အပိုင်း ၆၉ (ငွေရှာမည့်အရင်းအမြစ်များကိုတိုးချဲ့ခြင်း)

3.4K 441 1
                                    

[Zawgyi]

အံ့ဖွယ်ကျောက်တုံးလေးက သူမကို အာရုံစိုက်ဖို့ အစီအစဉ်မရှိပေမယ့် သူမ ဝမ်းနည်းနေတာကို ခံစားမိတော့ သူကဂုဏ်ယူဝမ်းမြောက်စွာနဲ့ ပါးစပ်ကို ဖွင့်လိုက်ပြီး
[မင်းက ငါ,အံ့ဖွယ်ကျောက်တုံးကို တကယ်မယုံဘူးပေါ့? ငါမင်းကိုပြောမယ် အခုတလော ငါ့စွမ်းအားတွေ အများကြီးတိုးလာတယ် ငါလူရုပ်အသွင်တောင် ပြောင်းလို့ရနေပြီ ငါအံ့ဖွယ်ကျောက်တုံးက သူ့ရဲ့ ချီစွမ်းအင်လမ်းကြောင်းတွေကို ကူရှင်းပေးပြီး စွမ်းအင်တွေကို နေ့စဉ်လည်ပတ်နိုင်အောင် လုပ်ပေးထားတာမလို့ သူသေချာပေါက် လဝက်လောက်နဲ့တင် လမ်းပြန်လျှောက်နိုင်မှာပါ။ ဒါပေမဲ့ သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တာမလို့ သူလမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့တော့ ဖြစ်နေလိမ့်မယ်]
ယွီရှောင်ချောင်းက အခု တော်တော်လေး စိတ်သက်သာရာရသွားလေပြီ။ သူမက စိတ်လှုပ်ရှားစွာနဲ့ ရွှေရောင်ကြောင်ပေါက်လေးကို ဖက်လိုက်ရင်း အကြိမ်ကြိမ် နမ်းလိုက်ပြီး ပြောလိုက်တယ်။
မင်းက လူပုံစံပြောင်းလို့ ရတယ်! ဒါဆို မင်းရဲ့စွမ်းအားတွေ အများကြီးတိုးလာတယ်ဆိုတဲ့ သဘောပေါ့ ကောင်းလိုက်တာ ကောက်ညင်းဖက်ထုပ်လေးရယ် မင်းက ငါ့ရဲ့ တကယ်ကို ကံကောင်းစေတဲ့ ကြယ်လေးပဲ ကျေးဇူးအရမ်းတင်ပါတယ်
အံ့ဖွယ်ကျောက်တုံးလေးက အနည်းငယ်ရှက်သွားပြီး အနေခက်စွာနဲ့ ဆိုလာတယ်။
[သွားစမ်း သွား ငါကနောက်ကျရင် မိန်းကလေးပုံစံပြောင်းမှာနော် နင် နင် အခြောက်မ...]
ဟား ဟား ကြောင်ပေါက်လေးက ရှက်နေတာကိုမြင်တော့ ယွီရှောင်ချောင်းက မနေနိုင်ဘဲ အော်ရယ်မိသွားတယ်။
ညီမလေး ဘာဖြစ်လို့လဲ သူမဘေးမှာ ရှိတဲ့ ရှောင်လျန်က လန့်နိုးသွားခဲ့တယ်။ သူမက မျက်လုံးတွေကို ပွတ်သပ်လိုက်ရင်း အိပ်ချင်နေတဲ့ မျက်လုံးတွေနဲ့ မေးလာခဲ့တယ်။
ဘာ...ဘာမှမဖြစ်ပါဘူး ရှောင်ချောင်းက ရောင်စုံကျောက်စုံလေးကို အမြန်သိမ်းထားလိုက်ပြီး ရွှေရောင် ကြောင်ပေါက်လေးကို သူမရဲ့စောင်ထဲမှာ ထည့်ထားလိုက်တယ်။ သူမက အခုလေးတင်မှ နိုးလာသလိုမျိုး ဟန်ဆောင်ပြီး ပြောလိုက်တယ်။ အိမ်မက်တစ်ခုမက်ပြီး ရယ်ရင်းနိုးလာတာ...
ဘယ်လိုအိမ်မက်ကောင်းမျိုးမလို့ ဒီလောက်တောင်ပျော်နေရတာလဲ ရှောင်လျန်က လှည့်လိုက်ပြီး အိပ်ရာပေါ်မှာသူမနဲ့ မျက်နှာချင်းဆိုင် လှဲလိုက်တယ်။
ယွီရှောင်ချောင်းက သူမအရမ်းအိပ်ချင်နေသလိုမျိုး သူမမျက်စိတွေကို အမြန်ပိတ်လိုက်ပြီး ပြန်ဖြေ လိုက်တယ် မမှတ်မိတော့ဘူး....
ရှောင်လျန်ဆက်မေးလာမှာ စိုးတာကြောင့် သူမရဲ့အသက်ရှူသံကို ဖြည်းဖြည်းချင်းလျှော့ချလိုက်ပြီး အိပ်ပျော်ချင်ယောင်ဆောင်လိုက်တယ်။ ဘယ်အချိန်မှာလဲ မသိပေမဲ့ သူမဟန်ဆောင်ရင်းနဲ့ပဲ တကယ် အိပ်ပျော်သွားတော့တယ်။
သူတို့ ငွေ ငါးလျန် ပို့ပေးပြီးတဲ့ နောက်မှာတော့ အိမ်၌ ငွေ သိပ်မကျန်တော့ပေ။ ငါးလပိုင်းမတိုင်ခင်အထိ လယ်သုံးဧကထဲ ကန်စွန်းဥပင်တွေလည်း စိုက်၍ရဦးမည်မဟုတ်ပေ။ သူတို့ မရိတ်သိမ်းနိုင်ခင်အထိ နှစ်ဝက်လောက် ကြာဦးမည်ပင်။ ဒီနှစ်ဝက်အတွင်း သူတို့ မိသားစု ဘယ်လိုရှင်သန်နေထိုင်ကြရမလဲ။
ရှောင်ချောင်း သူမတို့ မိသားစုရဲ့ လက်ကျန်ပစ္စည်းတွေကို သေချာစစ်ဆေးကြည့်လိုက်တယ်။ ဂုဏ်ပြုထမင်းစားပွဲက ကျန်တဲ့ ယုန်ရိုင်းနှစ်ကောင်အပြင် ဂေါ်ဖီထုပ်ငါးထုပ်နဲ့ မုန်လာဥအနည်းငယ်သာ ကျန်တော့တယ်။ သူတို့မှာ ဂျုံမှုန့် နှစ်ကျင်းလောက်နဲ့ နှံစားပြောင်း လေး၊ ငါးကျင်းလောက်သာရှိတယ်။ သူတို့မှာ အများဆုံးရှိတာက ကန်စွန်းဥအမှုန့်ပေမယ့် ဆယ်ကျင်းတောင် မကျန်တော့ပေ။ အိမ်နောက်ဖေးက မြေတိုက်ထဲမှာလည်း သူမ အမေဘက်က အဘွားပေးတဲ့ ကန်စွန်းဥ ကျင်းတစ်ရာလောက်သာ ကျန်တော့တယ်။ သူတို့သာ ချွေချွေတာတာနေမယ်ဆိုရင် တစ်လကျော်ကျော်လောက်တော့ ခံနိုင်ပါတယ်။
သူတို့အိမ်မှာ ကြေးပြား လေးဆယ်လောက်သာ ကျန်တော့တာဖြစ်သည်။ သူတို့က ယုန်နှစ်ကောင်ကို စားလိုက်ရမှာ ဝန်လေးနေတာကြောင့် နောက်ထပ် ကြေးပြားနှစ်ရာလောက် ရလာစေဖို့ သူတို့ကို မြို့ထဲကဈေးမှာ ရောင်းလိုက်တော့တယ်။
ဆောင်းရာသီရဲ့ နှင်းမုန်တိုင်းက ကပ်ဘေးတစ်ခုဖြစ်လာခဲ့တယ်။ အစိုးရက ဈေးနှုန်းတွေကို တည်ငြိမ်အောင် လုပ်ထားပေမဲ့ သာမန်မိသားစုတွေကတော့ အကျပ်အတည်းဖြစ်ပြီး ခြိုးခြံချွေတာ နေကြရတယ်။
နွေဦိးအစောပိုင်းဈေးနှုန်းတွေက သူမဒီကို ပထမဆုံး ဝိညာဉ်ကူးပြောင်းလာတုန်းကထက် ပိုမြင့်တာကို ယွီရှောင်ချောင်း သိလိုက်ရတယ်။ ဂျုံစပါးဆိုင်တွေရဲ့ ဈေးနှုန်းတွေက ဥပမာကောင်းတစ်ခုပင်။ နှံစားပြောင်းနဲ့ ကန်စွန်းဥမှုန့်တွေလို ဂျုံစပါးအကြမ်းတွေက တစ်ကျင်းကို ကြေးပြားနှစ်ပြားဖြစ်ခဲ့ပေမယ့် အခုတော့ ကြေးပြား သုံး၊လေးပြားလောက် ရှိလေတယ်။ မနှစ်က ကြေးပြားငါးပြား ရှိခဲ့တဲ့ ပြန်လည်သန့်စင်ထားတဲ့ ဂျုံမှုန့်တွေဆို အခုအနည်းဆုံး ကြေးပြားရှစ်ပြားလောက်ရှိပြီးဖြစ်တယ်။ သေချာတာပေါ့ ဆန်ဖြူဈေးက ပိုလို့တောင် မြင့်တက်လာသည်ပင်။ တစ်ကျင်းကို ကြေးပြားဆယ့်ငါးပြားလောက်အထိ ထိုးတက်သွားခဲ့လေတယ်။ အခုဆိုရင် ဝက်သားဈေးကလည်း တစ်ကျင်းကို ကြေးပြားသုံးဆယ်လောက်ရှိပြီး ကြက်ဥဈေးကလည်း တော်တော်လေး တက်သွားတော့တယ်။
သူတို့မှာ ကြေးဒင်္ဂါး နှစ်ရာ့ခြောက်ဆယ် သာကျန်တော့တယ်။ သူမတို့ မိသားစုက တစ်လကို အနည်းဆုံး ဂျုံစပါး ကျင်းတစ်ရာလောက် ကုန်နိုင်တာမလို့ အကြမ်းဖျင်းတွက်ချက်ကြည့်လိုက်တော့ ဂျုံကြမ်း ဝယ်ဖို့ကိုပင် မလောက်ပါချေ။ အင်း ... ရွာသားအများစု တစ်နှစ်ပတ်လုံး ဂျုံဖြူမစားနိုင်သည်မှာ အံ့သြစရာ မရှိပါချေ။
သူမအမြင်မှာတော့ ခြိုးခြံချွေတာရုံနဲ့ မလုံလောက်ပါချေ။ သူတို့ ဝင်ငွေအရင်းအမြစ်ကို တိုးချဲ့ဖို့ လိုအပ်နေလေပြီ။
အမျိုးသမီးလျိုကလည်း သူတို့ရှိသမျှကို ဒီတိုင်းထိုင်စားနေရုံနဲ့ မရနိုင်ဘူးဆိုတာသိတာကြောင့် မြို့ထဲမှာ တခြားသူတွေရဲ့ အဝတ်ကို လျှော်ပေးရတဲ့ အလုပ်ကို ရှာခဲ့တယ်။ သူမက သုံးရက်ကို တစ်ကြိမ်သွားရလေတယ်။ သူမက မနက်အစောကြီးမှာ သွားရပြီး နေ့လည် ၃နာရီကနေ ၅နာရီ ဝန်းကျင်မှာ ပြန်ရောက်လေ့ရှိတယ်။ သူမအလုပ်တစ်ခါသွားလုပ်တိုင်း ကြေးဒင်္ဂါး ၁၅ပြား ရတယ်။ နွေဦးအစောပိုင်းကာလမှာတော့ မြောက်ပိုင်းဒေသမှာ အတော်လေး အေးနေသေးတာဖြစ်တယ်။ အမျိုးသမီးလျိုရဲ့လက်တွေက ရေအေးတွေနဲ့ အချိန်ကြာကြာ ထိတွေ့မှုကြောင့် နီရဲပြီး ဖူးယောင်နေခဲ့တယ်။ ယွီရှောင်ချောင်းက သူမအမေရဲ့လက်က သွေးထွက်နေတဲ့ ပြတ်ရာတွေကို မြင်ရတိုင်း သူမနှလုံးသားလေးက နာကျင်နေရတယ်။
နေ့တိုင်း အမျိုးသမီလျို ပြန်ရောက်တာနဲ့ ယွီရှောင်ချောင်းက သူမအမေရဲ့ လက်တွေနဲ့ ခြေထောက်တွေကို အံ့ဖွယ်ကျောက်တုံးစိမ်ထားတဲ့ ရေနွေးနဲ့ ဆေးပေးလေ့ရှိတယ်။ အံ့ဖွယ်ကျောက်ရေရဲ့ အာဟာရဓာတ် ဖြည့်တင်းပေးမှုကြောင့် အမျိုးသမီးလျိုရဲ့ လက်တစ်ဝိုက်မှာရှိတဲ့ နှင်းကိုက်နာက ရက်အနည်းငယ် အတွင်းမှာ ပျောက်သွားတယ်။ သူမလက်က အသားမာတွေလည်းပဲ ပျောက်ကင်းသွားခဲ့တယ်။ သူမရဲ့လက်တွေက ဖြူဖွေးပြီး နူးညံ့နေလာတာကြောင့် သူမ ပန်းထိုးခဲ့ရင် အပ်နဲ့ မတော်တဆ ထိုးမိမှာကိုလည်း စိတ်ပူစရာ မလိုတော့ပါချေ။
သူတို့အမေ အလုပ်သွားတာနဲ့ ယွီရှောင်လျန်က အိမ်မှာရှိတဲ့ အိမ်အလုပ်အားလုံးကို တာဝန်ယူရတယ်။ သူမက အိမ်မှုကိစ္စထိန်းသိမ်းနိုင်သူလေးဖြစ်တာကြောင့် ထင်းတွေကို စုဆောင်းတာ၊ ချက်ပြုတ်တာ၊ အဝတ်လျှော်တာနဲ့ ခြံဝင်းထဲကိုပါ သန့်ရှင်းရေးလုပ်ရတယ်။ သူမအားတဲ့အခါမှာတော့ သူမမိသားစုကို ကူညီထောက်ပံ့ဖို့အတွက် နေရောင်ခြည် နွေးနွေးလေးအောက်မှာ ပိုက်ဆံအိတ်နဲ့ လက်ကိုင်ပုဝါတွေကို ပန်းထိုးလေ့ရှိတယ်။
ယွီရှောင်လျန်ရဲ့ ပန်းထိုးစွမ်းရည်တွေက အမျိုးသမီးလျိုနဲ့ တူညီလုနီးပါးပင်။ သို့သော်လည်း သူတို့ ယွီမိသားစုကနေ ခွဲထွက်မလာခင်တုန်းက သူမက အလွန်အလုပ်ရှုပ်လွန်းတာမို့ အပ်ချုပ်ဖို့ရန် အချိန်မရှိခဲ့ပါချေ။
ယွီရှောင်ချောင်းက ရှစ်နှစ်အရွယ် ဒီမိန်းကလေးကို အလွန်ပဲလေးစားမိတယ်။ သူမအရင်ဘဝမှာ ဆိုရင် ရှောင်လျန်က မူလတန်းဒုတိယနှစ်လောက်ပဲ ရှိဦးမှာဖြစ်တယ်။ သို့သော်လည်း သူမရဲ့ မိသားစုတာဝန်အများစုကို သူမရဲ့အားနည်းလှတဲ့ ပုခုံးလေးပေါ်မှာ ထမ်းထားနေရပြီ။
အမှန်တကယ်တော့ ရှောင်ချောင်းက သူမကို အစ်မ လို့ခေါ်သင့်တာ ဖြစ်တယ်။ သို့သော် မူရင်းခန္ဓာကိုယ်ပိုင်ရှင် အသက်ရှင်နေခဲ့ရင်လည်း သူမက အဲ့လိုဘယ်တော့မှ ခေါ်မည်မဟုတ်ပေ။ အကြောင်းအရင်းမှာ အမျိုးသမီးလျို သူမတို့ကို မွေးတုန်းက အမွှာမွေးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဝရုန်းသုန်းကားဖြစ်သွားတာကြောင့် ဝမ်းဆွဲသည်က သူတို့ကို ရောသွားပြီး ဘယ်သူကအကြီး ဘယ်သူက အငယ်မှန်းမသိတော့ချေ။
နောက်ပိုင်းမှာ ရှောင်ချောင်းရဲ့ အားနည်းနေတဲ့ အခြေအနေကြောင့် ပိုပြီးစဉ်းစားချင့်ချိန်တတ်တဲ့ ရှောင်လျန်လေးက အမြဲသူမကို ဂရုစိုက်ပြီး ကာကွယ်ပေးခဲ့တယ်။ ဒါ့ကြောင့်မို့ မိသားစုဝင်တွေက ရှောင်လျန်ကို အကြီးဆုံးသမီး လို့ခေါ်ခဲ့ကြပြီး ရှောင်ချောင်းကတော့ သဘာဝအလျောက် အငယ်ဖြစ်လာခဲ့တယ်။
သို့သော်လည်း ရှောင်ချောင်းက သူမကိုယ်သူမ ပိုကြီးတဲ့သူလို့သာ ခံစားရပြီး ရှောင်လျန်ကို အစ်မလို့ မခေါ်ချင်ခဲ့ပေ။ သူတို့မိသားစုကလည်း သူမကို ဒီအတိုင်းထားလိုက်ပြီး မပြင်ခိုင်းခဲ့ပေ...
ပြန်လည်ပြုပြင်ထားတဲ့ အိမ်ဟောင်းလေးက ကြီးမားတဲ့ ခြံဝင်းရှိပြီး အနည်းဆုံးဧကတစ်ဝက်လောက် ရှိတယ်။ နောက်ဖေးဘက်မှာ အိမ်အနောက်က ကန်လေးဆီကို သွားလို့ရတဲ့ ဝင်ပေါက်ကလေးတစ်ခု ရှိတယ်။ ဆောင်းရာသီနှောင်းပိုင်းနဲ့ နွေဦးအစောပိုင်းမှာ မိုးနည်းတာကြောင့် ကန်ရဲ့ရေမျက်နှာပြင်က နိမ့်နိမ့်လေးပဲ ရှိတယ်။ ကန်ဘေးက မြေကွက်လပ်မှာလည်း မြေသြဇာကပေါများတယ်။ ဒါကြောင့် ရှောင်ချောင်းက အိမ်ရဲ့အရှေ့နဲ့ အနောက်မြေကွက်လပ်ကို သုံးဖို့အစီအစဉ်ချလိုက်တယ်။
ခေတ်သစ်အချိန်အခါတုန်းက ဖန်လုံအိမ် စိုက်ပျိုးခြင်းနည်း ရှိတာကြောင့် အသီးအရွက်အများစုကို သူ့ရာသီနဲ့သူမှ ရရှိနိုင်ခြင်းမဟုတ်ပေ။ လူတွေက သူတို့လိုချင်တဲ့ အသီးအရွက်တွေကို ကုန်စုံဆိုင်ကြီးတွေမှာ တစ်နှစ်ပတ်လုံး ဝယ်ယူလို့ရနေတာဖြစ်တယ်။ သို့သော်လည်း ရှေးခေတ် အခါမှာတော့ ဆောင်းနှောင်းပိုင်းနဲ့ နွေဦးအစောပိုင်းကာလက ကောက်ပဲသီးနှံတွေ မရင့်မှည့်သေးတဲ့ အချိန်အခါ ဖြစ်တယ်။ လူတွေက ဟင်းသီးဟင်းရွက်စိမ်းတွေစားချင်လို့ ဝယ်စရာပိုက်ဆံရှိရင်တောင် ဘယ်နေရာမှာမှ ဝယ်လို့ရနိုင်မှာ မဟုတ်ချေ။ တစ်ယောက်ယောက်ကသာ ဟင်းသီးဟင်းရွက်စိမ်းတွေကို လတ်လတ်ဆတ်ဆတ် စိုက်ပျိုးနိုင်ရင် သေချာပေါက် ဈေးကောင်းကောင်းနဲ့ ရောင်းနိုင်မှာ ဖြစ်တယ်။
အခုလက်ရှိ သူမရဲ့ နေထိုင်မှုအခြေအနေ ကန့်သတ်ချက်ကြောင့် ရှောင်ချောင်းက သေချာပေါက် ဖန်လုံအိမ်အကြီးကြီးနဲ့ ဝပ်ကျင်းတစ်ခုကို လုပ်နိုင်မှာ မဟုတ်သလို အဲ့လိုလုပ်ဖို့လည်း မစီစဉ်ထားပေ။ ဧကရာဇ်ကလည်း သူမလိုမျိုး ဒီကို ဝိညာဉ်ကူးပြောင်းလာတာ သေချာသလောက်ရှိတယ်။ အဲ့ဒါကြောင့် သူမ ပုံမှန်မဟုတ်တာမျိုးကို မလုပ်ချင်ပေ။ ကံကြမ္မာကို တိတ်တဆိတ်ပဲ ပုံဖော်သွားမယ် လို့ သူမ စိတ်ဆုံးဖြတ်ထားတယ်။
သို့သော်လည်း ပထဆုံး သီးပင်ပျိုးပင်တွေကို စိုက်ဖို့ အိမ်တွင်းအပူချိန်ကို သူမ အသုံးပြုပြီး ရာသီဥတု ပြန်နွေးလာတော့မှ ခြံဝင်းထဲကို ပြန်ပြောင်းရမယ်။ အဲ့ဒီလိုနည်းနဲ့ နွေဦးအစောပိုင်းလောက်မှာ အပင်တွေကို စိုက်ထားရင် သူတို့သေချာပေါက် ဈေးထဲမှာ အသီးအရွက်တွေကို စောစော ရောင်းနိုင်လိမ့်မယ်။
ရှောင်ချောင်းက အစေ့တွေကို မြေသြဇာကျွေးဖို့ ဘယ်လိုမြေအမျိုးအစားသုံးရမလဲဆိုတာ စိတ်အား ထက်သန်စွာနဲ့ စဉ်းစားနေတုန်း အံ့ဖွယ်ကျောက်တုံးလေးက သူမနားဘေးမှာ ရေရွတ်လိုက်တယ်။
[ဘာတွေ အဲ့လောက်ဒုက္ခခံနေတာလဲ အစေ့တွေကို အံ့ဖွယ်ကျောက်ရေထဲမှာ စိမ်လိုက်ရင် ရတာပဲကို အအေးဒဏ်နဲ့ အဖျက်ပိုးတွေကို ခံနိုင်ရည်ရှိရုံတင်မကဘူး အသီးအရွက်တွေ ရင်မှည့်တဲ့ အချိန်ကိုလည်း လျှော့ချပေးနိုင်တယ်လေ...]
ယွီရှောင်ချောင်းက ထိုစကားတွေကို ကြားတော့ စိတ်ထဲမှာ အလွန်ဝမ်းမြောက်သွားတယ်။ သူမက ကောက်ညှင်းဖက်ထုပ်လေးရဲ့ ခန္ဓာကိုယ်သေးသေးလေးကို မြှောက်လိုက်ပြီး အံ့ဖွယ်ကျောက်တုံးလေးက အကြိမ်ကြိမ်တားမြစ်ထားပြီး ရန်စစေနိုင်တဲ့ အနမ်းကို စိတ်အားထက်သန်စွာနဲ့ ပေးလိုက်တယ်။
အခု အံ့ဖွယ်ကျောက်တုံးလေးက ကြောင်ပေါက်လေးပုံစံ ပြောင်းလိုက်ပြီဖြစ်ပြီး သူမတို့ မိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီဖြစ်တယ်။ အကောင်ပေါက်လေးအဖြစ်နဲ့ စနေတုန်းက သူမ ထင်းတွေစုဆောင်းဖို့သွားတုန်း တောင်ခြေမှာ သူ့ကို တွေ့ခဲ့တာဖြစ်တယ်လို့ ယွီရှောင်ချောင်းက ရှင်းပြထားတယ်။ ကြောင်ပေါက်လေးက အေးခဲပြီးသေလုနီးပါးဖြစ်နေတာကိုမြင်တော့ သနားလို့ ခေါ်လာခဲ့သည်ဟုပင်။
မိသားစုတစ်ခုလုံးက ရွှေရောင်ကြောင်ပေါက်လေးကို လိုလိုလားလားနဲ့ လက်ခံခဲ့တာကြောင့် အံ့ဖွယ်ကျောက်တုံးလေးကလည်း ဒရယ်လေးပြီးရင် မိသားစုရဲ့ ဒုတိယကျော်ကြားတဲ့ အိမ်မွေးတိရစ္ဆာန်လေး ဖြစ်လာတော့တယ်။
ဒါပေမဲ့ အံ့ဖွယ်ကျောက်တုံးလေးကတော့ သူ့သခင်ယွီရှောင်ချောင်းကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ချေ။ နေ့စဉ်လုပ်လေ့ရှိတဲ့ သူအကြိုက်ဆုံးအရာကတော့ သူ့သခင်ရဲ့ နူးညံ့တဲ့ခေါင်းပေါ်မှာ လှဲပြီး အိပ်ရတာ ဖြစ်တယ်။ အဝေးကကြည့်လိုက်ရင် ရှောင်ချောင်းက ရွှေရောင်ခေါင်းဆောင်းကြီးတစ်ခုကို ဆောင်းထားတာနဲ့ တူနေတော့တယ်။
အံ့ဖွယ်ကျောက်တုံးလေးက အစေ့တွေရဲ့ အရည်အသွေးကို တိုးမြှင့်ပေးနိုင်တာ သိလိုက်ရတော့ ယွီရှောင်ချောင်း အလွန်ကို ပျော်ရွှင်သွားတော့တယ် ကောက်ညှင်းဖက်ထုပ်လေး မင်းက တကယ့်ကို ငါ့ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ ငါချက်ချင်းပဲ လယ်ကွင်းထဲ ထယ်သွားထိုးလိုက်တော့မယ်...
သူ့အဖေနဲ့ ရှောင်လျန်ရဲ့ မေးမြန်းချင်နေတဲ့ အကြည့်တွေအောက်မှာ ယွီရှောင်ချောင်းက ပေါက်ပြားကို ယူပြီး မြေကိုထယ်ထိုးဖို့ ထွက်သွားတော့တယ်။
ကောက်ညှင်းဖက်ထုပ်လေးက သူမခြေထောက်နားမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း ရှောင်ချောင်းတစ်ယောက်ပဲ ကြားနိုင်တဲ့အသံနဲ့ ပြောလိုက်တယ်
[မင်းကိုကူညီပေးရင် ဝိညာဉ်နတ်ဘုရားရဲ့ အချုပ်အနှောင်ကနေ ငါလွတ်မြောက်နိုင်တယ်ဆိုတဲ့ အချက်ကြောင့်သာမဟုတ်ရင် မင်းကို ကူညီဖို့ကို စိတ်အနှောက်ယှက်ဖြစ်ခံနေမှာကို မဟုတ်ဘူး ညက မင်းအဖေရဲ့ ခြေထောက်ကို ကုသပေးရုံတင်မကဘူး အစေ့တွေကိုလည်း ရေစိမ်ပေးရဦးမယ် ငါ့ရဲ့ ဝိညာဉ်စွမ်းအင်ကို ပြန်ဖြည့်ဖို့လိုအပ်တာမလို့ ငါ့ကို ရေစည်ထဲ ချပေးဖို့ ပြင်းပြင်းထန်ထန်ကို တောင်းဆိုတယ်...]
ရေနဲ့ မကြာခဏ ထိတွေ့တာက သူ့စွမ်းအင်တွေ ပြန်လည်ရရှိဖို့ အထောက်အကူ ဖြစ်စေတယ်။ ရှောင်ချောင်းက များသောအားဖြင့် ရေအိုးထဲမှာ စိမ်ထားလေ့ရှိပေမဲ့ သူက ခြံဝင်းထဲက ရေစည်ကို စိတ်ဝင်တစားနဲ့ တောင့်တနေလေတယ်။
ယွီရှောင်ချောင်းလည်း ဆရာတော်ရွှမ်ကျန်းလိုမျိုး နားပူနားဆာလုပ်တာကို ခံလိုက်ရတော့ နောက်ဆုံး အရှုံးပေးလိုက်ရတော့တယ်။ သူမက သူမလက်ကောက်ဝတ်မှာရှိတဲ့ ရောင်စုံကျောက်တုံး လက်ကောက်လေးကို ရေစည်ထဲကို ပစ်လိုက်တော့တယ်။ ရွှေရောင်ကြောင်ပေါက်လေးက ရေစည်ပေါ်ကို ခုန်တက်လိုက်ပြီး စည်ရဲ့အစွန်ပေါ်မှာ အမြီးလေးကိုရမ်းရင်း ထိုင်နေတော့တယ်။
(T/N - ဆရာတော်ရွှမ်ကျန်းဆိုတာက အနောက်တောင်အရပ်သို့ ခရီးသွားခြင်း ဆိုတဲ့ ဝူခုန်းကားထဲက ဆရာတော်ထန်စန်းကို ပြောတာပါ)
မင်းတို့တွေ ဘာလုပ်နေကြတာလဲ
အအေးဒဏ်ကြောင့် လက်တွေနီရဲနေပြီး အလုပ်ကနေ ပြန်လာတဲ့ အမျိုးသမီးလျိုက ယွီဟိုင်နဲ့ မောင်နှမသုံးယောက် ခြံထဲမှာ ဒူးထောက်ရင်း မြေဆီလွှာကို စိတ်လှုပ်ရှားစွာနဲ့ ထိုးဆွနေကြတာကိုမြင်တော့ သိချင်စွာနဲ့ မေးလိုက်တယ်။
အခု ယွီဟိုင်က ချိုင်းထောက်မပါဘဲနဲ့တောင် လမ်းအနည်းငယ် လျှောက်နိုင်နေလေပြီ။ သူက စိတ်အခြေအနေကောင်းနေတာကြောင့် သူ့ဒုတိယသမီးက မြေကွက်ကို ထယ်ထိုးပြီး အသီးအရွက်တွေကို စိုက်မယ်ဆိုပြီး ပြောလာတော့ သူတုံ့ဆိုင်းနေခြင်းမရှိဘဲ ကူညီပေးဖို့ သွားလိုက်တယ်။ သူက ထယ်ထိုးထားတဲ့ မြေကနေ မြက်ပင်အမြစ်တွေကို ဆွဲထုတ်လိုက်ပြီး ဘေးကို ပစ်ထုတ်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ သူကခေါင်းကို မော့လိုက်ပြီး ပြောလိုက်တယ်။
ချောင်းအာက ခြံရှေ့နဲ့နောက်မှာ အသီးအရွက်မျိုးစုံစိုက်ဖို့ စီစဉ်နေတာ ရှေ့လျောက် ငါတို့မိသားစု စားစရာမရှိမှာကို စိတ်ပူစရာမလိုတော့ဘူး၊ ငါ့တို့သမီးလေးက အရမ်းအရည်အချင်းရှိတာပဲ
အမျိုးသမီးလျိုက တစ်ချိန်တည်းမှာ စိတ်အနှောက်ယှက်ဖြစ်သွားသလို ပျော်လည်းပျော်ရွှင်သွားပြီး ပြန်ဖြေလိုက်တယ်။
ငါတို့ အသီးအရွက်တွေကို စိုက်ဖို့လိုတာ ဟုတ်ပေမဲ့ အခုမှ နှစ်လပိုင်းရှိသေးတာလေ ညနေခင်းတွေဆို စည်ထဲက ရေတွေက ခဲနေတုန်းရှိသေးတယ် အစေ့တွေကို စိုက်ဖို့ အလျင်လိုနေတာမှ မဟုတ်တာကို ဘာလို့ အလောတကြီးနဲ့ ထယ်ထိုးနေကြတာလဲ
ထွေထွေထူးထူး ဘာမှလုပ်စရာ မရှိတာနဲ့ ငါတို့လည်း လယ်ကွက်ထဲမှာ အရင်ဆုံး အလုပ်ကောင်းကောင်း လုပ်ထားသင့်တယ်ထင်လို့
ကလေးတွေကို အလိုလိုက်တဲ့ နေရာမှာတော့ ယွီဟိုင်က သူ့ကိုယ်သူ ဒုတိယအနေနဲ့ သတ်မှတ်ထားရင်တောင် ဘယ်သူမှ ပထမနေရာကို ယူရဲမယ့်သူမရှိချေ။ သူက မြေကွက်ကို ထယ်ထိုးပြီး အသီးအရွက်တွေစိုက်ဖို့ ကိစ္စကိုမဆိုထားနဲ့ ကလေးတွေ တောင်းဆိုသမျှအားလုံးကို အမြဲတမ်း အကောင်းဆုံး ဖြည့်စည်းပေးလေ့ရှိတယ်။
အမျိုးသမီးလျိုလည်း သူတို့ကို ပြောမရတော့တာကြောင့် အင်္ကျီလက်တွေကို ဆွဲတင်လိုက်ပြီး သူတို့နဲ့ အတူ ဝင်ကူလိုက်တော့တယ်။ ညနေခင်းမှာတော့ ခြံရှေ့ဧက တစ်ဝက်လောက်ကို ထယ်ထိုးပြီးသွားပြီး အလယ်မှာ လမ်းလျှောက်ဖို့ လျှောက်လမ်းသေးသေးလေးသာ ချန်ထားလိုက်တယ်။
ညနေခင်းရောက်တော့ ရှောင်ချောင်းက သူ့အမေဘက်က အဘွားပို့ပေးလိုက်တဲ့ အစေ့တွေကို အမျိုးသမီးလျိုဆီက တောင်းလိုက်တော့တယ်။ အမျိုးသမီးလျိုက သူမကို ကြည့်ပြီးမေးလိုက်တယ်
ချောင်းအာ အပင်တွေကို အခုစိုက်တော့မလို့လား အချိန်မကျသေးဘူးလေ မင်းအခု အစေ့တွေကို စိုက်လိုက်ရင် အညှောင့်ထွက်လာမှာ မဟုတ်ဘဲ အစေ့တွေ အချည်းနှီး ဖြစ်ကုန်လိမ့်မယ်
အမေ, ညတုန်းက ကံကြမ္မာနတ်ဘုရားက သမီးဆီ ထပ်လာသေးတယ်။ သူက သမီးကို အသီးအရွက် စိုက်ခင်းကို နွေးနွေးထွေးထွေးထားလို့ ရမယ့်နည်းတစ်ခု သင်ပေးသွားတယ်။ အမေ စဉ်းစားကြည့်လိုက် သူများတွေရဲ့ အသီးအရွက်ပင်တွေစပြီး အညှောင့်ထွက်လာတုန်းရှိသေး သမီးတို့က ရောင်းလို့တောင် ရနေလောက်ပြီ။ မြို့က မိသားစုတွေကလည်း ဆောင်းတွင်းတစ်ခုလုံး မုန်လာဥတွေနဲ့ ဂေါ်ဖီထုပ်တွေပဲ စားနေရတာမလို့ ဈေးကြီးပေးရမယ်ဆိုရင်တောင် သေချာပေါက် ဝယ်ကြလိမ့်မယ်
ရှောင်ချောင်းရဲ့အတွင်းစိတ်က ခေတ်သစ်က လူတစ်ဦးဖြစ်တာမို့ ရှားပါးပစ္စည်းတွေကို ဈေးမြင့်မြင့်နဲ့ ကြေညာရောင်းချနိုင်ခြင်း အခြေခံသဘောတရားကို အခြားလူတွေထက် ပိုသိတာပေါ့!
>>>>

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now