးတော့ တိရိစ္ဆာန်တကောင်ရယ်“ ခင်ဗျားကြီး ပါးစပ်ကိုပိတ်ထား.. ဘာကျေးဇူးလဲ.. ခင်ဗျားတို့ကို ဘာကျေးဇူးတင်နေရဦးမှာလဲ.. ကျွန်တော့်ကို အဲ့နေရာက ကယ်ထုတ်လာပေးခဲ့ရုံနဲ့တင် ကျွန်တော့်တဘဝလုံး ခင်ဗျားတို့အတွက် စတေးခံဖြစ်ပေးနေရမှာလား..”
သူ ဒေါသထွက်လွန်းလု့ိ မျက်လုံးတွေပါ ပြာလာတယ်။
ခပ်ပြင်းပြင်း တောက်ခတ်သံက ဦးထွန်းမြိုင်ဆီက ထွက်လာတာဖြစ်ပြီး အော်ဟစ်ငိုယိုနေတဲ့ အသံတွေက ဒေါ်ခင်အေးဆီက ဆိုတာကိုပဲ သူ သတိထားလိုက်မိကာ သူ့စိတ်ထဲ ချက်ချင်း ပြို့တက်လာတဲ့ ခါးသက်သက် မုန်းတီးမှုကြီး။ အန်ထုတ်လို့ရရင် အန်ထုတ်ပစ်ချင်တာ။
“ ခင်ဗျားတို့လည်း မွေးထားတာ သား ပါဗျ.. သားလေးပါ.. ကျုပ်က မိဘမဲ့မို့.. မိဘတွေပစ်ထားခဲ့တဲ့ တကောင်ကြွက် တမျက်နှာမို့.. ကျုပ်ကို ဒီလိုလုပ်ရက်ကြတာလား..”
ဘေးနံရံကို ဒုန်းခနဲ လက်သီးနဲ့ ပစ်ထိုးလိုက်တယ်။ လက်ချောင်းရိုးတွေ ကွဲကြေမတတ် ခံစားလိုက်ရတဲ့ နာကျင်မှုဟာ ရင်ထဲက အော်ဂလီဆန်မှုကို မမှီနိုင်ဘူး။
တင်းကျပ်နေတဲ့ ဒဏ်ရာတွေ သက်သာလို့သက်သာငြား အားခနဲ အာခေါင်ခြစ်ပြီး အော်ထုတ်လိုက်တော့ သူ့အသံဟာ ကျက်သရေမရှိတဲ့ ငှက်ဆိုးတကောင် မြည်တွန်နေသံလို။
အရာရာတိုင်းအတွက် ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေက သူ့အတွက်တော့ မတရားမှုသက်သက်ပဲ။
“ ကိုး.. တော်ပါတော့ကွာ.. အကို တောင်းပန်နေတယ်လေ ကိုးရာ.. အကို တောင်းပန်ပါတယ်.. အားလုံးအတွက် အကိုကပဲ တောင်းပန်ပါတယ်နော်..”
ငွေ့ရည်ဖွဲ့နေတဲ့ တိမ်တအုပ်က လမင်းဆီမှာ တွဲလွဲခိုလို့။ အကို ငိုတော့မှာလား..
“ ခင်ဗျားလည်း ပါးစပ်ပိတ်ထား ကိုသော်တာ.. ဝေးဝေးမှာ ဖယ်နေ..”
“ ဘာကို ဖယ်နေရမှာလဲ.. မင်း အကို့မိဘတွေကို စော်ကားမော်ကား ပြောနေတာလေ.. ဒေါသတွေကို ခဏလောက်ထိန်းပါဦး..”