လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၁၂ ) အရင်က သော်တာနိုင်ရော.. ပြန်မွေးဖွားလာချင်မလား“ ပြောပါဦး.. ဘယ်လို အိမ်မက်ဆိုးမို့ မိုးရွာကြီးထဲ ကျောင်းကနေပါ ထွက်ပြေးသွားရတာတုန်း..”
အကိုက မိုးရွာထဲဆိုတာနဲ့ ကျောင်းကနေ ထွက်ပြေးသွားတယ်ဆိုတဲ့ စကားတွေကို တမင်ဖိပြောတယ်။ အကို့လို စံပြကျောင်းသားက ဒီလုပ်ရပ်တွေအတွက် လက်မခံနိုင်ဖြစ်နေပုံပဲ။
ကိုးမှာ သူ့ဆံပင်တွေကို လက်နဲ့ဖွကာ သက်ပြင်းချရင်း..
“ ကျွန်တော် ပြောရင် အကို ယုံမှာမဟုတ်ဘူး..”
“ ကဲ.. ပြောမှာဖြင့်သာ ပြောစမ်းပါ..”
အကိုက ပြောပြောဆိုဆိုနဲ့ သူ့စာကြည့်ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ ကုတင်ပေါ်မှာ ထိုင်နေတဲ့သူနဲ့ မျက်နှာချင်းဆိုင် အနေအထားပေါ့။ ကျောင်းအကျၤ ီအဖြူလက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်ဝတ်ထားတဲ့ အကို့ပုံစံလေးကို ခဏလောက် ငေးပြီး အကြည့်လွှဲလိုက်ရတယ်။
အရင်တုန်းကလည်း အကိုက ဒီပုံစံ.. အခုလည်း အကိုက ဒီပုံစံပဲ။ ပြောင်းလဲသွားသည်က အကိုရဲ့ ကျွန်တော့်အပေါ် စိတ်ဝင်စားမှုလေး။
အကိုက ကြင်နာနွေးထွေးတဲ့သူပေမယ့် တယောက်တည်း အေးအေးဆေးဆေး နေတတ်ခဲ့တာလေ။ အကို့ဆီက အာရုံစိုက်မှုလေး တခါ ရဖို့အရေး.. သူ့မှာ နည်းမျိုးစုံ ဆိုးသွမ်းပြခဲ့ရတာတွေ မှတ်မိပါသေးတယ်။ ဒေါ်ခင်အေးက သူ့ကို ဇွတ်အတင်း အိမ်ပြန်ခေါ်ထားတုန်းက သူ ခဏခဏ အိမ်ကနေ ခိုးထွက်တာ။ အဲ့တုန်းကလည်း အကို့မှာ မတတ်သာပဲ သူ့ဆီ ဖုန်းတဂွမ်ဂွမ် ဆက်ရတာတွေပေါ့။
အခုတော့ သူ ဘာတွေဖြစ်နေသလဲဆိုတာ အကိုက လိုလိုလားလားနဲ့ကို သိချင်နေပြီတဲ့။
ကျွန်တော် အတတ်နိုင်ဆုံး စိတ်တွေတည်ငြိမ်နေအောင် ကြိုးစားလိုက်ပြီး အမှောင်တဖက်ခြမ်းမှာ သိုဝှက်လို့ထားတဲ့ ကိုးကို လှမ်းမြင်ယောင်ကြည့်မိတယ်။
ကိုးက အကို့ကို မုန်းတီးဆာလောင်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေတာ..