အပိုင်း ၆၃ - မိသားစုကွဲခြင်း (၁)

3K 425 4
                                    

[Zawgyi]

အမျိုးသမီးလျိုဟာ သူ့ယောက္ခမနဲ့ အကြီးဆုံးယောင်းမက သူသမီးတွေကို ရောင်းစားတော့မယ်လို့ ပြောတာကိုကြားတော့ သတိလစ်မတတ်တောင်ဖြစ်သွားတယ်။ ဒီမိသားစုက ကိုယ့်ကလေးကို ပြန်ရောင်းရမယ့်အထိတောင် မွဲနေတာလား
အမေရယ် ချောင်းအာရဲ့ ကျန်မာရေးကလည်းပြန်ကောင်းလာပြီး ခုဆိုရင် မိသားစုကိုတောင် လုပ်ကူလို့ရနေပြီ .. လျန်အာဆိုရင်လည်း ဝက်တွေကို အစာကျွေးဖို့ရော ကြက်တွေကိုကြည့်ဖို့ရောပါ ကူပေးနိုင်နေပြီ.. ခုဆိုရင်အိမ်ကခြံကိုတောင် ပြုစုပေးနေတာ.. တောင်းပန်ပါတယ် .. ကျွန်မထိုင်ရှိခိုးပါတယ်.. ကျွန်မသမီးတွေကိုတော့ မရောင်းစားပစ်ပါနဲ့
အမျိုးသမီးလျိုက နဂိုစိတ်ရင်းကိုက ပျော့ညံ့တဲ့သူမို့ သူမကိုဘယ်လောက်ပဲ အနိုင့်ကျင့်ပါစေ သူ့ယောက္ခမကိုတော့ တစ်ခွန်းတောင် အာပြန်မခံခဲ့ဘူး။ ဒါပေမယ့် ခုကိစ္စက သူ့သမီးနှစ်ယောက်ရဲ့ ရှေ့ရေးတွေပါ ပါလာတော့ သူမအနေနဲ့ ငိုကြွေးပြီးရှိခိုးတောင်းပန်လို့နေတယ်။
အဖွားကြီးကျန်းက မျက်မှောင်ကြုတ်ပြီး စိတ်မရှည်တဲ့လေသံနဲ့
နင့်ဘာသာနင်ပဲ စဉ်းစားကြည့် ..ဒီရက်ထဲကို ဒုတိယသားရဲ့ ဒဏ်ရာကိုကုဖို့ လျန်တွေဆယ်ချီ ကုန်ခဲ့ပြီးပြီ.. နွေဦးအစဆိုတော့ ရာသီဥတုကလည်း သာသာယာယာမရှိဘူး.. ဒါကြောင့် နင့်ယောက္ခထီးနဲ့ ယောက်ဖတို့ကလည်း ငါးတွေတစ်ကောင်မှ ဖမ်းမရဘူး.. ခုဆိုရင် အိမ်မှာ ဘာဝင်ငွေမှကိုမရှိဘူး.. အဲ့တာကို နင့်သမီးတွေမှ မရောင်းပစ်ရင် မင်းအကြီးဆုံးယောင်းမရဲ့သားကို ရောင်းပစ်ရမှာလား နင့်ယောက်ျားရဲ့ ဒဏ်ရာကို ဆေးရော ကုမှကုပေးချင်သေးရဲ့လား
အမျိုးသမီးလီကလည်း နောက်ကနေ ကြိတ်ပြီးသံယောင်လိုက်နေခဲ့တယ်။
အမှန်ပဲ အမှန်ပဲ! သမားတော်စန်းကတောင် နင့်ယောက်ျားက သတိရလာရင်လည်း သူ့ခြေတစ်ဖက်က ပြန်ကောင်းလာတော့မှာမဟုတ်ဘူးတဲ့.. အဲ့မသန်မစွမ်းတစ်ယောက်အတွက် ပိုက်ဆံက ထပ်ကုန်ရဦးမှာ မဟုတ်ဘူးလား နင်လည်း ဘာထူးလဲ.. တစ်ထစ်ထဲရှိ ဖျားနာနေတာ.. နင့်ဆေးဖိုးတွေအတွက်ရော ပေးစရာငွေမလိုဘူးလား။ တတိယအကိုက နောက်နှစ်ဆို ခရိုင်အဆင့်စာမေးပွဲဖြေရတော့မှာ ပြီးရင်အငယ်ဆုံးညီမကလည်း လက်ထပ်ရဦးမှာနဲ့ .. ဒါတွေအားလုံးကိုလုပ်ဖို့ ငွေတွေမလိုဘူးလားပြော နင်တို့တစ်မိသားစုပဲ ဒီအိမ်ကငွေတွေအကုန်ထိုင်သုံးနေရင် ကျန်တဲ့သူတွေက ဘယ်လိုလုပ်မလဲ ငါတို့တွေ ဘယ်လိုဆက်အသက်ရှင်ရမှာလဲ
ကျန်သေးတယ်..
အမျိုးသမီးလီတစ်ယောက် လည်ချောင်းရှင်းပြီး ပြောလတ်စစကား ဆက်ပြောတယ်။
ကျိုးမိသားစုဆိုတာ တစ်မြို့လုံးမှာ အချမ်းသာဆုံးမိသားစုပဲ.. ကျိန်ရှုံစားသောက်ဆိုင်ဆိုလည်း ကြည့်ပါလား မြို့ထဲမှာတောင် ဆိုင်ခွဲထပ်ချဲ့ထားတာ.. အဲ့ကအစေခံမတွေဆို တခြားဆီကထက် သားသားနားနားဝတ်ရပြီး ကောင်းကောင်းကန်းကန်းလည်း စားရတယ်.. လစာဆိုလည်း တစ်လတစ်လျန်ပဲရတာမဟုတ်ဘူး.. ကြားပေါက်တွေကလည်း ရသေးတတ်တာ.. ရှောင်လျန်နဲ့ ရှောင်ချောင်းသာ အဲ့ရောက်ရင် ပေါ့ပေါ့ပါးပါးတောင် နေရဦးမယ်
ရှောင်လျန်က ကြောက်ကြောက်နဲ့ ပက်ခနဲပြန်ပြောလိုက်တယ်။
ကောင်းတယ်ဆို ရှင်ကျ ဘာလို့မသွားလဲ ကျိုးမိသားစုက အသက်ကြီးတဲ့အစေခံတွေလည်း ခေါ်ထားသေးတယ်နော်! အကြီးဆုံးမရီးလည်း အဲ့ဆီသွားလျှောက်ပြီး သက်သက်သာသာဘဝကို သွားနေလိုက်ပါလား..
အမျိုးသမီးလီရဲ့မျက်နှာ ခဏချင်းပြောင်းသွားပြီး ရှောင်လျန်ကို ဆူလိုက်တယ်။
ဒီသောက်ကောင်မလေး ဘာတွေလာပြောနေတာလဲ
ယွီရှောင်ချောင်း ဟွန်းခနဲ နှာမှုတ်လိုက်ပြီး ပြန်ပြောခဲ့တယ်။
အကြီးဆုံးအရီး ရှောင်လျန်ပြောတာဟုတ်တယ်.. ကျိုးစံအိမ်မှာ အစေခံလုပ်ရတာကကို ကောင်းချီးတစ်ပါးလို့တော့ ထင်နေပြီး ဘာလို့ကိုယ်တိုင်ကျတော့ သွားမလုပ်ချင်ရတာလဲ။အဲ့လို သခင်စံအိမ်တွေမှာ ရောင်းစားခံရရင် ဘာလွတ်လပ်မှုမှ ရှိလာတော့မှာ မဟုတ်ဘူး.. အရိုက်အနှက်ခံရလို့ သေပဲသေသေ ပြန်ပဲရောင်းရောင်း ဒါတွေက ပိုင်ရှင်ရဲ့သဘောထားမလို့ ဘာမှငြင်းဆန်ခွင့်ရှိမှာတောင်မဟုတ်ဘူး.. အကြီးဆုံးအရီးက ကောင်းကွက်တွေပဲ ဇွတ်ပြောနေတာကိုး..ဒါပေမယ့် အဲ့လူချမ်းသာတွေရဲ့ အနီရောင်တံခါးနောက်ကွယ်မှာ အစေခံတွေဘယ်လောက် သေကျေခဲ့လဲဆိုတာကိုတော့ ထည့်မပြောတော့ဘူးလား။ အကြီးဆုံးအရီးက သမီးတို့ကို သေစေချင်နေတာမလား!
ဒါကိုကြားတော့ အမျိုးသမီးလျိုက လန့်ဖြတ်တာပဲလား ဒေါသပဲထွက်နေတာလားမသဲကွဲ။ ကြားကြားချင်း တစ်ကိုယ်လုံး ကတုန်ကယင်ဖြစ်လာခဲ့တယ်။ ဒါပေမယ့် သူ့အသံက နဂိုကတည်းက စကားပြောရင် မာမာထန်ထန်ရှိတော့
ကျွန်မဘဝဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ကျွန်မသမီးတွေကိုတော့ လုံးဝမရောင်းစားနိုင်ဘူး! ယောက္ခမ ကျွန်မဘက်ကတော့ ထပ်ညှိနှိုင်းစရာမရှိတော့ဘူး
အဖွားကြီးကျန်းရဲ့ ဒေါသက ငယ်ထိပ်ထိထောင် တတ်လာတယ်။ ပြီးတော့လည်း လူကြီးမင်းယွီက ငါးဖမ်းရာကနေ ပြန်လာတော့မှာကိုး။ ဒါကြောင့် သူ့လင်မလာခင် ဒီကလေးမတွေကို ရောင်းမှရမှာ။ ဒီလိုနဲ့ ကလေးတွေရဲ့အမေပြောတာကို ပြန်ကန်ပြီး
ကလေးတွေရောင်းတာမရောင်းတာက နင်နဲ့မဆိုင်ဘူး! ဒီအိမ်မှာ ငါမသေသေးသရွေ့ ငါ့အမိန့်ကို နာခံရမယ်! ပွဲစားကျွမ်း ဒီကလေးမနှစ်ယောက်ကို နှစ်ဆယ်လျန်နဲ့ ယူသွားလိုက်
အဖွားကြီးကျန်းရဲ့ အငယ်ဆုံးသမီး ယွီချိုင်သျဲ့က ဆယ့်ခြောက်နှစ်ရှိပြီဖြစ်တယ်။ သူမအနေနဲ့ လုပ်သင့်မလုပ်သင့်တာကို သိနားလည်တဲ့အရွယ်ကိုရောက်နေပြီဖြစ်တော့ သူမရှေ့မှာ ချစ်စရာသိပ်ကောင်းတဲ့ တူမနှစ်ယောက် ရောင်းစားခံရတာကိုတွေ့တော့ သူမအနေနဲ့ မခံစားနိုင်ဘဲ ကလေးတွေဘက်ကနေ ကာပြောပေးခဲ့တယ်။
အမေရယ် သမီးတို့မိသားစုက ကလေးတွေကို ရောင်းစားရလောက်အောင်တော့ မဆင်းရဲနေပါဘူး ရွာထဲမှာ ဒီသတင်းသာပျံ့သွားရင် သမီးတို့ဘယ်လိုလုပ် ခေါင်းထောင်ရဲပါတော့မလဲ
အဖွားကြီးကျန်းလည်း သူ့သမီးကို စိတ်ဆိုးပြီး တွန်းထုတ်လိုက်တယ်။
သွားစမ်းပါ .. ကိုယ့်မင်္ဂလာလက်ဖွဲ့အတွက်သာ စီစဉ်နေလိုက်.. ဒါနင်ဝင်ပါရမယ့် ကိစ္စမဟုတ်ဘူး
ယွီရှောင်ချောင်းက သုန်သုန်မှုန်မှုန်နဲ့ တံခါးဝမှာ စာအုပ်ကိုင်ပြီးရပ်နေတဲ့ အိမ်ပြန်လာခဲတဲ့ သူ့ဦးရီးငယ်ကို မြင်လိုက်တော့ ချက်ချင်းပဲ
အဘွားရယ် ဒီလိုသမီးဘက်ကမတွေးပေးနိုင်ရင်တောင် ဦးရီးငယ်ရဲ့ ရှေ့ရေးကိုတော့ တွေးပေးပါဦး! နောက်နှစ်သူ ခရိုင်အဆင့်စာမေးပွဲကို ဖြေတော့မှာမလား အကယ်၍ ဒီလို သူစာမေးပွဲဖြေဖို့ သူ့တူမနှစ်ယောက်ကို ရောင်းစားလိုက်တယ်ဆိုတဲ့သတင်းသာ သူ့အတန်းဖော်တွေသိသွားခဲ့ရင် သူဘယ်လိုမျက်နှာနဲ့ တက္ကသိုလ်ဆက်တက်ရဲတော့မလဲ
သူမရဲ့ ဦးရီးငယ်က အစတည်းက အဖွားကြီးကျန်းရဲ့ အစီအစဉ်ကို သဘောတွေ့ခဲ့တာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့တူမနှစ်ယောက်ဆိုတာလည်း ယွီမိသားစုရဲ့ သွေးသားအရင်းအချာတွေပဲလေ။ ဒီလိုရောင်းစားတယ်ဆိုတဲ့ သတင်းသာပျံ့သွားရင် သူရှက်လွန်းလို့ မျက်နှာတောင်ဖော်နိုင်မှာ မဟုတ်ဘူးကိုး။ ဒါကြောင့် သူ့အမေကို ရပ်တန်းကရပ်ဖို့ တောင်းဆိုခဲ့တယ်။
အဖွားကြီးကျန်းက သူ့သားငယ်အပေါ် တော်တော်လေးမျှော်လင့်ထားတာကိုး။ အဖွားကြီးကျန်းက သူ့သားမြို့တော်ဝန်စာမေးပွဲအောင်ပြီး မြို့တော်ဝန်အမေဆိုတဲ့ ဂုဏ်ကို တအားရချင်တာလေ။ သူ့ဘဝရဲ့ အဖြစ်ချင်ဆုံးဆန္ဒလို့တောင် ပြောရမယ်။ ဒါပေမယ့် ခုဒီလိုလုပ်တာဟာ သူ့သားရဲ့ရှေ့ရေးကို ထိခိုက်နိုင်တာမို့ အဖွားကြီးကျန်းခဏလောက်တော့ တွန့်ဆုတ်သွားခဲ့တယ်။
ယွီရှောင်ချောင်းက တဆက်တည်း
အဘွားစိတ်ပူနေတာ သမီးတို့မိသားစု ယွီမိသားစုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာမှာကိုမလား။ ဒါဆိုရင်လဲ မိသားစုချင်း ခွဲနေလိုက်ရအောင်! သမီးတို့မိသားစု ငတ်လို့သေသေ ဘာပဲဖြစ်ဖြစ် ဒီအိမ်ကနေ တစ်ပြားတစ်ချပ်တောင် လာမတောင်းဘူး!
အဖွားကြီးကျန်းနဲ့ အမျိုးသမီးလီတို့ အချင်းချင်းအကြည်စိုက်နေခဲ့ပြီး သူတို့မျက်လုံးတွေကလည်း အပျော်လုံးတွေနဲ့ တောက်လာခဲ့တယ်။ ဆက်လက်ပြီး အဖွားကြီးကျန်းကာ တင်းမာတဲ့ မျက်နှာထားနဲ့
အိမ်ခွဲနေမယ်ဟုတ်လား။ နင့်လိုသောက်ကလေးက ဘာမဟုတ်တဲ့ကတိတွေလာပေးနေတာပဲ
ရာရာစစ နင်ကအဆုံးအဖြတ်ပေးနိုင်တဲ့သူလား
ကျွန်တော့ကလေးက မဆုံးဖြတ်နိုင်ဘူး ..ဒါပေမယ့် ကျွန်တော်ကတော့ ဆုံးဖြတ်ပေးနိုင်တယ်
အနောက်ဘက်အခန်းရဲ့တံခါးဟာ ဖြည်းဖြည်းချင်းပွင့်လာတယ်။ ဖြူဖပ်ဖြူရော်မျက်နှာလေးနဲ့ ယွီဟိုင်ဟာ အဝင်ဝမှာ ရပ်နေခဲ့ပြီး မျက်တောင့်နီတွေနဲ့ ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူ့ခြေထောက်တစ်ဖက်က မသန်တော့တာမို့ တံခါးထစ်မှာ လဲကျသွားတယ်။
အဖေ
ယွီရှောင်လျန်နဲ့ ရှီထုန်လေးဟာ တစ်ပြိုင်တည်း အော်ခဲ့တယ်။ ဒါနဲ့ သူတို့အဖေဆီ ပြေးသွားပြီး တစ်ယောက် တစ်ဖက်စီ ထူခဲ့ကြတယ်။
ဂရုစိုက်ပါဦး ယောက်ျားရယ် .. ရှင့်ခန္ဓာလောက် ဘာမှအရေးမကြီးပါဘူး!
အမျိုးသမီးလျိုရဲ့ နှုတ်ခမ်းတို့တုန်ယင်နေပြီး မျက်လုံးထက်လည်း မျက်ရည်ပင်လယ်ဝေလျက်ရှိတယ်။ သူ့ယောက်ျား သတိလစ်နေတုန်းကဆို သူမခမျာ ရင်တထိတ်ထိတ်နဲ့ ဘယ်ချိန်များမိုးပြိုကျမလဲဆိုပြီး စိုးရိမ်နေခဲ့ရှာတာ။ သူ့ယောက်ျားအနေနဲ့ မသန်စွမ်းတာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် အသက်လေးဆက်ရှိရင်ကို သူမ လောကဓံကိုဆက်ခံရပါစေ သူမဆက်ခံနိုင်တယ်။
ရှောင်လျန်ရဲ့ အကူအညီနဲ့ ယွီဟိုင်ခက်ခင်ခဲခဲ ပြန်ထခဲ့ပြီး ရှီထုန်ယူလာပေးတဲ့ ထိုင်ခုံပေါ်ကို ထိုင်လိုက်တယ်။ အမျိုးသမီးလျိုနားရောက်တော့ သူ့အကြည့်တွေက ပျော့ပြောင်းသွားခဲ့တယ်။ သူတို့ညားတဲ့နေ့ကတည်းက သူ့မိန်းမဟာ အေးအေးလူလူနေရတဲ့နေ့ဆိုတာ မရှိခဲ့ဘူးကိုး။ သူမဟာ ဒီအိမ်မှာ လူရော စိတ်ပါ အထောင်းခံရတယ်လို့ပဲပြောရမယ်။ အရင်က တောင့်တောင့်ဖြောင့်ဖြောင့် ခန္ဓာကိုယ်လေးတောင် ခုဆို အရိုးပေါ်အရေတင်ထားသလောက်ပဲ ရှိတော့တယ်။
သူ့စိတ်ထဲ အမျိုးသမီးလျိုအတွက် အချိန်တိုင်း အားနာနေခဲ့ရတယ်။ ပြီးခဲ့တဲ့အချိန်တွေမှာ ယွီဟိုင်က ဒီလိုမျိုး သူများတွေကို သဘောထားကြီးကြီးနဲ့ သည်းခံပေးရတာကို ကောင်းကျိုးတစ်ခုလို့ပဲ လက်ခံထားပြီး သူသာဝင်မပါရင် အိမ်က အေးအေးချမ်းချမ်းရှိသွားမယ်လို့ပဲ ထင်ထားခဲ့တာ။ ဒါပေမယ့် အဖွားကြီးကျန်းနဲ့ သူ့အကြီးဆုံးယောင်းမက သူသည်းခံတာကို ရောင့်တက်ပြီး ပိုပိုနှိပ်စက်လာခဲ့တာကိုး။
နှစ်တိုင်း နှစ်တိုင်း တောလိုက်တာကနေ သူငွေဆယ်လျန်အထက် ရှာလို့ရတယ်။ ဒါ့အပြင် သူ့ကြောင့်သာမဟုတ်ရင် ငါးဖမ်းလှေနဲ့ ငါးတွေ နေ့တိုင်းဖမ်းမိဖို့တောင် ဖြစ်နိုင်မှာမဟုတ်ဘူး။ သူက ဒီမိသားစုတစ်ခုလုံးအတွက်ပဲ စိတ်နစ်ပြီးရှာဖွေခဲ့ရတာ။ အဲ့တာတောင် သူ့မိန်းမနဲ့ သူ့သားသမီးတွေအတွက် ခုထိနွေးနွေးထွေးထွေး ဝတ်စရာ အဝတ်တစ်ထည်တောင် ရှိသေးတာမဟုတ်ဘူး။ ဒါကိုတောင် သူ့တို့မိသားစုက ကိုယ်ရောစိတ်ပါ ထပ်နှိပ်စက်ခံရသေးတယ်.
သူအရင်ရက်တွေမှာ သတိလစ်နေတုန်းက လုံးလုံးသတိမရှိနေတာမျိုးမဟုတ်တော့ အိမ်မှာ ဘာတွေဖြစ်နေခဲ့လဲဆိုတာ သူထင်ထင်ရှားရှားမှတ်မိခဲ့တယ်။ သူဒဏ်ရာမရခင် အမျိုးသမီးကျန်းက သူ့ရဲ့ ဆယ်နှစ်ပဲရှိသေးတဲ့သားကိုလည်း အိမ်မှာထောက်ပံ့စရာလူတွေ များလွန်းတယ်ဆိုတဲ့ ယုတ္တိမကျတဲ့ အကြောင်းပြချက်နဲ့ လက်သမားဆီအလုပ်သင်ဖို့ စေလွှတ်ခဲ့တယ်။
သူ့အနေနဲ့ ဒီလိုသက်ရှိထင်ရှားရှိနေချိန်မှာတောင် သူ့မိထွေးနဲ့ သူမကလေးတွေက အချင်းချင်းဇာတ်တိုက်ပြီး သူ့ရဲ့ သိတတ်ပြီး ချစ်ဖို့ကောင်းတဲ့ သမီးနှစ်ယောက်ကိုတောင် ရောင်းစားရက်လိမ့်မယ်လို့ ဘယ်လိုမှမတွေးထားခဲ့မိဘူး။
ရှောင်ချောင်းပြောတာ မှန်တယ်။ ဒီအိမ်မှာ သူတို့အတွက်နေစရာမရှိဘူး။ ဒီမှာသာဆက်နေမယ်ဆိုရင်လည်း သူ့မိသားစုတွေက တစ်နေ့မဟုတ် တစ်နေ့တော့ တကွဲတပြားစီဖြစ်ကုန်မှာပဲ! ဒါကြောင့် ဘယ်လောက်ပဲ ခက်ခက်ခဲခဲရုန်းကန်ပြီးနေရပါစေ အနည်းဆုံးတော့ သူတို့မိသားစုလေး တစ်သိုက်တည်းမှာ စုံစုံလင်လင်နေရမယ်။
ဒုတိယသား ဒါမင်းဘာသာမင်း ဆုံးဖြတ်တာနော်.. ငါတို့တွေ ဘယ်သူမှ တွန်းအားမပေးဘူး!
အမျိုးသမီးကျန်းရဲ့ စိတ်ထဲမှာတော့ ပီတိတွေဖြာနေပြီး ယုတ်ချည်းပြန်ထပြောခဲ့တယ်။ ဘာလို့ဆို ယွီဟိုင်တစ်ယောင် စိတ်ပြောင်းပြီး စကားပြန်ရုတ်သိမ်းသွားမှာကို စိုးရိမ်နေတာကိုး။
ယွီချိုင်သျဲ့က သူမရဲ့ ဒုတိယအကိုကြီးရဲ့ ခြေထောက်တစ်ဖက်က မသက်သာသေးတာကို မြင်တော့ အဖွားကြီးကျန်းရဲ့ အင်္ကျီလက်ကိုဆွဲလိုက်ပြီး တိုးတိုးလေးရေရွတ်လိုက်တယ်။
ဒုတိယအကိုကြီးရဲ့ ဒဏ်ရာက သက်သာသေးတာမဟုတ်ဘူး.. ခုချိန်မှာ မိသားစုထဲက ခွဲထွက်ဖို့ မတင့်တော်ဘူးထင်တယ်နော်.. အဖေသာသိရင်လည်း ဒါကိုသဘောတူမှာမဟုတ်ဘူး!
အမျိုးသမီးလီ ထပ်မံကြားဖြတ်၍
ဘာတွေများ မသင့်တော်နေရတာတုန်း ဒုတိယမတ်လေးကိုယ်တိုင်ကပဲ ခွဲထွက်မယ်လို့ပြောခဲ့တာလေ.. သူသာ တောင်းဆိုရင်တော့ အဖေလည်း ခွင့်မပြုစရာအကြောင်းမရှိဘူး! အငယ်ဆုံးယောက်မရယ် ကြားထဲကနေပြီး ကမောက်ကမဖြစ်အောင် မလုပ်စမ်းပါနဲ့.. ဒီမိသားစုသာ ဒီအိမ်မှာ ခိုကပ်နေရင် နင့်မင်္ဂလာခန်းစည်းအတွက်လည်း ကောင်းကောင်းကန်းကန်း ပြင်ရမှာမဟုတ်ဘူး!
ယွီဟိုင်က သူ့ယောက္ခမနဲ့ အကြီးဆုံးမရီးကို စိတ်ပျက်ပျက်နဲ့ ကြည့်နေခဲ့တယ်။ သူတို့တွေ ငါတို့ကို ဘယ်ချိန်ကတည်းကများ ကန်ချချင်နေရတာများလဲ.. ဒါပဲ ကောင်းပါတယ်။ အဲ့တာမှ နောက်ကျရင် သူ့မိန်းမလည်း အိမ်မှာ နှိပ်စက်ခံရတော့မှာ မဟုတ်ဘူး။ သူ့ကလေးတွေကိုလည်း ဆူခံရမလား ရိုက်ခံရမလားဆိုတာတွေ တွေးနေစရာမလိုတော့ဘူး။ ယွီဟိုင်ရဲ့ အစွမ်းအစနဲ့ဆိုရင် ခြေတစ်ဖက်က အရင်လိုမသန်တော့ရင်တောင် သူ့မိသားစုကို မငတ်အောင်နဲ့ အအေးမမိအောင်လောက်တော့ ထားနိုင်တဲ့လူစားမျိုးကိုး။
အဖွားကြီးကျန်းဟာ သူ့သမီးငယ်ကိုကြည့်ပြီး
အားလုံးသဘောတူပြီဆိုတော့ ဒီကိစ္စက ပြန်ပြင်လို့မရတော့ဘူး.. နင့်အဖေနဲ့ နင့်အကိုအိမ်ပြန်ရောက်တာနဲ့ ရွာသူကြီးနဲ့ ယွီမိသားစုရဲ့အကြီးအကဲဖြစ်သူကို မျက်မြင်သက်သေလုပ်ခိုင်းပြီး ဒီမိသားစုကို ခွဲလိုက်ကြတာပေါ့!
မင်းတို့တွေ မနက်စောစော ဘာတွေရန်ဖြစ်နေကြတာလဲ။ မိသားစုခွဲမယ် ဟုတ်လား။ မင်းတို့တွေဘာတွေပြောနေကြတာလဲ။ ဘယ်သူက ထွက်သွားချင်တာလဲ။ အကြီးဆုံးသားရဲ့ မိသားစုလား
လူကြီးမင်းယွီ မရောင်းထွက်ခဲ့တဲ့ ငါးကိုကိုင်ထားရင်း အပြင်ကပြန်လာခဲ့တယ်။ သားအကြီးဆုံး ယွီသာ့ရှန်းကလည်း ငါးမျှားပိုက်နဲ့သူ့နောက်က ဝင်လာခဲ့တယ်။
အမျိုးသမီးလီက အလောတကြီး ပြန်ဖြေလိုက်တယ်။
အဲ့တာကျွန်မမဟုတ်ပါဘူး အဖေရယ်.. ဒုတိယယောက်ဖက အဲ့စကားကို အရင်ဆုံးပြောခဲ့တာ!
ဒုတိယသား.. ဟုတ်လား။ဒီလို ဒဏ်ရာကြီးအပြင်းအထန်ရထားတဲ့အချိန် သူ့အနေနဲ့ ဒီစကားပြောထွက်မှာ မဟုတ်ဘူး.. ပြီးရင် ခုထိသက်သာသေးတာတောင် မဟုတ်သေးတာ.. ဘယ်လိုလုပ်ပြီး သူ့ဘက်က အရင်ဆုံး မိသားစုကနေခွဲထွက်မယ်လို့ ပြောထွက်မှာလဲ
လူကြီးမင်းယွီက အေးအေးလူလူနေတတ်ပေမယ့် တုံးအနေခဲ့တာတော့ မဟုတ်ဘူး။ သူ့ခြံထဲရောက်နေတဲ့ သူစိမ်းတွေကိုသေချာကြည့်လိုက်ပြီး သူ့မျက်ခုံးတွေကို ကြုံ့လိုက်တယ်။
အဖွားကြီးကျန်းဟာ မသိမသာနဲ့ ပွဲစားကျွမ်းဆီကို သွားပြီး လက်တစ်ဆုပ်စာလောက်ရှိတဲ့
ကြေးဒင်္ဂါးတွေကို ထိုးထည့်ပေးလိုက်ကာ မြန်မြန်ပြန်ဖို့ ပြောလိုက်တယ်။ ပွဲစားကျွမ်းလည်း သူမလုပ်ရပ်ကို အထင်အမြင်သေးသွားဟန်။ ပေးတဲ့ငွေတွေကို ဖယ်ထုတ်ပြီး သူမလာခဲ့တဲ့ နွားလှည်းနဲ့ လှည့်ပြန်သွားခဲ့တယ်။
လူကြီးမင်းယွီက ပုံမှန်ဆို အိမ်ကိစ္စတွေထဲ ဝင်ပါတာမျိုးမရှိခဲ့ဘူး။ ဒါပေမယ့် တစ်အိမ်လုံးမှာ နောက်ဆုံးအမိန့်ကိုတော့ သူပဲချပေးတတ်တယ်။ အဖွားကြီးကျန်းက သူ့ကို နည်းနည်းတော့ကြောက်နေတော့ ကပျာကယာနဲ့ ရှင်းပြတော့တယ်။
ဒုတိယသားက သူ့ဟာသူ အိမ်ရဲ့ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့ သူကိုယ်တိုင် အိမ်ကနေခွဲထွက်ဖို့ တောင်းဆိုခဲ့တာပါ.. နောက်နှစ်မှာလည်း ငါတို့ရဲ့ တတိယသားက စာမေးပွဲဖြေစရာရှိသေးတယ်လေ.. ကျွန်မကြားတာတော့ ဒီစာမေးပွဲကို စီရင်စုမြို့မှာ သွားဖြေရမှာ.. အဲ့အတွက် ငွေတွေရှာထားမှတော်ကာကျမှာ.. ပြီးတော့ ဟိန်ဇီကလည်း လက်ထပ်ရမယ့်အရွယ်တောင် ရောက်နေပြီဆိုတော့ ဒီအိမ်မှာနေစရာ မလောက်တော့ဘူး..
လူကြီးမင်းယွီက မျက်မှောင်ကြုတ်ရင်း ပြောခဲ့တယ်။
ဘာကို နေရာမလောက်ဘူးတွေ ပြောနေရတာလဲ။ ချိုင်သျဲ့ကလည်း လက်ထပ်ဖို့လိုသေးတာပဲ.. အဲ့အတောအတွင်း ငါတို့အိမ်မှာ အခန်းလွတ်တစ်ခုတော့ ရှိလာမှာလောက်ပါ.. ဒုတိယသားရဲ့ခြေထောက်က ပြန်ကောင်းသေးတာလဲမဟုတ်ဘူး.. ဒါတောင်မင်းက ဘာမှမဖြစ်သလို သူ့ကို အိမ်ပေါ်ကနေ ဆင်းခိုင်းတယ်လား.. လူတွေ မင်းနောက်မှာ ကျိန်ဆဲမှာ ဂရုမစိုက်ဘူးလား
ဘယ်လိုလုပ်ပြီး ကျွန်မက နှင်ထုတ်တယ်ဖြစ်သွားရတာလဲ ရှင့်ရဲ့ ဒုတိယသားကပဲ ဒီစကားကိုစခဲ့တာ.. လူတွေကျိန်ဆဲရင်လည်း ဆဲပေါ့.. ကျွန်မနဲ့ ဘာမှဆိုင်တာမှ မဟုတ်တာ!
အဖွားကြီးကျန်းက သံကုန်ဟစ်ကာ
ကောင်းပါပြီတော်ရေ.. ဒီလိုဆိုတော့လည်း ရှင့်စိတ်ထဲ ကျွန်မကို ဘယ်လိုတွေးနေလဲဆိုတာကို သိရတာပေါ့ရှင်.. ကျွန်မ ဒီမိသားစုအတွက် မနည်းရုန်းကန်ခဲ့ရတာ.. ဒါပေမယ့် နောက်ဆုံးတော့ ကျွန်မက လင်ပါသားကို နှင်ချတယ်လို့ပါ စွပ်စွဲခံရတယ်ပေါ့.. ဘုရားရေ .. လောကကြီးက တော်တော်လေး တရားကျပါတယ် ခု ကျွန်မဘယ်လိုစိတ်နဲ့ အသက်ရှင်ရပါတော့မလဲ.. ကျွန်မလိုလူက ဒီအိမ်အတွက် မျက်စိဆံပင်မွေးစူးစရာ ဖြစ်တယ်ဆိုရင်လည်း အဲ့အစား ကျွန်မကပဲ သေပေးလိုက်ပါတော့မယ်!!!
အမျိုးသမီးကျန်းက မြေပေါ်ထိုင်ချပြီး သူမပေါင်တွေကို ထုကာ ကောင်းကင်ကတောင် ကြားရလောက်အောင် အာဗြဲကြီးနဲ့ ငိုပြနေခဲ့တယ်။ သို့ရာတွင် သူမခမျာ နေ့တစ်ပိုင်းသာကုန်သွားတယ်။ မျက်ရည်ကတော့ တစ်စက်တောင် ထွက်အောင် မညစ်ထုတ်နိုင်ရှာဘူး။ ရှောင်ချောင်းတစ်ယောက် ဒါကိုမြင်တော့ မျက်လုံးလိမ့်ခဲ့ကာ
စိတ်ပျက်စရာကောင်းလိုက်တာ.. ဒါပေါ့ .. ပထမဆုံး ငိုပြမယ်.. ပြီးရင် အော်ပြမယ်.. ပြီးရင် သူ့ကိုယ်သူသတ်သေတော့ပါမယ်ဆိုပြီး ပြောမယ် ဒီဘွားတော်က ဒီစကားတွေပဲ လှည့်ပတ်ပြောတတ်တာ..
ယွီဟိုင်ဟာ မူးဝေနေတဲ့ သူ့ခေါင်းကိုခါပြီး သူ့ကလေးတွေနဲ့ မယားဆီကို ကြည့်လိုက်တယ်။ သူတို့မျက်နှာလေးတွေက အစားကောင်းကောင်းမစားရတော့ ပိန်ချုံးပြီး လူမမာရုပ်တောင် ပေါက်နေတယ်။ သူတို့ဝတ်ထားတဲ့ အဝတ်အစားကိုကြည့်ပြန်တော့လည်း အဖာအထေးတွေနဲ့။ ဒါပြီးတော့ သူဟာ သူ့မိထွေးနဲ့ အကြီးဆုံးမရီးဝတ်ထားတဲ့ အဝတ်တွေကိုကြည့်လိုက်တယ်။ သူတို့ကျတော့ နှစ်သစ်ကူးအမီ ချုပ်ထားတဲ့ အင်္ကျီအသစ်တွေနဲ့။ သူဒါတွေမြင်တော့ ပိုလို့တောင် အိမ်ကနေထွက်သွားချင်စိတ် ဖြစ်လို့နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့မိသားစု ဒီအိမ်က ထွက်သွားရင်တောင် ဒီ့ထက်တော့ ပိုကောင်းတဲ့ဘဝကိုတော့ ရမှာပင်!
.......

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now