အပိုင်း ၅၉ (အတိတ်)

2.6K 396 0
                                    

[Zawgyi]
အပိုင်း ၅၉ (အတိတ်)

အိမ်ဝင်းထဲမှာရောက်နေကြတဲ့ ရွာသားတွေက ယွီဟိုင်နဲ့ အမျိုးသမီးလျိုတို့ရဲ့ အသိမိတ်ဆွေများနဲ့ အိမ်နီးနားချင်းများသာဖြစ်သည်။ ယွီမိသားစုရဲ့ဒုတိယသား ပြင်းထန်ဒဏ်ရာနဲ့ အိမ်ကိုရောက်လာပြီး ဆေးကုသစရိတ်ပေးဖို့ အချိန်ရောက်လာတဲ့အခါ အဘွားကြီးကျန်းက မရင်ဆိုင်ချင်သလို ရှောင်ဖယ်ဖယ်နဲ့ ဆင်းရဲသားအကွက်တွေ လုပ်နေပြန်သည်။ ဒါပေမယ့် ဘယ်သူမှ ထူးပြီး အံ့ဩမနေတော့ပါဘူး။ ရွာသားတွေလည်း မြင်နေကျမို့ ရိုးနေပါပြီ။
ရွှမ်းကျူးဇနီး စိတ်ထဲ ဝမ်းနည်းသွားရသည်။ အဘွားကြီးကျန်းရဲ့အကြောင်း သူ့အိမ်ကလူကြီးမိဘတွေ ပြောပြလို့ ကြားသိခဲ့ဖူးသည်။ အဘွားကြီးကျန်းသည် အဘိုးယွီ၏ဇနီးဆုံးပြီးနောက် ယူခဲ့သော ဒုတိယမယားဖြစ်ပြီး ပထမ,မယား ယွီဟိုင်တို့အမေနဲ့ ဝမ်းကွဲတော်စပ်သူဖြစ်သည်။ ထိုအချိန်တုန်းက ရက်စက်တဲ့ ယောက္ခမတွေရဲ့ နှင်ချခြင်းခံခဲ့ရတဲ့ အသစ်စက်စက်မုဆိုးမ အမျိုးသမီးကျန်းကို ယွီဟိုင်တို့အမေ လူမမာမကြီးက သနားကြင်နာစွာနဲ့ အိမ်ပေါ်ခေါ်တင်ခဲ့သည်။ နောက်ပိုင်း ယွီဟိုင်တို့ အမေ နာမကျန်းဖြစ်ပြီး ဆုံးပါးသွားတဲ့အခါ အဘိုးယွီက အဖွားကြီးကျန်းရဲ့ ယွီဟိုင်နဲ့သူ့အစ်မတို့အပေါ် ဂရုစိုက်မှုတို့ကို အဟုတ်ထင်ကာ သူ့ရဲ့ဒုတိယဇနီးအဖြစ် လက်ထပ်ယူခဲ့သည်။
အကြီးဆုံးသား ယွီသာ့ရှန်းသည် အဖွားကြီးကျန်းရဲ့ အရင်အိမ်ထောင်မှ ကလေးဖြစ်ပြီး ယွီဟိုင်ထက် နှစ်လသာ ကြီးသည်။ တတိယသားယွီပေါ်နဲ့ အငယ်ဆုံးသမီး ယွီချိုင်သျဲ့တို့ကသာ အဘိုးယွီနဲ့ အဖွားကြီးကျန်းတို့ နှစ်ယောက်ရဲ့ ကလေးတွေဖြစ်သည်။
ယွီဟိုင်ရဲ့အမေ သက်ရှိထင်ရှားရှိစဉ်က အဖွားကြီးကျန်းသည် ကြောင်သူတော် ကြွက်သူခိုးဆန်စွာ ယွီဟိုင်နဲ့သူ့အစ်မတို့ကို သူ့သားအရင်းထက်ပင် ကောင်းမွန်စွာဆက်ဆံခဲ့သည်။ ထို့ကြောင့် ယွီဟိုင်တို့ အမေက သူမရဲ့နောက်ဆုံးထွက်သက်အချိန်မှာ သူ့ကလေးတွေကို အဖွားကြီးကျန်းထံ ယုံကြည်စိတ်ချစွာ အပ်နှံခဲ့သည်။ ဒါပေမယ့် သူမ,ကွယ်လွန်ပြီး မကြာခင်မှာပဲ အဖွားကြီးကျန်းရဲ့ စရိုက်မှန်တွေ ထွက်ပေါ် လာတော့တယ်။
မိသားစုမပြေလည်ဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယွီဟိုင်နဲ့သူအစ်မတို့ကို လူတစ်ယောက်ရဲ့ပုံရိပ် ထင်ဟပ်တဲ့အထိ ရေရောထားတဲ့ဆန်ပြုတ်နဲ့ ပဲဘိန်းမုန့် အနည်းငယ်ကိုသာ နေ့တိုင်း ကျွေးခဲ့သည်။ အဘိုးယွီရဲ့ရှေ့မှာတော့ အားလုံးက တူညီတဲ့အစာပဲ စားရတယ်လို့ ဟန်ဆောင်လိမ့်မည်။ ဒါပေမယ့် တကယ်တော့ သူမရဲ့ကလေးတွေအတွက် ညကျရင်ဝှက်စားဖို့ အစားကောင်းတွေကို သိမ်းထားတတ် သည်။
ယွီဟိုင်ငယ်ငယ်က ဆာလောင်မှုကြောင့် သစ်ပင်တွေပေါ်တက် ငှက်ဥနှိုက်တာ၊ သစ်သီးရှာတာတို့အပြင် ပင်လယ်မှာ ပင်လယ်စာတွေ ရှာစားခဲ့ရသည်။ သူအရွယ်ရောက်လာတော့ တောင်ပေါ်မှာ ရစ်ငှက်တွေ၊ ယုန်ရိုင်းတွေ၊ သားကောင်ငယ်လေးတွေ ဖမ်းတတ်အောင် ကိုယ်တိုင်သင်ယူနိုင်ခဲ့သည်။
ဖြူစင်ရိုးသားတဲ့သူမို့ သူဖမ်းမိတဲ့ သားကောင်တွေကို ဘယ်တော့မှ တစ်ယောက်တည်း တကိုယ်ကောင်းဆန်စွာ မစားခဲ့ဘူး။ အမြဲတမ်း အိမ်ကိုယူသွားပြီး တစ်မိသားစုလုံးစားဖို့အတွက်
သူ့အဖေကို ပြင်ဆင်ခိုင်းသည်။ သို့သော်လည်း အဖွားကြီးကျန်းက ပေါင်သားတွေနဲ့ ခြေထောက်တွေကို သူ့ကလေးတွေအတွက် ရွေးယူထားတတ်တယ်။ ဒါကြောင့် ယွီဟိုင်နဲ့သူ့အစ်မတို့က အသားမရှိသလောက်နည်းတဲ့ အပိုင်းတွေကိုပဲ စားခဲ့ရတယ်။
အဘိုးယွီက ဝေဖန်ရင်လည်း ငါတို့တတိယသားနဲ့ သမီးအငယ်ဆုံးက ငယ်သေးတာကြောင့် ဒုတိယသားက အငယ်တွေကို ဦးစားပေးသင့်တယ် ဆိုတဲ့ ဆင်ခြေကောင်းကောင်းတွေနဲ့ တုန့်ပြန်လိမ့်မယ်။
ယွီဟိုင်ဆယ်ကျော်သက်အရွယ်မှာ အဘိုးယွီနဲ့ ပင်လယ်ထဲကို ငါးဖမ်းစထွက်ခဲ့တယ်။ ၂နှစ်အတွင်းမှာပဲ ရွာရဲ့အတော်ဆုံး ငါးဖမ်းသမားတစ်ယောက် ဖြစ်လာခဲ့တယ်။ သူပင်လယ်ကို ထွက်တဲ့အခါတိုင်း တခြားသူတွေထက် ငါးတွေပိုရခဲ့တယ်။ ဒါ့အပြင် ရှားပါးတန်ဖိုးရှိတဲ့ ငါးမျိုးစိတ်တွေကိုပါ မကြာခဏ ဖမ်းမိခဲ့တယ်။ ထို့ကြောင့် မြို့ပေါ်က လူကုံထံမိသားစုတွေနဲ့ နာမည်ကြီးစားသောက်ဆိုင်တွေက သူဖမ်းရတဲ့ငါးတွေကို နှစ်သက်ကြတယ်။
ထို့ပြင် ယွီဟိုင်က မုဆိုးကျောက်နဲ့လည်း တောင်ပေါ်ကို ခဏခဏအမဲလိုက်ထွက်တယ်။ အချိန်တိုင်း သားကောင်အချို့ အိမ်ပါခဲ့ပေမယ့် အများအားဖြင့် အဖွားကြီးကျန်းက မိသားစုတွေစားဖို့ကို မလိုလားခဲ့ဘူး။ ထို့ကြောင့် သားကောင်အများစုဟာ ငွေအတွက် မြို့ပေါ်မှာရောင်းချခံရပြီး ထိုငွေတွေကို သူမအိတ်ထဲသို့သာ လုံခြုံစွာသိမ်းဆည်းခဲ့သည်။
တဖြည်းဖြည်းနဲ့ ယွီမိသားစုသည် စုတ်ချာချာ ဘိုးဘွားပိုင်အိမ်လေးမှ ပြောင်းရွေ့ပြီး ပင်လယ်နဲ့နီးတဲ့ ရွာအရှေ့ပိုင်းမှာ ငါးခန်းပါအိမ်သစ်တစ်လုံး ဆောက်နိုင်ခဲ့သည်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာပဲ သူတို့ရဲ့ ငါးဖမ်းလှေစုတ်လေးကို လှေအသစ်နဲ့ လဲလှယ်နိုင်ခဲ့သည်။ ယွီဟိုင်ရဲ့ စွမ်းဆောင်ချက်တွေကြောင့် တစ်ချိန်က ဆင်းရဲရာမှာ ကျော်ကြားခဲ့တဲ့ ယွီမိသားစုသည် ရွာထဲမှာ အတင့်အသင့် ပြီးပြည့်စုံတဲ့ မိသားစု အဖြစ်သို့ တက်လှမ်းနိုင်ခဲ့သည်။
မိသားစုရဲ့ ငွေရေးကြေးရေးကိုတော့ အဖွားကြီးကျန်းက အလုံးစုံချုပ်ကိုင်ထားသည်။ သူ့လက်ထဲက ငွေလေးတစ်ပြားရဖို့တောင် မဖြစ်နိုင်ပေ။ မိသားစုအတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်တဲ့ ဈေးစာရင်းကိုတောင် ထပ်ကာထပ်ကာ အသေးစိတ်ကျကျ တွက်ချက်တတ်တယ်။ နေ့တိုင်း ဆန်ကြမ်းဘိန်းမုန့်၊ ပဲစွပ်ပြုတ်နဲ့ အသီးအရွက်ဆားရည်စိမ်တွေကိုသာ စားရတယ်။ တခါတလေ သူတို့ဥယျာဉ်ထဲက အသီးအရွက်တွေကို ဆီပင်မထည့်ဘဲ ရေလုံပြုတ်စားကြရတယ်။ နှစ်သစ်ကူးချိန် မှလွဲ၍ အိမ်မှာ အသားရဲ့အရိပ်ယောင်ပင် မတွေ့ရချေ။
ရွာထဲက အလုပ်သိပ်မလုပ်တဲ့လူတွေနဲ့ အဆင်းရဲဆုံးမိသားစုတွေကတောင် သူတို့မိသားစုထက် အစားကောင်းတွေ စားနိုင်ပြီး ပိုမိုနွေးထွေးတဲ့ အဝတ်အစားတွေ ဝတ်နိုင်ကြတယ်။ ယွီမိသားစုက ဘွားတော်ကြီးက ဆီအိုးထဲ ကြွက်ဝင် သလိုမျိုး သူ့ထံဝင်သွားတဲ့ အရာမှန်သမျှ ပြန်ထွက်ရန်လမ်းမရှိ ဆိုတာ ရွာသားအားလုံး သိကြတယ်။
အကြီးဆုံးချွေးမ အမျိုးသမီးလီရဲ့မိသားစုက သူတို့နဲ့ အိမ်နီးနားချင်းတွေဖြစ်ပြီး ကောင်းမွန်တဲ့ အခြေအနေရှိသည်။ အဖွားကြီးကျန်းက သူမ,သားကြီးနဲ့အမျိုးသမီးလီတို့ရဲ့ မင်္ဂလာပွဲအတွက် တင်တောင်းမယ့် လက်ဆောင်တွေကို ပြင်ဆင်တုန်းက မိသားစုပိုင်ဆိုင်မှု အားလုံးနီးပါးကို အသုံးပြုခဲ့သည်။ အခါအားလျော်စွာ အမျိုးသမီးလီက သူမသားကို ကောင်းမွန်တဲ့အစာတွေစားဖို့ မိဘအိမ်ကို ခေါ်သွားတတ်တယ်။ ပြီးရင် အိတ်အပြည့်နဲ့ ပြန်လာကြပြီး သူတို့အိမ်ခန်းထဲမှာ ဝှက်ထားတယ်။ ဒါပေမယ့် အဘွားကြီးကျန်းက ဒီအပြုအမူတွေကို မမြင်ချင်ယောင်ဆောင်ထားခဲ့တယ်။ ရလဒ်အနေနဲ့ ထိုသားအမိနှစ်ယောက်လုံး မဟားတရားစားပြီး ခန္ဓာကိုယ်တွေက ဘောလုံးတွေလို ဖြစ်လာကြတယ်။ ပိန်လှီအားနည်းတဲ့ ယွီဟိုင့်ဇနီး၊ သားသမီးတွေနဲ့တော့ လုံးဝဆန့်ကျင်ဘက်ပဲ။
ယွီဟိုင်က အမျိုးသမီးလျိုကို အိမ်ထောင်ဖက်အဖြစ် ကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူကို အောင်သွယ်တော် ငှားရမ်းပြီး စေ့စပ်ကြောင်းလှမ်းပေးဖို့ တောင်းဆိုခဲ့တယ်။ အဲ့အချိန်တုန်းက ကုန်စုံဆိုင်ပိုင်ရှင်ရဲ့သမီး ဝတုတ်တုတ် ရုပ်ဆိုးဆိုး အမျိုးသမီးတစ်ယောက်က အရပ်ရှည်ရှည် ချောမောပြီး အရည်အချင်းရှိတဲ့ ယွီဟိုင်ကိုသဘောကျခဲ့တယ်။ သူတို့က လူတစ်ယောက်ငှားပြီး သတို့သားဘက်က ဘာပစ္စည်းမှ တင်တောင်းစရာမလိုတဲ့အပြင် သူတို့ဘက်က လက်ဖွဲ့ငွေ လျန်သုံးဆယ်ပါ ပြင်ဆင်ထားတယ်ဟု အဖွားကြီးကျန်းကို သွားပြောခိုင်းခဲ့တယ်။
ယွီမိသားစုလို ငါးဖမ်းရွာလေးက သာမန်မိသားစုတွေအတွက် တစ်နှစ်ကုန်ကျငွေက သုံးလျန်မှ ငါးလျန်ခန့်သာဖြစ်သည်။ နေ့တိုင်း ငါးဖမ်းထွက်တာကနေ ဝင်ငွေကောင်းကောင်းရပေမယ့် တတိယသားယွီပေါ်ရဲ့ ပညာသင်စရိတ်တွေကို ပေးရတယ်။ ဒါ့အပြင် သူ့ရဲ့စာမေးပွဲကြေးကိုလည်း ကြိုတင်ပြင်ဆင်ထားရတယ်။ အငယ်ဆုံးသမီးရဲ့ လက်ဖွဲ့ငွေအတွက်လည်း စုဆောင်းထားရဦးမယ်။ အဲ့ဒီအချိန်တုန်းက လျန်သုံးဆယ်က ယွီမိသားစုအတွက် တော်တော်များပြားတဲ့ ငွေပမာဏပဲ။ ဒီတော့ သေချာပေါက် အဘွားကြီးကျန်းအတွက် မက်လောက်စရာဖြစ်နေသည်ပေါ့။
ဒီကမ်းလှမ်းမှုကိုလက်ခံဖို့ စိတ်ပိုင်းဖြတ်လိုက်ချိန်မှာပဲ ယွီဟိုင်နဲ့အမျိုးသမီးလျိုတို့ရဲ့ မင်္ဂလာပွဲက အထမြောက်ခဲ့တယ်။ အမျိုးသမီးလျိုက သာမန်မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး သူ့အစ်ကိုများကလည်း မကြာသေးခင်ကမှ အိမ်ထောင်ပြုသွားတာကြောင့် လက်ဖွဲ့ငွေအတွက် လျန်အချို့ကိုသာ ခက်ခက်ခဲခဲ စုဆောင်းနိုင်ခဲ့တယ်။ ဒါက ကုန်စုံဆိုင်ပိုင်ရှင်တို့ ကမ်းလှမ်းခဲ့တဲ့ လျန်သုံးဆယ်နဲ့စာရင် အများကြီး ကွာဟနေတယ်။ သူမ လက်ဝယ်ရရှိတော့မယ့် လျန်သုံးဆယ်လေး ရုတ်ချည်း ပျောက်ကွယ်သွားတဲ့အခါ အဘွားကြီးကျန်းက အမျိုးသမီးလျိုကို မဆီမဆိုင် အငြှိုးထားတော့တယ်။
အမျိုးသမီးလျို ထိုမိသားစုထဲကို ဝင်ရောက်လာချိန်ကစလို့ အိမ်အလုပ်တွေ အားလုံးနီးပါးကို တာဝန်ယူရတယ်။ ထမင်းဟင်းချက်၊ အဝတ်လျှော်၊ ငါးညှီပင်နဲ့ထင်း ကောက်တာတွေ လုပ်ရတယ်။ ကြက်စာ ဝက်စာကျွေးရတယ်။ မိသားစုပိုင် လယ်နှစ်ကွက်ကိုလည်း ဂရုစိုက်ရတယ်။ သူမကိုယ်ဝန်ရှိ လာတဲ့အချိန်မှာတောင် အဘွားကြီးကျန်းက အနားမပေးခဲ့ဘူး။ တစ်ချိန်လုံးလည်း သူမ,လုပ်သမျှကို အပြစ်မရှိအပြစ်ရှာကာ ဆူပူမာန်မဲတယ်။
အမျိုးသမီးလျိုရဲ့ အငယ်ဆုံးသား ရှီထုန်ကို မွေးတုန်းကဆိုရင် မီးတွင်းထဲနေရတဲ့ ကာလတောင် မပြီးသေးဘဲ ရေခဲတွေဖုံးလွှမ်းနေတဲ့ မြစ်ဆီကို အဝတ်လျှော်ဖို့ အခိုင်းခံရတယ်။ ရလဒ်အနေနဲ့ အဖျားဝင်ပြီး နာတာရှည်ရောဂါရဲ့ သက်ရောက်မှုတွေကို ခံစားခဲ့ရတယ်။ ဆောင်းတွင်းနဲ့ မိုးရွာတဲ့ နေ့တွေမှာဆိုရင် အဆက်မပြတ် ချောင်းတွေဆိုးလာတယ်။ တခါတလေ ချောင်းဆိုးရလွန်းလို့ အသက်ရှုရခက်ပြီး မျက်နှာတွေပြာလာတဲ့အထိ ဆိုးရွားလှတယ်။ ထိုမျှမက တစ်ခါတစ်ခါ သေလုမျောပါးဖြစ်သွားတဲ့ အခြေအနေတွေလည်း ရှိခဲ့တယ်။
နှစ်တိုင်း အမျိုးသမီးလျိုရဲ့ဖျားနာမှုကြောင့် သမားတော်ပြရပြီး ဆေးသောက်ရတဲ့ကိစ္စက အဓိကကုန်ကျစရိတ် ဖြစ်လာတယ်။ ထို့အပြင် ယွီရှောင်ချောင်းကလည်း မွေးရာပါအားနည်းပြီး မကြာခဏ ဖျားနာတတ်တယ်။ သူတို့ရဲ့ ဆေးဖိုးတွေကို ပေးရတိုင်း အဘွားကြီးကျန်းအဖို့ တစ်ယောက်ယောက်က သူ့ရဲ့ဘိုးဘွားသင်္ချိုင်းကို တူးနေသလိုပဲ။ သူတို့နှစ်ယောက်ကို ဆူတိုင်းလည်း မဆုံးနိုင်တဲ့ငွေကုန်ပေါက် ဆေးစားသရဲနှစ်ကောင်ကို ကျွေးမွေးနေရတယ်လို့ ညီးညူလေ့ရှိတယ်။
အရင်က ယွီဟိုင်ရဲ့ ငွေရှာနိုင်စွမ်းတွေကိုကြည့်ပြီး အဘွားကြီးကျန်းက ပါးစပ်နဲ့သာ ချီးကျူးရင် ချီးကျူးလိမ့်မယ်။ ဆေးဖိုးအတွက်တော့ ပိုက်ဆံလုံးဝထုတ်မပေးချင်ပေ။
အခုရက်ပိုင်း အဘွားကြီးကျန်းရဲ့ မပြီးနိုင်တဲ့ ရန်စကားတွေကြောင့် ယွီဟိုင်က သူ့သူငယ်ချင်း ကျောက်ပုဖန်းနဲ့ တောင်တွေရဲ့အနောက်ပိုင်းကို အမဲလိုက်ထွက်ခဲ့တယ်။ သို့သော် မမျှော်လင့်ဘဲ
ဂူထဲမှာ ဆောင်းခိုနေတဲ့ ဝက်ဝံတစ်ကောင်ကို အနှောက်အယှက်ပေးမိသွားတယ်။ မုဆိုးကျောက်ကို ကယ်ရင်း ယွီဟိုင်ရဲ့ ခြေထောက်တစ်ဖက် အပြင်းအထန် ဝက်ဝံကိုက်ခံရပြီး ကျောတွင်လည်း ကုတ်ခြစ်ရာတွေနဲ့ သွေးအလိမ်းလိမ်းဖြစ်နေတယ်။ အခု အသက်ကိုတောင် မျှင်မျှင်လေးပဲ ရှူနိုင်တော့သလိုပဲ။
ဒါပေမယ့် သူက အတော်ကံကောင်းတယ် ဆိုရမယ်။ သူ့ရဲ့သွေးကြောတွေ ပေါက်ပြဲမတတ် ဖြစ်နေတာတောင် သမားတော် ရောက်လာတဲ့အချိန်ထိ တောင့်ခံနိုင်ခဲ့တယ်။ မြို့က အတော်ဆုံး သမားတော်ကတော့ သတင်းကောင်းတွေ ပေးနိုင်လိမ့်မယ်လို့ အစက သူတို့မျှော်လင့်ထားကြတယ်။ ဒါပေမယ့် ယွီဟိုင်ရဲ့ ဒဏ်ရာကို စမ်းသပ်ကြည့်ပြီးနောက် တုန်းရန်ဆေးတိုက်က သမားတော်စန်းလည်း ခေါင်းကိုသာ ခါရမ်းနိုင်တော့တယ်။
လုပ်နိုင်တာအကုန်လုပ်ပြီး ကျန်တာကံကိုပဲပုံအပ်ကြတာပေါ့
ထို့နောက် သူကဆေးညွှန်းစာကို တွန့်ဆုတ်စွာရေးပြီး ဆေးဝါးကုသတာက ထိရောက်မှုရှိမှာမဟုတ်ဘဲ စိတ်သက်သာရာရအောင်သာ ဖြစ်တယ်လို့ပြောတယ်။
ဆေးတစ်ခွက်စာက တစ်လျန်နီးပါးကုန်ကျပြီး ထိုအရာက ယွီမိသားစုရဲ့ ဒုတိယသားကို ကယ်တင်နိုင်ဖို့ မသေချာဘူးတဲ့လား။ သူမ ကျားခုတ်ကျားခဲ စုဆောင်းထားရတဲ့ ငွေတွေကိုတော့ အဘွားကြီးကျန်းက ဘယ်နည်းနဲ့မှ အလေအလွင့်အဖြစ်ခံမှာ မဟုတ်ဘူး။ ယွီဟိုင်သာ နိုးမလာနိုင်တော့ရင် ဒီအားနည်းပြီး လူမမာတွေပြည့်နေတဲ့ မိသားစုက ယွီမိသားစုအတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာတော့မယ်။ တကယ်လို့ ခြေတစ်ဖက်မဲ့နဲ့ ယွီဟိုင်အသက်ရှင်ပြန်ရင်လည်း မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေအုံးမှာပဲ။
ရွှမ်းကျူးရဲ့ဇနီးက လက်ရှိအခြေအနေကို သိမြင်ပြီးဖြစ်သည်။ အကယ်၍ အဘွားကြီးကျန်းသာ သူမ ဆန္ဒအတိုင်း လုပ်ခွင့်ရှိမယ်ဆိုရင် သေချာပေါက် တွေဝေမနေဘဲ ယွီဟိုင်တို့မိသားစုကို အိမ်ပေါ်က နှင်ချပစ်မည်သာဖြစ်သည်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီမိသားစုမှာ အဘိုးယွီကသာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချခွင့်ရှိသည်မလား။ ပြီးတော့ ရွာသားတွေရဲ့ အတင်းပြောခံရမှာလည်း စိုးသေးတာကြောင့် အဘွားကြီးကျန်းက သူ့အကြံကို ဘွင်းဘွင်းကြီး ထုတ်မပြောရဲတာဖြစ်သည်။
အိုက်ရား! ဒီအဘွားကြီးကျန်းနဲ့တော့ ယွီဟိုင်တို့တွေ ရှေ့လျောက် ဘယ်လိုများနေကြမလဲ ရွှမ်းကျူးရဲ့ဇနီးက သူတို့အတွက် မစိုးရိမ်ဘဲမနေနိုင် ဖြစ်သွားတယ်။
လေထုထဲမှာ သွေးညှီနံ့ပြင်းပြင်းက ပျံ့လွှင့်နေသည်။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ယွီဟိုင်က အလွန်အမင်း ဖျော့တော့နေပြီး အသက်ရှူသံတွေ နှေးကွေးနေသည်။ တောင်ပေါ်ကို တစ်ခါသွားတိုင်း အနည်းဆုံး ကြေးဒင်္ဂါး လေးရာကနေ ငါးရာအထိရတတ်တဲ့ ယွီဟိုင်က အခုတော့ အဖာအထေးတွေနဲ့ မှေးမှိန်နေတဲ့ ဂွမ်းစောင်လေးတစ်ထည်ကိုသာ လွှမ်းခြုံထားသည်။
မှောင်မဲကျဉ်းကျပ်တဲ့ ထိုအနောက်ဘက်ခန်းလေးတွင် ကုတင်တစ်ခုထဲကတင် နေရာအပြည့် ယူထားသည်။ ကုတင်ခေါင်းရင်းတွင် ကြိမ်သေတ္တာဟောင်းတစ်လုံးရှိပြီး ပျဉ်ပြားတွေနဲ့ ရိုက်ထားတဲ့ စားပွဲတစ်လုံးက ကုတင်ဘေးမှာ တည်ရှိသည်။ ဒါအကုန်ပါပဲ။ မိသားစုရဲ့ အဓိက လုပ်အားတွေဖြစ်တဲ့ ယွီဟိုင်နဲ့သူ့ဇနီးက ကလေးတွေအများကြီးနဲ့ ဒီပြွတ်သိပ်ကျပ်ညက်နေတဲ့ အခန်းထဲမှာ နေကြရတယ်။
ယွီဟိုင်အသက်ရှိနေစဉ်မှာတောင် ဒုတိယမိသားစုတွေက ဒီလိုဆက်ဆံခံနေရပြီ။ တကယ်လို့သာ
မြန်မြန် သမားတော်စန်းကို ဆေးဖိုးပေးလိုက်!
အဘွားကြီးကျန်းက အဘိုးယွီကို အိမ်မကြီးထဲ ဆွဲခေါ်သွားပြီးနောက် ရုတ်တရက် အဘိုးယွီရဲ့ အော်သံထွက်ပေါ်လာတယ်။ ခြံဝင်းထဲက ရွာသားတွေက တစ်ယောက်မျက်နှာတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြတယ်။ အဘွားကြီးကျန်းက တကယ်ပဲ သူ့ရဲ့ ကောင်းချင်ဟန်ဆောင်မှုတွေကို ခဝါချပြီး ယွီဟိုင့်အတွက် ဆေးဖိုးပေးဖို့ ငြင်းဆန်လိုက်ပြီလား?
ဒါက ငါးလျန်ရှင့်! ဆေးသောက်ရင်လည်း အလကားပဲလို့ သမားတော်ကပြောခဲ့တယ်မလား! ရှောင်ချောင်းမှာလည်း သမားတော်ယိုရဲ့ ဆေးသေတ္တာရှိတယ်မလား၊ စိတ်ဖြောင့်ရုံအတွက်ဆို အဲ့ဆေးတွေကို သုံးရင်လည်းဖြစ်တာပဲ၊ ငါးလျန်က တတိယသားအတွက် တစ်လစာ မင်နဲ့စုတ်တံ ထောက်ပံ့လို့ရတယ်!
အဘွားကြီးကျန်းက မိမိသားပေါက်ကို ကာကွယ်နေတဲ့ သားရဲမကြီးတစ်ကောင်လို ဟိန်းဟောက်လိုက်တယ်။
အဘိုးယွီရဲ့အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာတယ်။
မင်းဆီမှာ ငွေဘယ်လောက် စုထားတယ်ဆိုတာ ငါမသိဘူးများထင်နေလား၊ မျှော်လင့်ချက်သေးသေးလေးပဲ ရှိမယ်ဆိုရင်တောင် လုပ်နိုင်တဲ့အထိ အကောင်းဆုံးလုပ်ရမှာပဲ၊ ဒါမှမဟုတ်ရင် မင်းစိတ်ထဲ လိပ်ပြာလုံပါ့မလား! ရှောင်ချောင်းတို့ မောင်နှမတွေ မင်းကိုနာကျည်းသွားမှာ မကြောက်ဘူးလား!
အဘွားကြီးကျန်းက မလိုက်နာချင်သေးဘူး။
ကျွန်မသူ့ကို မကယ်ချင်တာမဟုတ်ပါဘူး၊ ဒါပေမယ့် သမားတော်က ဆေးသောက်တာက မကူညီနိုင်ဘူးလို့ ပြောတယ်မလား၊ အဲ့ဒါဆို ဘာလို့ငွေကို အလကား ကုန်ခံနေတော့မှာလဲ၊ ငွေတွေကိုစုထားပြီး ဒုတိယသား ကလေးတွေကို ပြုစုပျိုးထောင်ဖို့ ကူညီတာ ပိုကောင်းပါတယ်
အိမ်မကြီးထဲက သက်ကြီးစုံတွဲ ရန်ဖြစ်နေတာကိုကြည့်ရင်း အိမ်ဝင်းထဲက ရွာသားတွေက အနောက်ဘက်အခန်းကို စာနာစွာကြည့်ရင်း ခေါင်းတွေကို အဆက်မပြတ် ခါရမ်းကြတယ်။
ဦးလေးယွီ
သန်စွမ်းရဲရင့်တဲ့ အငွေ့အသက်တွေ ထုတ်လွှတ်နေတဲ့ တောင့်တောင့်ဖြောင့်ဖြောင့် ယောက်ျားတစ်ယောက် ယွီမိသားစုအိမ်ဝင်းထဲကို ဝင်လာခဲ့တယ်။ သူကတော့ ဒီနေ့ယွီဟိုင် ကယ်တင်ခဲ့တဲ့ ကျောက်ပုဖန်း။
သူ့အသံလည်းကြားရော အဘွားကြီးကျန်းက အခန်းထဲကနေ ချက်ချင်းဝုန်းဒိုင်းကြဲ ထွက်လာတယ်။ သူမက သေးငယ်ပျော့ပျောင်းတယ် ထင်ရပေမယ့် တကယ်တော့ တော်တော်သန်တယ်။ သူက ကျောက်ပုဖန်းရဲ့ အင်္ကျီရှေ့ပိုင်းကို ဆတ်ခနဲ ဆွဲဆုပ်ပြီး အမြင့်ဆုံးအသံနဲ့ အော်တော့တယ်။
မုဆိုးကျောက်! မင်းကြောင့်သာ မဟုတ်ရင် ငါတို့ယွီဟိုင်က သေလုမျောပါး ကုတင်ပေါ်လှဲနေရမှာ မဟုတ်ဘူး! ငါမသိဘူး! ငါတို့ရဲ့ဒုတိယသားက မင်းကြောင့်ဒဏ်ရာရတာမလို့ ဆေးဖိုးအတွက် မင်းတို့ကျောက်မိသားစုမှာ တာဝန်ရှိတယ်! ပြီးတော့ တကယ်လို့ ယွီဟိုင်သာ တစ်ခုခုဖြစ်သွားရင်လည်း ကျန်ခဲ့မယ့် ဒုတိယမိသားစုက မုဆိုးမနဲ့ဖအေမဲ့ကလေးတွေကို မင်းတို့ပဲတာဝန်ယူရမယ်!
နောက်ဆုံးမှာတော့ အဘွားကြီးကျန်းဂရုစိုက်တာ ယွီဟိုင်ရဲ့အသက်ရှင်ခြင်း၊ မရှင်ခြင်း မဟုတ်ခဲ့ပါဘူး။ သူမဂရုစိုက်တဲ့ တစ်ခုတည်းသောအရာက ပိုက်ဆံ, ပိုက်ဆံ, ပိုက်ဆံသာ ဖြစ်သည်။
မစိုးရိမ်ပါနဲ့ အရီး! နောင်ကြီး ယွီဟိုင်က ကျနော့်ကို ဒီကံဆိုးမှုကနေကယ်ခဲ့တာပါ၊ သူကြောင့်သာမဟုတ်ရင် ကျနော်သေတာကြာပါပြီ! ကျနော်, ကျောက်ပုဖန်း, ရိုးသားပြီး ပြတ်သားတဲ့ယောက်ျားတစ်ယောက်, ဘယ်တော့မှ ကျေးဇူးကန်းတဲ့ သစ္စာဖောက်တဲ့ လုပ်ရပ်မျိုးမလုပ်ဘူး! အကိုယွီဟိုင်ကို တိုက်ခိုက်ခဲ့တဲ့ ဝက်ဝံကို ကျနော်သတ်ပြီး မြို့မှာရောင်း
လောဘကြီးတဲ့ အဘွားကြီးကျန်းက ကျောက်ပုဖန်းရဲ့ စကားမဆုံးခင် ဖြတ်ပြောလိုက်တယ်။ မုဆိုးကျောက် စကားပြောဖို့အခန်းထဲကိုဝင်ခဲ့!
ဝက်ဝံရဲ့ အမွှေးနဲ့သည်းခြေကိုထားလိုက်အုံး ဝက်ဝံလက်တွေနဲ့ အသားတွေရယ်တင် မြို့မှာ ဈေးအများကြီးနဲ့ ရောင်းရနေပြီ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now