အပိုင်း ၇၁ (ချစ်စရာကောင်းတဲ့လူငယ်လေး)

3.4K 445 5
                                    

[Zawgyi]

မင်းပြောနေတာ မြက်တောတွေမှာပေါက်တဲ့ဟာ.. သူ့အရွက်လေးတွေကငှက်တောင်နဲ့ဆင်တဲ့ တခြားဆေးမြစ်တစ်မျိုး.. ခု မင်းရဲ့အစ်မရှာနေတဲ့ဟာက နွေဦးမှာပေါက်တဲ့ ဆေးဖက်ဝင်မုန်ညင်း.. သူ့ပုံစံက ကြည့်လို့သာမကောင်းတာ တော်တော်တော့ အရသာရှိတယ် မယုံရင် ဒီတစ်ခုကို နမ်းကြည့်ကြည့် ..
ရှောင်ချောင်းဟာ နှစ်စင်တီလောက်သာရှည်တဲ့အရွက်ရှိတဲ့ ဆေးဖက်ဝင်မုန်ညင်းကို တူးပြီး ရှီထုန်ရဲ့နှာခေါင်းနား ကပ်ပေးကာ ရှူခိုင်းလိုက်တယ်။ တကယ်ကိုပဲ စိတ်ကိုလန်းဆန်းသွားစေတဲ့ ဆေးမြစ်ရိုင်းပဲ!
ဒါပေမယ့် ဒီလိုဆေးမြစ်မျိုးက သိပ်ကိုသေးလွန်းတယ်...
ရှီထုန်လေးက ဖင်လေးလှုပ်လျက် ပြောလိုက်တယ်။ ထို့နောက် ဆောင့်ကြောင့်ပြန်ထိုင်ရင်း ဆေးမြစ်ရိုင်းတွေကို တူးနေခဲ့တယ်။
ဒီနေရာမှာ သူတို့ရှာနေတဲ့ ဆေးဖက်ဝင်မုန်ညင်းပင်တွေ တော်တော်ပေါတယ်။ ကြည့်ရတာ လအနည်းငယ်လောက်ဆို ဒီနေရာက အဖြူရောင်ပန်းတွေနဲ့ပြည့်နေလောက်ပြီ။ ယွီရှောင်ချောင်းက နည်းနည်းကြီးတဲ့မုန်ညင်းတွေကို မရပ်မနားတူးပြီး အော်ရယ်လိုက်တယ်။
တို့တွေ ဒီကိုလာတာ နည်းနည်းစောသွားတယ်.. သူတို့တွေက ရက်အနည်းငယ်လောက်ဆို ကြီးလာကြတော့မှာ... အကြီးဆုံးအပင်ဆို အရွက်က သုံးစင်တီကနေ ခြောက်စင်တီထိ ရှည်တယ်.. အရမ်းသေးတဲ့ဟာတွေဆို မခူးသေးနဲ့ဦး.. သူတို့ကြီးအောင် စောင့်လိုက်ကြရအောင်
ရေမြောင်းလေးရဲ့အဖျားတစ်လျှောက်မှာ မောင်နှမတွေ မြေကိုတူးဆွရင်း ရှာနေကြတယ်။ ကန်သင်းရိုးပေါ်က ဆေးမြစ်တွေက နေထွက်ရာကို မျက်နှာမူပြီးပေါက်နေတော့ အညွှန့်တွေအရင်ထွက်ပြီး သူတို့ရဲ့ရွက်နုလေးတွေဟာလည်း သိသိသာသာကို ရှည်နေခဲ့တယ်။
နွေဦးရဲ့ နေက ဖြည်းဖြည်းချင်းထွက်ပေါ်လာတယ်။ ရှောင်ချောင်းနဲ့ ရှီထုန်လေးဟာ နေပူဆာလုံရင်း နွေဦးမှာပေါ်တဲ့ ဆေးမြစ်ရိုင်းတွေကို တူးနေကြတယ်။
တောင်ခြေရင်းရဲ့ ကျောက်တုံးပေါ်မှာနားနေတဲ့ ချန်းဝိန်မှာ စာထဲ အာရုံမရှိဖြစ်နေတယ်။ ဟိုးအဝေးက ရှီထုန်လေးရဲ့ ဝမ်းသာအားရအော်ဟစ်သံတွေကြားတိုင်း သူ့ခမျာ ဆယ့်နှစ်မီတာအကွာလောက်က ပိန်ပိန်ပါးပါးလူနှစ်ယောက်ဆီကို ခဏခဏ လှည့်ကြည့်နေမိတယ်။ ဒါကြောင့် သူ့စိတ်ထဲ အာရုံတွေ ထွေပြားလာတော့ စာထဲလည်း အာရုံမစိုက်နိုင် ဖြစ်နေတာပေါ့။
ဒါနဲ့ သူလည်း စာရွက်ကို ပြန်လိပ်လိုက်ကာ လက်မောင်းထဲညှပ်ပြီး ထိုမောင်နှမနှစ်ယောက်ထံ သွားလိုက်တယ်။ မောင်နှစ်ယောက်သား ဆေးမြစ်တူးဖို့ပဲ အာရုံစိုက်နေတော့ သူလာတာတောင် သတိမထားမိကြဘူး။
ယွီရှောင်ချောင်းမှာ ဆောင့်ကြောင့်ထိုင်အနေအထားနဲ့ ရှေ့သိုဖြည်းဖြည်းချင်းစီ တိုးသွားလိုက်ပြီး သူမလက်ထဲက တူးရွင်းတစ်လက်နဲ့ အလုပ်ရှုပ်နေလေရဲ့။ ချန်းဝိန်အနားကပ်ပြီး တစူးတစမ်းနဲ့
ဒီလိုရာသီမှာ ဆေးမြစ်ရိုင်းတွေ ရှိရောရှိလို့လား
ရှောင်ချောင်းဟာ ရုတ်တရတ် ဆေးဖက်ဝင်မုန်ညင်းတွေ အပြုံလိုက်ကြီးရှိနေတဲ့နေရာကြီးကို တွေ့လိုက်လို့ အပျော်လုံးစို့ပြီး ထခုန်လိုက်တယ်။ ဒါပေမယ့် သူမက နောက်ကနေ ချဉ်းကပ်လာတဲ့ ချန်းဝိန်ကို သတိမထားမိတော့ သူမခေါင်းနဲ့ သူ့ရဲ့မေးစေ့ကို အမှတ်မဲ့ ဝင်တိုက်မိသွားတယ်။
ရှောင်ချောင်းဟာ သူမရဲ့ခေါင်းကိုပွတ်သပ်ရင်း နောက်ကိုလှည့်ကြည့်လိုက်တော့ ချန်းဝိန်ဟာလည်း သူ့မေးသူ ပွတ်နေတာကို တွေ့လိုက်တယ်။ သူ့ပုံကလည်း တော်တော်နာသွားတဲ့ဟန်ဆိုတော့ ရှောင်ချောင်းခမျာ ရှက်ရှက်နဲ့ တောင်းပန်လိုက်တယ်။
တောင်းပန်ပါတယ်နော် အနောက်မှာရောက်နေတာ မသိလိုက်လို့ပါ.. အရမ်းများနာသွားလား
ချန်းဝိန် သူမခေါင်းနဲ့စောင့်မိတဲ့အချိန် သူ့လျှာဖျားကို သွားနဲ့မတော်တဆ ကိုက်မိသွားပြီး မျက်ရည်တောင်ဝဲသွားတယ်။ ဒါကြောင့် သူ့မျက်လုံးကို ကျယ်ကျယ်ထားပြီး ကောင်းကင်ပေါ်ကို အလျင်စလို မော့ကြည့်လိုက်တယ်။ မထိန်းနိုင်ဘဲ ထိုမိန်းကလေးရှေ့မှာ မျက်ရည်ကျမိမှာ စိုးတာကိုး။
ဒါက ရှောင်ချောင်းရဲ့ အမှားလည်း မဟုတ်တာကြောင့် သူလည်း ကောင်းကောင်းမွန်မွန် ပြန်ဖြေခဲ့တယ်။
ဒါငါ့အမှားပါ.. ငါ့အနေနဲ့ မင်းနား အရမ်းမတိုးလာသင့်ဘူး
သူ့ရဲ့လျှာဟာ နာကျင်နေတော့ လေအေးကိုပဲ ဆက်လက်ရှူရှိုက်နေခဲ့တယ်။ ရလဒ်အနေနဲ့ သူ့အသံက မသဲမကွဲဖြစ်သွားတာကြောင့် မျက်နှာနည်းနည်းပျက်သွားတယ်။
ယွီရှောင်ချောင်းကလည်း ရယ်ရယ်မောမောနဲ့
နှစ်ယောက်လုံးက တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်တော့ ဘယ်သူမှ တောင်းပန်နေစရာမလိုပါဘူး... ကျွန်မတို့ အကိုစာဖတ်နေတာကို အနှောင့်အယှက်များပေးမိပြီလား။ ဒီအနားတဝိုက်မှာ နည်းနည်းလောက်ထပ်တူးပြီးရင်တော့ ရှီထုန်လေးကို ဒီထက်ဝေးတဲ့နေရာဆီ ခေါ်သွားလိုက်ပါမယ်..
ရတယ်... ရတယ်! ဒီကိုလာတာကလည်း အနားယူဖို့လာတာ.. ငါ့ဆရာကပြောဖူးတယ်.. စာလုပ်နေတဲ့အခါ အလုပ်နဲ့နားချိန်ဆိုတာ မျှရတယ်.. ဆေးမြစ်ရိုင်းတွေရှာဖို့ ငါပါကူပေးမယ်လေ!
ချန်းဝိန်ဟာ သူ့ရဲ့ဂွမ်းသားနဲ့ရက်ထားတဲ့ ဝတ်ရုံကိုမပြီး ထိုင်ချလိုက်တယ်။ ဒါပေမယ့် သူ့ဆီမှာ မြေဆွဖို့ တူးရွင်းမရှိဘူးဆိုတာတော့ ခုမှပဲ သတိထားမိလိုက်တယ်။
ရှောင်ချောင်းဟာ သူ့ကို ခေါင်းခါပြရင်း ခုဏက သူမတွေ့ထားတဲ့ ဆေးမြစ်ကိုတူးဖို့ ခေါင်းငုံ့လိုက်တယ်။
မလိုပါဘူး.. ပြန်သွားပြီးသာ စာဖတ်နေပါ.. မတော်လို့ စာတွေနောက်ကျရင် ကျွန်မတို့အပြစ် ဖြစ်နေပါဦးမယ်
ချန်းဝိန်ကလည်း ပြုံးရယ်ကာ
ငါ့ဆရာက လူတစ်ယောက်ဟာ ပညာသင်တဲ့အချိန် စာကိုပဲ တထစ်ချအာရုံမစိုက်နိုင်ဘူးတဲ့.. ကွန်ဖြူးရှပ်ရဲ့စာပေမှာတောင် လူတစ်ယောက်ဟာ ကိုယ်လက်လှုပ်ရှားမှုလည်းမရှိဘဲ ဆန်စေ့နဲ့ဂျုံစေ့တောင် မခွဲခြားနိုင်ရင် အဲ့လူကို ဘယ်လိုလုပ်ပြီး ပညာတတ်လို့ခေါ်မလဲ တဲ့
သူဟာ စကားပြောနေရင်း ရှောင်ချောင်းလက်ထဲက တူးရွင်းကို ယူလိုက်ကာ မြေပေါ်က ဆေးမြစ်တွေကို တူးဆွနေလိုက်တယ်။
ဟေး..ဟေး ! မြေကို ဖွဖွလေးပဲ ဆွပေးရတယ်.. မဟုတ်ရင် အရွက်တွေ တစ်ပိုင်းတစ်စစီ ပဲ့သွားလိမ့်မယ်!
ကိုးယိုးကားယားနဲ့ ဘေးနားကပေါက်လက်စအပင်တွေကိုပါ တူးမိသွားတော့ ယွီရှောင်ချောင်းတစ်ယောက် စိတ်ထဲ အမြင်မတော်ဖြစ်သွားပြီး သူ့ကို သတိပေးလိုက်တယ်။
ရှီထုန်လေးက သူ့အနွေးထည်ထဲ ဆေးဖက်ဝင်မုန်ညင်းတွေအပြည့်နဲ့ အဝေးကနေ ပြေးလာခဲ့တယ်။ သူ့အစ်မရဲ့ တူးရွင်းကို ချန်းဝိန်ယူထားတာကိုမြင်တော့ ရှီထုန်လေးဟာ သူတူးလာတာတွေကို တောင်းထဲထည့်ပြီး လက်ထဲက တူးရွင်းကို သူ့အစ်မလက်ထဲ ပေးခဲ့လိုက်တယ်။
ဒုတိယအစ်မ ကျနော့်ဟာ ယူလို့ရတယ်... ကျနော်က အပြေးမြန်တော့ အိမ်ပြန်ပြီး နောက်တစ်ခု ထပ်သွားပြေးယူလိုက်မယ်
စကားတောင်မဆုံးသေးဘူး ရှီထုန်လေးက အဝေးကိုတောင် ရောက်နှင့်နေပြီ။
ယွီရှောင်ချောင်းဟာ ဝပ်ဝပ်လေးထိုင်ချရင်း ချန်းဝိန်ကို ဆေးမြစ်တူးနည်းအကြောင်း သေသေချာချာ ရှင်းပြပေးနေခဲ့တယ်။ ချန်းဝိန်ဟာ ခဏလေးနဲ့ ဆေးမြစ်ရိုင်းတူးနည်းကို တတ်မြောက်သွားခဲ့တယ်။ နှစ်ယောက်သား ရေမြောင်းရဲ့ တစ်ဖက်တစ်ချက်စီထိုင်ရင်း ဆေးမြစ်ရိုင်းတွေကို တူးဆွနေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆေးမြစ်အကြီးကြီးတူးမိရင်တော့ စကားစမြည်ပြောတတ်ကြတယ်။ အေးအေးချမ်းချမ်းနဲ့ သူတို့နှစ်ယောက်ဟာ အချင်းချင်း အတိုင်အဖောက်ညီလို့နေတယ်။
ခဏကြာတော့ ရှီထုန်လေးဟာ တူးရွင်းတစ်ဖက်နဲ့ စကားများတဲ့ ချန်းဝူလေးနဲ့အတူ ပြန်ရောက်လာခဲ့တယ်။ ချန်းဝူဟာ သူ့အကို စာမဖတ်ဘဲ ဆေးမြစ်တူးနေတာကိုမြင်တော့ စပ်စပ်စုစုနဲ့
အကိုကြီးက ဘာလို့ဒီမှာရှိနေတာလဲ စာဖတ်ဖို့ အပြင်ထွက်သွားတာ ဟုတ်ဘူးလား?
ချန်းဝိန်က သူ့ညီကို ကြည့်ရင်း တည်တည်ငြိမ်ငြိမ်နဲ့
ငါ စာဖတ်တာ ပြီးသွားပြီ.. ဒီဟာလုပ်ကူရင်းနဲ့ ဖတ်ထားတဲ့စာတွေကို ပြန်နွေးနေတာ... ကိုယ်နားလည်ထားတာတွေနဲ့ စာအုပ်ထဲကအကြောင်းအရာတွေကို ပေါင်းပြီး ပြန်တွေးကြည့်လို့ရတာပေါ့.. ချန်းဝူ..မင်းကို အမေက ဘဲတွေကျောင်းဖို့မှာထားတယ်မလား ထပ်ပြီး ခိုးထွက်လာပြန်ပြီလား.. သတိလည်းထားဦးနော် .. အမေသိမှ မင်းကို တံမြက်စည်းရိုးနဲ့ ရိုက်နေဦးမယ်!
ချန်းဝူက သူ့ထပ် သုံးနှစ်လောက်ကြီးတဲ့ အကိုကိုတော့ တလေးတစားရှိပေမယ့် တခါတလေတော့ သူ့ဟာသူ အကြီးလိုလို ပြုမူတတ်လေ့ရှိတယ်။ ဒါနဲ့ သူဟာ ပခုံးတွန့်လိုက်ပြီး
ကျွန်တော် ဘဲတွေကို ရေကန်ထဲ ကျောင်းပြီးပြီ. သူတို့ကိုယ် သူတို့လည်း အစာရှာစားတတ်တော့.. ကျွန်တော့် အနေနဲ့ ဘာမှဆက်လုပ်စရာမရှိတော့ဘူးလေ အား .. ဟုတ်သားပဲ! ရှီထုန်..မင်းအိမ်နောက်ဖေးက မြက်ခင်းကြီးက ဘာတွေတုန်း
သူ့အနေနဲ့ ခေါင်းစဉ်တစ်ခု အမြန်ပြောင်းမှပဲ ရတော့မှာကိုး!
ယွီရှောင်ချောင်း သူ့ကိုအပြုံးဖြင့် ကြည့်လိုက်ရင်း ထိုလူငယ်လေးက သူ့အကိုကြီးနဲ့ အများကြီးကွာတယ်ဆိုတာ သတိထားမိသွားတယ်။ အကြီးဆုံးအကိုဟာ ဖြူပြီးကြည်တဲ့ အသားအရည်နဲ့ ယဉ်ကျေးပြီးသိမ်မွေ့တဲ့ပုံစံလေး။ ဒါ့အပြင် သားသားနားနားနဲ့ ကြည့်လို့ကောင်းတဲ့ ပုံစံမျိုးလည်းရှိနေခဲ့တယ်။ ညီငယ်ဖြစ်သူက အညိုဖက် အနည်းငယ်သမ်းပြီး ထူထဲတဲ့မျက်ခုံးတွေနဲ့ ကြီးမားတဲ့ မျက်လုံးဝိုင်းလေးတွေရှိတယ်။ သူရယ်လိုက်ရင်လည်း သွားတက်လေးနှစ်ချောင်းက ပေါ်လာတတ်တယ်။ သူရဲ့ခန့်ခန့်ညားညားနဲ့ သန်သန်မာမာပုံစံလေးက တစ်မျိုး ချစ်ဖို့ကောင်းနေတယ်။
ရှီထုန်လေးက ကိုယ့်ကိုယ်ကို ဂုဏ်တယူယူနဲ့ ခါးကိုမတ်လိုက်ကာ
ဘယ်ကမြက်ခင်းရမှာတုန်း အဲ့တာတွေကိုသက်ကယ်လို့ခေါ်တာ .. သူတို့ကို ဂျုံရိုး ကောက်ရိုးတွေနဲ့ လုပ်ထားတာ.. စိုက်ခင်းတွေကို နွေးအောင်လုပ်ပေးတဲ့အခါမှာ ဒါတွေကို သုံးကြရတာလေ!
စိုက်ခင်းကို နွေးအောင်လုပ်ဖို့လား မင်းတို့မိသားစုက ဟင်းသီးဟင်းရွက်တွေတောင် စိုက်နေကြပြီပေါ့
ချန်းဝိန်က ယွီရှောင်ချောင်းကို အံ့အားသင့်စွာမေးလိုက်တယ်။ ဒီလိုထူးခြားတဲ့အကြံရဲ့ နောက်ကွယ်မှာ ယွီရှောင်ချောင်းရှိတယ်ဆိုတာ သူတန်းရိပ်မိလိုက်တယ်။
ရှီထုန်လေးကလည်း ပီတိတွေတဖြာဖြာနဲ့
ဒါပေါ့... အိမ်ရှေ့က စိုက်ခင်းဆိုရင် စိုက်ထားတာ သုံးလေးရက်ပဲရှိသေးတယ်... ဒီမနက်က ကျနော် သက်ကယ်ကို လှန်ကြည့်လိုက်တော့ အစေ့ထဲက အညှောင့်လေးတွေထွက်နေတာကို သတိထားမိလိုက်တယ်... ကျွန်တော့်ရဲ့ ဒုတိယအစ်မက မတော်လွန်းဘူးလား သူများမတွေးမိနိုင်တဲ့ အရာကို တွေးမိတာဆိုတော့
အို.. သူတို့တွေတကယ် အညှောင့်ထွက်လာတယ်လား.. စည်ပိုင်းထဲကရေတွေတောင် ညညဆို အေးခဲနေတာ သူတို့တွေလည်း အေးခဲသွားမှာကို မစိုးရိမ်ဘူးလား
ချန်းဝူက အံ့ဩပြီး မျက်လုံးတွေပြူးလာတယ်။ အရင်နှစ်တွေမှာ သူ့မိသားစုက သုံးလပိုင်းအကုန်လောက်မှသာ အစေ့တွေကို စိုက်ပျိုးလေ့ရှိတယ်။ သူတို့အနေနဲ့ ဧပြီ သို့မဟုတ် မေလ လောက်မှသာ အသီးအရွက်တွေကို စားကြရတာ။
တစ်ဆောင်းတွင်းလုံး ဒီမုန်လာဥဖြူ၊ ဂေါ်ဖီ၊ ဆားရည်စိမ်ဟင်းရွက်တွေနဲ့ ပဲပုပ်နှပ်တွေပဲ စားခဲ့ရတော့ လတ်ဆတ်ပြီး စိမ်းစိုနေတဲ့ ဟင်းသီးဟင်းရွက်အကြောင်း တွေးလိုက်တာနဲ့ကို သွားရည်တွေယိုလာရော။
အဲ့တာဆိုရင် မင်းတို့မိသားစုက မကြာခင် ဟင်းရွက်တွေစားရတော့မှာပေါ့
ချန်းဝူဟာ ရှီထုန်လေးကို အားကျစွာနဲ့ မေးလိုက်တယ်။
ရှီထုန်လေးက ခေါင်းယမ်းကာ
ငါတို့တွေ ဒါကို စားလို့မဖြစ်ဘူး.. ဒါတွေကို မြို့ထဲမှာ ငွေရဖို့ သွားရောင်းရမှာ ဒုတိယအစ်မက ငါတို့မှာ ငွေလုံလုံလောက်လောက်ရှိရင် ငါ့ကို ကျောင်းထားပေးမလို့တဲ့လေ... အကိုချန်းဝိန်.. ကျောင်းတက်လို့ နားမလည်တဲ့စာတွေရှိခဲ့ရင် အကို့ဆီလာမေးမှာနော်!
သူတို့မိသားစုရဲ့ အခုနေနေရတဲ့ အခြေအနေကို စဉ်းစားမိတော့ ချန်းဝိန်တစ်ယောက် မတတ်နိုင်ဘဲ ရှောင်ချောင်းကို ထပ်ကြည့်မိပြန်တယ်။ ရှီထုန်လေးရဲ့မိသားစုက ခုချိန်မှာစားဖို့တောင် အနိုင်နိုင်ရှိပေမယ့် သူ့ရဲ့အစ်မအကြီးခမျာ သူ့မောင်ရဲ့ရှေ့ရေးကိုတော့ တွေးထားနှင့်နေပြီကိုး..
ရှောင်ချောင်းရဲ့ရုပ်ရည်ဟာ သူများထက် ထူးကဲမနေခဲ့။ ဖီးနစ်ငှက်တစ်ကောင်လို ကျဉ်းပြီးအပေါ်သို့ သွယ်သွယ်လေးတက်သွားတဲ့ မျက်လုံးအိမ်မျိုးရှိတယ်။ သူမက မျက်ခုံးပါးပြီး နှာတံကတော့ သိပ်မမြင့်။ သူမရဲ့ နှုတ်ခမ်းပါးဟာ ယခုခေတ်စားနေတဲ့ ချယ်ရီနှုတ်ခမ်းလိုမျိုးသေးမနေဘဲ နှုတ်ခမ်းသားမှာ အနည်းငယ်ထူနေတယ်။ ဒါပေမယ့် အားလုံးကို ခြုံပြီးကြည့်လိုက်ရင်တော့ လက်ဖဝါးစာသာသာရှိတဲ့ မျက်နှာလေးဟာ အပေါ်ကပြောသလို ထင်ရှားတဲ့အစိတ်အပိုင်းတွေနဲ့ သဘာဝဆန်ဆန် ကြည့်လို့ကောင်းနေတယ်။
သူငေးနေတာကို ရှောင်ချောင်းခံစားမိတော့ ခပ်ယဲ့ယဲ့ပြန်ပြုံးခဲ့တယ်။ နောက်တော့ ချန်းညီအစ်ကိုတို့ပါ လုပ်ကူပေးတော့ ဆေးမြစ်ရိုင်းတွေ တစ်ပုံတစ်ခေါင်းကြီး ရရှိလာခဲ့တယ်။
ရှောင်ချောင်းဟာ ဒီခန္ဓာထဲရောက်လာတာ နှစ်ဝက်လောက်ရှိပေမယ့် ခုချိန်ထိ ထမင်းနှစ်နှပ်ပဲစားရတာကို ကျင့်သားမရသေးဟန်။ နေ့လယ်ကျော်ရင်ကို သူ့ဗိုက်တွေက တဂွီဂွီနဲ့မြည်နေခဲ့တယ်။ ရှောင်ချောင်းက အနည်းငယ် ဗိုက်အောင့်လာတာကြောင့် သူမရဲ့ဗိုက်ကိုဖိနေပြီး သူမရဲ့ ဆေးမြစ်တူးတဲ့နှုန်းကလည်း သိသိသာသာကို နှေးကွေးသွားတယ်။
သူမဘေးနားက ချန်းဝိန်ဟာ အမှတ်တမဲ့နဲ့ သူမဗိုက်က ထွက်လာတဲ့အသံကို ကြားခဲ့တယ်။ ဒါနဲ့ သူ့လက်ထဲက ပေါက်စီကို ကိုင်လိုက်တယ်။ ခဏလောက် အတော်အတန် စဉ်းစားပြီးတော့ သူဟာ ဆေးမြစ်ကို ဆက်တူးရင်း ရှောင်ချောင်းနား မသိမသာ တိုးလိုက်တယ်။ သူမနဲ့ ခြေတစ်လှမ်းစာတောင်မရှိတဲ့နား ရောက်တဲ့အခါမှာတော့ ပေါက်စီလုံးကို အလျင်အမြန် ရှောင်ချောင်းလက်ထဲ ထည့်ခဲ့လိုက်တယ်။ နောက်တော့ မတ်တပ်ရပ်ပြီး ဝေးရာဘက်ကို ခပ်သုတ်သုတ် လျှောက်သွားလိုက်တယ်။
ရှောင်ချောင်းဟာ သူ့လက်ထဲက အဝတ်စနဲ့ ထုပ်ထားတဲ့အရာလေးကို ဖွင့်ကြည့်လိုက်ရင်း လူငယ်လေးရဲ့ နောက်ကျောလေးကို လှမ်းကြည့်လိုက်တယ်။ သူမ အဝတ်စကိုဖြည်လိုက်တော့ ဂျုံမှုန့်နဲ့လုပ်ထားတဲ့ ပေါက်စီလုံးကိုတွေ့တယ်။ ခုချိန်မှာ ရွာထဲက မိသားစုအချို့သာ ဒီလိုပေါက်စီမျိုးကို စားနိုင်ကြတော့ ဒါဟာ အဒေါ်ချန်း သူ့အသားအတွက် အထူးလုပ်ထားပေးတဲ့ ပေါက်စီပဲဖြစ်မယ်ဆိုတာ သဘောပေါက်ခဲ့တယ်။
သူမအနေနဲ့ ပြန်ပေးချင်ပေမယ့် သူက အဝေးကိုလျှောက်ထွက်သွားပြီလေ။ အကယ်၍သူမအနေနဲ့ ပြေးသွားပြီး ပေးခဲ့ရင်လည်း နှစ်ယောက်သား သူပဲယူ ကိုယ်ပဲယူနဲ့ မြင်မကောင်းဖြစ်နေမှာစိုးတော့ ရှောင်ချောင်းဟာ ပေါက်စီကို အသာအယာပြန်ချည်ပြီး တောင်းထဲက ဆေးပင်တွေ အောက်ထည့်ထားကာ ပြန်မှပဲ ပေးလိုက်တော့မယ်ဟု ဆုံးဖြတ်လိုက်တယ်။
ဒီရာသီက ဆေးမြစ်တွေရှာရမယ့် ရာသီမဟုတ်သေးဘူး။ ပြီးတော့သူတို့ရှာနေတဲ့ ဆေးပင်ကလည်း အညွှန့်တွေ ကောင်းကောင်းပေါက်သေးတာမဟုတ်တော့ ဘယ်သူနဲ့မှလည်း လုကောက်စရာမလိုဘူးပေါ့။ နေ့ဝက်မှာတင် လူလေးယောက်အားနဲ့ရှာလိုက်တာ နှစ်တောင်းအပြည့်ကို ရခဲ့တယ်။ နှစ်တောင်းလုံးကလည်း ဆေးပင်တွေနဲ့ ပြည့်ပြီး လေးနေခဲ့တယ်။
ရှီထုန်လေးနဲ့ ချန်းဝူလေးကတော့ ကိုင်းတစ်ကိုင်းသုံးပြီး တစ်ယောင်တစ်ဖက်စီမရင်း ရှေ့ကနေလျှောက်ခဲ့တယ်။ ရှောင်ချောင်းလည်း ကျန်တစ်တောင်းကိုမဖို့ လုပ်တဲ့အချိန်မှာ တစ်စုံတစ်ယောက်ရဲ့လက်က သူမထက်အရင် တောင်းကိုမလိုက်တယ်။
ချန်းဝိန်က တောင်းကိုမရင်း ရှောင်ချောင်းကို ပြုံးပြလိုက်တယ်။ သူရဲ့ပါးတစ်ဖက်ပေါ်က ပါးချိုင့်လေး ရေးရေးကလေးပေါ်လာပြီး ပြောလိုက်တယ်။  သွားကြအောင်လေ
အပြန်လမ်းမှာ သူတို့တွေဟာ မုဆိုးကျောက်ရဲ့သား ကျောက်ဟန်နဲ့ တွေ့ခဲ့တယ်။ သူက လက်ထဲက ရစ်ငှက်တစ်ကောင်ကိုင်ပြီး ရှောင်ချောင်းရဲ့အိမ်ဖက်သို့ သွားနေလေတယ်။
မုဆိုးကျောက်တို့မိသားစုဟာ လွန်ခဲ့တဲ့နှစ်သုံးဆယ်က ဒီရွာကို ပြောင်းလာခဲ့တာ။ အဲ့တုန်းက နှစ်နှစ်သားအရွယ် မုဆိုးကျောက်ဟာ သူ့အဖေနဲ့အတူ တောင်ရှေ့ရဲ့ခြေရင်းမှာ တဲအိမ်လေးဆောက်ရင်း အခြေချခဲ့တယ်။ သူတို့မိသားစုက ဒီတုန်ရှန်းရွာမှတ်ပုံတင်မရှိတာကြောင့် သူတို့မှာကိုယ်ပိုင်မြေဆိုတာမျိုးလည်း မရှိဘူး။ ကံကောင်းစွာနဲ့ အဘိုးကျောက်က ကိုယ်ခံပညာ ကျွမ်းကျင်သူတစ်ယောက်ဆိုတော့ သူတို့မိသားစုတွေဟာ အမဲလိုက်ရင်း သူတို့ဝမ်းစာအတွက် ရှာနိုင်ခဲ့တယ်။
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က အဘိုးကျောက် အချိန်အတိုင်းအတာတစ်ခုထိ အိမ်ကနေထွက်သွားခဲ့တယ်။ သူပြန်လာတော့ သူ့သား ကျောက်ပုဖန်းအတွက် မိန်းမရွေးချယ်ပေးခဲ့တယ်- ခုကျောက်ဟန်ရဲ့ အမေဖြစ်လာတဲ့သူကိုပေါ့။ အမျိုးသမီးကျုံးဟာ ကျက်သရေရှိပြီး သင့်တင့်တဲ့ ခန္ဓာကိုယ်အချိုးအစားရှိတယ်။ ဒါ့အပြင် သူမရဲ့ အပြုအမူတွေကလည်း အဆင့်အတန်းရှိမိသားစုကဆိုတာ ထင်ရှားနေတယ်။ အဲ့တာကြောင့် အားလုံးက သူမကို တစ်ခါကချမ်းသာလွန်းခဲ့တဲ့ အသိုင်းအဝိုင်းကသမီးပဲဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြတယ်။ ဒါပေမယ့် ရှောင်ချောင်းအမြင်မှာတော့ အဒေါ်ကျောက်က ဖျတ်လတ်တာမို့ စစ်သူကြီးရဲ့သမီးပဲဖြစ်လိမ့်မယ်လို့ တွေးခဲ့တယ်။
ငယ်ရွယ်တဲ့ ကျောက်ဟန်ဟာလည်း သူ့မိသားစုက လက်ဆင့်ကမ်းလာတဲ့ ကိုယ်ခံပညာနဲ့ တောလိုက်အတတ်တွေကို သင်ယူခဲ့တယ်။ ဒါ့အပြင် အဘိုးကျောက်ဟာ ကျောက်ဟန်ကို ကိုယ်ခံပညာတွေ သီးခြားလေ့ကျင့်ပေးတတ်တာကိုလည်း သူမအဖေဆီကမှတစ်ဆင့် ရှောင်ချောင်းကြားသိပြီးဖြစ်တယ်။
အကိုဟန် တောလိုက်ပြီး ပြန်လာတာလား ဒီနေ့ အမဲလိုက်တာ ဘယ်လိုလဲ
ရှီထုန်လေးဟာ သူ့လက်ထဲက တောင်းကိုချပြီး သူ့ဆီကို အပြေးသွားခဲ့တယ်။
သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တော့ ဆယ့်သုံးနှစ်သား ကျောက်ဟန်ဟာ သူနဲ့ရွယ်တူတွေထက်ကို ထောင်ထောင်မောင်းမောင်းရှိနေခဲ့တယ်။ ခန့်မှန်းခြေပြောရမယ်ဆိုရင် သူ့အရပ်က ငါးပေငါးလောက်ကို ရှိနေမယ်ထင်တယ်။ သူ့ရဲ့အသားဟာ ညိုသယောင်ယောင်ရှိပေမယ့် စိုပြည်နေပြီး ဝင်းဝင်းလက်လက်ရှိနေခဲ့တယ်။ သူ့မျက်ခုံးဟာ ထူထဲနေပြီး အပေါ်ကို ထောင်တတ်နေတယ်။ သူ့ရဲ့ကျားတစ်ကောင်လို လုံးဝန်းမျက်လုံးဟာလည်း တစ်လက်လက်နဲ့ တောက်ပလို့နေတယ်။ သူ့ဘေးကရပ်နေတဲ့ အသားအရည်အသင့်အတင့်နဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ချန်းဝိန်နဲ့ယှဉ်တော့ သူတို့နှစ်ယောက်လုံးဟာ သူတို့အစွမ်းအစနဲ့သူတို့ ကြည့်လို့ကောင်းလျက်နေတယ်။ တစ်ယောက်က စာပေပညာရှင်၊ တစ်ယောက်က ကိုယ်ခံပညာရှင်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now