SUN { 72 }

1.6K 121 0
                                    

ဧည့်ခန်းတွင် မွေးပွ အရုပ်ကလေးများနှင့် ဆော့ကစားနေစဉ် ရုတ်တရက် ရလိုက်သော မွှေးပျံ့သည့် ဟင်းရနံ့များကြောင့် နန်းယု ခေါင်း ထောင်သွားသည်။ ဝတ်ထားသည့် ဂါဝန်ကို ဖြန့်ချထားပြီး ကြမ်းပြင်တွင် ပုံ့ပုံ့ကလေး ထိုင်နေရာမှ ထမင်းစားခန်းဘက် မျက်နှာ လှည့်ပြီး စောင်းငဲ့ ကြည့်လိုက်သည်။ ပိတ်ထားသော တံခါးကြီး၏ အောက်ဖျား ဟနေသည့် နေရာလွတ်ကလေးဆီမှ ထိုးထွက်လာသော မီးရောင်၌ လှုပ်ရှားနေသည့် လူရိပ် တချို့ကို မြင်လိုက်ရသည်။

အဘွားဖြစ်သူ ဒေါ်စန္ဒာခင်ပဲ ဖြစ်ရမည်။

"ဗိုက်ဆာပြီလား မမလေး"

အဖော် ရအောင် အတူ ဆော့ကစားပေးနေသည့် အိမ်အကူလေးက ရုတ်တရက် မေးလာသည်။ နန်းယု ခေါင်းညိတ်လျက် ဘာအဓိပ္ပါယ်မှ မဆောင်သည့် အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။

"ဒီအချိန်ဆို မြန်မာမှာ ညစာ စားကြပြီလား၊ နည်းနည်းတော့ စောနေသေးတယ်နော်၊ ဒါပေမယ့် ဂျပန် စံတော်ချိန်နဲ့ တိုင်းမယ်ဆို နှစ် နာရီလောက်တော့ နောက်ကျနေပြီ"

"ဒီနေ့တော့ စောစော စားမယ့် ပုံ ရှိတယ်၊ ထမင်းစားခန်းကို အရင် သွားနှင့်လေ၊ ဗိုက်ဆာပြီ မဟုတ်လား"
    
နန်းယု ထိုင်ရာမှ ထရပ်ကာ ထမင်းစားခန်းသို့ လျင်မြန်သော ခြေလှမ်းများဖြင့် လှမ်းသွားလိုက်သည်။ အိမ်အကူလေးက သူမ ဖွထားသည့် အရုပ်တွေကို ရှင်းလင်းဖို့ ဧည့်ခန်းမှာ ကျန်ရစ်ခဲ့သည်။

"လာ . . သမီး၊ ထမင်း စားကြမယ်"

ထမင်းစားခန်းသို့ ဝင်သွားသည့်အခါ စားပွဲ၌ ဟင်းပွဲများ နေရာချ တည်ခင်းနေသည့် ဒေါ်စန္ဒာခင်နှင့် ဆုံသည်။ အဘွားဖြစ်သူက ဟင်းပွဲများကို စီမံနေရင်းမှ သူမကို ထမင်း အတူ စားဖို့ ဖိတ်ခေါ်သည်။ နန်းယု ထမင်းစားပွဲသို့ တည့်တည့်မတ်မတ် လျှောက်သွားပြီး ထိုင်ခုံမှာ ကျကျနန ထိုင်လိုက်သည်။

"သမီးက ဂျပန်မှာ နေတာ ဆိုတော့ မြန်မာ ထမင်းဟင်းတွေ စားတတ်ပါ့မလား . . မသိဘူး၊ သမီး ကြိုက်မယ် ထင်တာလေးတွေတော့ မေ အတတ်နိုင်ဆုံး ပြင်ပေးထားတယ်"

ဒေါ်စန္ဒာခင် စကားကြောင့် ထမင်းစားပွဲပေါ် ရှိနေသည့် ဟင်းအမယ်များကို နန်းယု တစ်ချက် ဝေ့ဝဲ ကြည့်လိုက်သည်။ နှာဖျားဝဆီ အချိန်ကိုက် တိုးဝင်လာသည့် သင်းမွှေးသော ဟင်းရနံ့များကြောင့် ခန္ဓာကိုယ်၏ ဆာလောင်မှုက ပိုမို အသက်ဝင်သွားသည်။
    
စားပွဲ အလယ်တွင် ဂတ်စ်မီးဖိုဖြင့် ခမ်းခမ်းနားနား တည်ခင်းထားတာက ငါးပေါင်း ဟင်းရည်။ ဟင်းရည်ထဲတွင် ကင်းမွန်နှင့် ရေဘဝဲပေါက်လေးများက ဟင်းခတ် အမွှေးအကြိုင်များနှင့် အတူ နစ်မြှုပ် ဝေ့ဝဲနေသည်။ အမယ် စုံလှသည့် ငါးပေါင်းပူပူကို စားဖွယ်ရာ ဖြစ်အောင် အရောင်အဆင်း စုံလင်စွာဖြင့် ပို၍ ပံ့ပိုးပေးနေသည်။ သူမ အကြိုက် မြန်မာ လက်ရာအတိုင်း ချက်ပြုတ် ပြင်ဆင်ထားသည့် ပုစွန်ဆီပြန်က ပန်းနုရောင် သန်းစွာ။ ကြီးမားသော ပုစွန်တုပ်ကြီးများက ချက်ချင်း နှိုက်မြည်းချင်အောင် ဆွဲဆောင်နေတော့သည်။
    
ကြက်သွန်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကြော်လှော်ထားသော ဆိတ်သား ထောင်းကြော်က အပ်မှိုထောင်းသုပ် ပန်းကန် ဘေး၌ ငြိမ်သက်စွာ ရှိနေသည်။ ဆီ အိ၍ ပုံမှန်ထက် မွှေးကြိုင်နေသည့် ဆိတ်သား အမျှင်ကလေးများက ကြက်သွန်ဖတ်များထက် ပို၍ ရွှေရောင် တောက်နေသည်။ သေချာ ယှဉ်ကြည့်ပါက ကြွပ်ရွနေသည့် ကြက်သွန်များက လျော့နည်းနေပြီး ဆိတ်သားဖတ်များက ပိုပိုသာသာ များနေသယောင်ယောင်။
    
သူမ မစားဖူးသေးသည့် အပ်မှိုထောင်းသုပ်ကိုတော့ ကိုက်လန် အရွက်များနှင့် တွဲစပ် ဖန်တီးထားသည်။ အပ်မှိုပင်တွဲကလေးများက ပန်းကန်ပြား ဖြူဖြူထဲ အစုလိုက် အတွဲလိုက် ဖွေးဖွေးဥဥ။ အစပ်အဟပ် တည့်ပြီး အရသာ ရှိနေမည် ဆိုတာ မလွဲဧကန်။ တရုတ် ဟင်းအမယ်များ ဖြစ်သည့် မာလာ ကဏန်းပေါင်းနှင့် ဝက်သားလုံး ချိုချဉ်၏ ဆွဲဆောင်မှုကိုတော့ ပြောဖို့ပင် မလိုတော့။ မျက်စိ မလွှဲချင်အောင်အထိ စားပွဲထက် ချိုချိုမြိန်မြိန် ဝင့်ထည်နေတော့၏။

SUN { Season 1 }Where stories live. Discover now