မနက်စောစော အိပ်ယာမှ ထ၍ ကျောင်းသွားရန် ပြင်ဆင်နေသော
ခြူးမေခင်။သစ်သားအိမ်နံရံမှာ ကပ်ထားသော မှန်ထဲမှာ သိပ်လှနေသည့်
ကောင်မလေးကိုတွေ့ရတော့ သူမကကျေနပ်စွာ ပြုံးလိုက်သည်။မေမေ့ကိုမတွေ့ဘူးဆိုတော့ မီးဖိုခန်းထဲမှာ ထင်ပါရဲ့။
စံအိမ်ကြီး၏ မီးဖိုခန်းသို့ရောက်ရန် သူမတို့အိမ်ခန်းလေးကနေ ကားဂိုဒေါင်ကိုဖြတ်သွားရတယ်။ ဖေဖေကြီး ကား မရှိ ပုံ ထောက်တော့ ဆေးရုံသွားပြီထင်တယ်။
မီးဖိုခန်းထဲမှာ မေမေက မဖြူလုံးနဲ့အတူ ရှိနေသည်။
"မေမေရေ "
"ဟော သမီးလေး မနက်စာ စားတော့လေ"
"ဟုတ်"
မေမေ့လက်ရာ ထမင်းကြော်သည်ကား မနက်တိုင်း စားနေရပါသော်လည်း ရိုးအီသွားသည် မရှိခဲ့။ဖေဖေကြီးတို့ထိုင်တဲ့ စားပွဲဝိုင်းကြီးပေါ်မှာ မဟုတ်ပဲ ခုံဝိုင်းလေးချကာ မေမေက မနက်စာ ပြင်ပေးနေပါသည်။
"သမီးရေ"
"ရှင့်"
"သွားသွား အပေါ်ထပ်သွားပြီး
သားလေးကို နှိုးချည်ပါဦး
တော်နေကြာ ကျောင်းနောက်ကျနေပါ့မယ်"ရန်ကုန်မှာ ဆေး_၁ မှာ တက်နေတဲ့ ကိုကိုဆိုရင် ခုချိန် ထလောက်ပြီ။
အိပ်ပုတ်ကြီး အနု ။ သွားနှိုးရလိမ့်ဦးမယ်။ဤစံအိမ်ကြီး၌ မည်သည့်နေရာမဆို သူမ သွားလာ၀င်ထွက်ခွင့်ရှိသည်။
အပေါ်ထပ်က မျက်နှာချင်းဆိုင် အခန်းနှစ်ခုအနက် ညာဘက်က အခန်းရှေ့၌ကား အမြဲလိုလို လာခဲ့ရသည်မှာ ဟိုး ငယ်စဉ်ကတည်းက။"ဒေါက် ဒေါက် ဒေါက်"
"တောက်"
"ဒေါက် ဒေါက်"
"ဟာ ဘယ်သူလဲကွာ"
"ဟဲ့ အနု ထတော့ဟာ ကျောင်းနောက်ကျမယ်။ မနက်စာစားဖို့ ဆင်းခဲ့"
"မစားဘူးဟာ "
"အေး မစားလည်းနေလေ.. ငါတော့ ဆင်းစားပြီ..ဒါနဲ့ နင်သိလား...
မေမေကြော်ထားတဲ့ ထမင်းကြော်လေးကလေ ငရုတ်သီးစိမ်းလေးနုတ်နုတ်စင်း၊ ခရမ်းချဉ်သီးပါးပါလေးထည့်
အဲ့ထဲမှာမှ ကြက်ဥလေးဖောက်ထည့်
အား..ပါး.. မွှေးနေတာပဲ .. ပြီးတော့လေ
အဲ့ထမင်းကြော်လေးပေါ်ကို ငရုတ်ဆော့လေး စမ်းထည့်လိုက်... အား
ပြောရင်းဆိုရင်း စားချင်နေပြီ ။ ငါသွားပြီနော် အနု"