P_8 (Uni)

3.7K 737 176
                                    

အခုတလော ထူးအောင်က အရမ်းအရမ်းကို ရစ်တယ်။ အဲ့ဒါလည်း သူ့အပြစ်တော့မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော့်အပြစ်။ သူလိုအတွေးများတဲ့သူကိုမှ လူသတ်ကား သွားပြီးတော့ ပြမိခဲ့တာ။

'Squid Game'ဆိုတဲ့ ကိုရီးယားကားလေ Fb မှာနာမည်ကြီးပြီး Reviews တွေလည်းကောင်းနေတာနဲ့ ကြည့်ဖို့ဆုံးဖြတ်လိုက်တာ။ ကျွန်တော်ကြည့်မယ်ဆိုတော့ ထူးအောင်က သူ့လည်းပြတဲ့။ အဲ့ဒါနဲ့ နှစ်ယောက်အတူ ကြည့်ဖြစ်ကြတယ်။

ဇာတ်ကားက review များလည်းများချင်စရာပဲ။ ဇာတ်အိမ်ကဆန်းတယ်။ ရိုက်ထားတာလည်း လန်းတယ်။ ပထမဦးဆုံး အကြွေးပိနေတဲ့လူတွေကို ငွေနဲ့မျှားပြီး ဂိမ်းကိုစိတ်ဝင်စားအောင် သွေးဆောင်တယ်။

သွေးဆောင်ခံရတဲ့လူတွေကလည်း တကယ်ကို ငွေကိုလိုအပ်နေတဲ့သူတွေနဲ့ သေမထူး၊ နေမထူးဆိုတဲ့လူမျိုးတွေ။ အဲ့လိုလူမျိုးတွေချည်းပဲဆိုတော့ သူတို့မှာ ရွေးချယ်စရာက အဲ့ဒီကမ်းလှမ်းချက်အပြင် မရှိခဲ့ကြဘူး။ အဲ့တော့ အားလုံးလိုလိုက ဂိမ်းဆော့ဖို့ကို လက်ခံလိုက်ကြတယ်။

ဂိမ်းဆော့မယ့်လူတွေက စုစုပေါင်း (၄၅၆)ယောက်ရှိတယ်။ သူတို့အားလုံးကို ဂိမ်းစီစဉ်သူတွေက မေ့ဆေးငွေ့ပေးပြီး ကျွန်းတစ်ကျွန်းပေါ်ကို ခေါ်သွားကြတယ်။ ဟိုမှာ သူတို့သတိရလာတော့ ကိုယ်ပိုင်နံပါတ်ပါတဲ့ ဆင်တူအင်္ကျီတွေနဲ့ ဖြစ်လို့နေပြီ။

သူတို့မှာပါလာသမျှ ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဘာညာသရာကာတွေကိုလည်း အသိမ်းခံထားရပြီး အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ခန်းမအကျယ်ကြီးထဲမှာ အားလုံးစုပေါင်းပြီး နေရာချပေးခံထားရတယ်။

နောက်တော့ ဂိမ်း(၆)ဂိမ်းဆော့ဖို့ လက်မှတ်ထိုးရတယ်။ နိုင်တဲ့သူက ဂိမ်းကိုဆက်ကစားရမှာဖြစ်ပြီး ရှုံးတဲ့သူကတော့ ကစားပွဲကနေ ထွက်ရမှာဖြစ်တယ်။ ဂိမ်းခြောက်ဂိမ်းဆော့ပြီးလို့ ကျန်နေတဲ့သူက ပိုက်ဆံတွေရမယ်။ ပိုက်ဆံတွေက တကယ်ကိုအများကြီး။

သူတို့ ပထမဦးဆုံး ဆော့ရတဲ့ဂိမ်းက မီးနီမီးစိမ်းဂိမ်းတဲ့။ ရှေ့မှာ အရုပ်က သူ့တို့ကိုကျောပေးပြီး အစိမ်းရောင်မီး၊ အနီရောင်မီးဆိုပြီး အော်တယ်။ အဲ့လိုအော်နေတဲ့အချိန်မှာ သူတို့က အရှေ့ကို အမြန်လှမ်းရတယ်။ အော်တာရပ်ပြီး အရုပ်က သူတို့ဘက်လှည့်လာရင်တော့ ငြိမ်ငြိမ်နေတော့ပဲ။ မဟုတ်ရင် ကစားပွဲကနေ အထုတ်ခံရတယ်။ ကစားပွဲက အထုတ်ခံရတယ်ဆိုတာကလည်း ရိုးရိုးတမ်းတမ်းအထုတ်ခံရတာ မဟုတ်ဘူး။ သေနတ်နဲ့ပစ်ပြီး အသတ်ခံရတာ။ အဲ့တော့ ဇာတ်ကားက အတော်လေးကြည့်လို့ကောင်းတယ်လို့ ပြောရမယ်။

မောင်ထူးယောက်ျား အတွေးသမား (Completed)Where stories live. Discover now