အပိုင်း ၇၆ (အံ့ဩစရာကောင်းလိုက်တာ!)

3.4K 445 0
                                    

[Zawgyi]

အမျိုးသမီးလျိုက သူ့သမီး ကြက်အမွှေးနှုတ်တာ သူ့ထက် နှေးမနေတာကို တွေ့သွားတယ် ။ ပိုပြီးအံ့ဩစရာကောင်းသည်မှာ သူ့သမီးကြက်အမွှေးနှုတ်တာက သူနှုတ်တာထက်တောင် ပိုရှင်းလင်း သန့်စင်နေသေးတယ် ။
ရယ်စရာပဲ , ဒါပေါ့ ရှောင်ချောင်းက ကြက်အမွှေးနှုတ်ရာမှာ တော်တယ်လေ။ ဒါသူ အရင်ဘဝတုန်းက လုပ်ခဲ့ရတဲ့အလုပ်ပဲကို ။ သူ့ရဲ့ အသားနှပ်ဆိုင်မှာဆို ကြက်သားဟင်းတွေ ကြက်ကောင်လုံးကင်တွေ လုပ်ရတယ် ။ ဒီတော့ ရှောင်ချောင်းက ကြက်သတ်ပြီး ကြက်အကောင် သုံးလေးဆယ်လောက် နေ့တိုင်း ပြင်ရတယ် ။ ဒါတောင်မှ ကြက်သားကိုင်တာ မတော်ရင် သူမ ညံ့ရာကျနေမှာပေါ့ !
ရှောင်ချောင်းက အခန်းနားကို ကြည့်လိုက်ကာ ပြုံးရင်း
"ကျွန်မ လုပ်အားခ မလိုပါဘူး အရီးကျိုး... အဲ့ဒီအစား ကျွန်မကို ဒီကြက်အကောင်လေးဆယ်ရဲ့ အတွင်းကလီစာတွေကိုပဲပေးပါ "
" အတွင်းကလီစာတွေ ဘာလုပ်ဖို့လဲ အဲ့ဒါတွေကို အိမ်ပြန်သယ်သွားပြီး စားဖို့တော့ မဟုတ်ပါဘူးနော်! ချောင်းအာ... အမေတို့အိမ် အခြေအနေက အရမ်းကြီးမကောင်းလို့ အသားဟင်း အမြဲမစားနိုင်တာ အမေသိပါတယ်... ဒါပေမယ့် အသားစားချင်တာနဲ့ပဲ ဒီလောက် ညစ်ပတ်တာတွေကိုတော့ စားလို့မဖြစ်ဘူးလေ ! ဒီလိုလုပ်ရင်ရော... နောက်တစ်ခေါက် အမေ ပန်းထိုးတာတွေ ရောင်းပြီးရင် အမေ ချောင်းအာအတွက် အသားတစ်ကျင်း ဝယ်ပေးပြီး သေချာချက်ကျွေးမယ်လေ... "
အမျိုးသမီးလျိုရဲ့ မျက်နှာမှာရှိတဲ့အပြုံးက တဖြည်းဖြည်းမှေးမှိန်သွားရင်း အပြစ်ရှိသူလို တစ်ယောက်လို ခံစားချက်က သူမမျက်ဝန်းတွေမှာ ပေါ်နေတယ် ။
" အမေ , စိတ်မပူပါနဲ့... သမီး ဒီကလီစာတွေနဲ့ လုပ်စရာရှိလို့ပါ "
ရှောင်ချောင်းက စိတ်ထဲကနေ အံ့ဩရင်း ဆိုလိုက်တယ် ။ ရှေးခေတ်က လူတွေ ကလီစာစားတယ်လို့ ကြားဖူးပါတယ် ။ အဲ့ဒါက ဒီတိုင်း ယုံတမ်းစကားကြီးပဲလား!
အမျိုးသမီးဖန်းက ပြုံးရင်း သားအမိ နှစ်ယောက်ကြား အငြင်းပွားနေတာကို ဖြေရှင်းပေးလိုက်တယ် ။
"ကလေးတွေက အသက်ကြီးလာတဲ့အခါ သူတို့ကိုယ်ပိုင် စိတ်ကူးစိတ်သန်းတွေ ရှိတတ်ကြတယ်... ညီမမုယွမ်, ရှောင်ချောင်းကို ခွင့်ပြုပေးလိုက်ပါ ! ရှောင်ချောင်း ဒီကြက်သွေးတွေနဲ့ ကလီစာတွေအကုန်က သမီးဟာပဲ ! သမီးကို အရီးက လုပ်အားခလည်း ထပ်ပေးဦးမယ် ! "
ရှောင်ချောင်းက ခေါင်းခါလိုက်ရင်း
" အရီးကျိုး... ကျွန်မ လုပ်အားခ မယူပါရစေနဲ့... အရင်တစ်ခါ အိမ်တက်ပွဲလုပ်တုန်းက အရီးနဲ့အစ်မလင်းလုံတို့ ကျွန်မတို့ကိုကူရင်း အလုပ်များခဲ့ရတာ... အဲ့တုန်းက အရီးတို့နေ့လည်စာတောင် မစားနိုင်ကြဘူး... ကျွန်မ အခုကူညီပေးတာ အသေးအဖွဲလေးပါ... ဒါကိုတောင် ပိုက်ဆံလိုချင်နေသေးတယ်ဆို... ကျွန်မ အရမ်းလွန်နေရာမကျဘူးလား ။ 'ခင်ရာဆွေမျိုး မြိန်ရာ ဟင်းကောင်း'တဲ့... ကိုယ့်ဆွေမျိုးလိုခင်နေတဲ့ အရီးတို့ကိုကူညီပေးတာ မှန်ကန်တဲ့အလုပ်ပါ ! "
အမျိုးသမီးလျိုက ရှောင်ချောင်းစကားကို ထောက်ခံတယ် ။
" ချောင်းအာ ပြောတာ မှန်တယ် ! အစ်မဖန်း... တကယ်လို့ ရှင်ကျွန်မတို့ကို လုပ်အားခ ပိုက်ဆံပေးမယ်ဆို ကျွန်မတို့အခုပဲ ပြန်လိုက်မှာနော် "
သူမ ကမ်းလှမ်းမှုကို အကြောက်အကန် ငြင်းနေကြတဲ့ သားအမိကြောင့် အမျိုးသမီးဖန်းလည်း ပိုက်ဆံပေးမယ့်အစီအစဉ်ကို လက်လျှော့လိုက်ရတယ် ။ လူကြီးနှစ်ယောက်နဲ့ ကလေးသုံးယောက်အဖို့ ကြက်တွေကို အမွှေးနှုတ်ပြီးသန့်စင်ရတာ နေ့ဝက်လောက်ကြာတယ် ။ ရှောင်ချောင်းရဲ့ ကြက်ကိုင်တဲ့ စွမ်းရည်ကတော့ သူ့အမေထက်သာတယ် ။ လက်ယဉ်နေတဲ့ အမျိုးသမီးဖန်းနဲ့ဆိုရင်တောင် ရှောင်ချောင်း ကြက်ကိုင်ပုံက သူမသာကိုယ်မသာပဲ။ အမျိုးသမီးဖန်းက ဒါကိုကြည့်ပြီး ရှောင်ချောင်းကို အဆက်မပြတ် ချီးကျူးလို့နေတယ်။
အဲ့ဒီနောက်မှာတော့ အမျိုးသမီးဖန်းက အိမ်ထဲဝင်ကာ မနက်အစောတုန်းက မြို့က ဝယ်လာတဲ့ ကိတ်မုန့်နဲ့ အစာသွတ်မုန့်တွေ ယူလာတယ် ။ ပြီးနောက် ရှောင်ချောင်းလက်ထဲ ထိုးပေးပြီး မုန့်တွေကို လက်ခံဖို့ အဆက်မပြတ် တောင်းဆိုလေတယ် ။ ကျိုးမိသားစုက ကြက်သားနဲ့ ကြက်ဥတွေ ရောင်းပြီး လယ်လုပ်ငန်း ပါးတဲ့အချိန်ရောက်ရင် သူမအမျိုးသားက ကုန်သေးကုန်နုတ်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်း လှည့်လည်ရောင်းလေ့ရှိတယ် ။ အဲ့ဒီတော့ ကျိုးမိသားစုက ရွာမှာဆို အိမ်ကကလေးတွေအတွက် မုန့်ချိုတွေ မကြာခဏဝယ်ကျွေးနိုင်တဲ့ တစ်ခုတည်းသော မိသားစုပဲ ။ အမျိုးသမီးလျိုက သစ်သားဇလုံတစ်ခုကိုယူပြီး ကြက်ကလီစာတွေနဲ့ ဖြည့်လိုက်တယ် ။ ရှောင်ချောင်းကို ကြည့်လိုက်တော့ လက်တစ်ဖက်က ကြက်သွေးအပြည့်ပါတဲ့ လက်ဆွဲပုံးတစ်ပုံးကိုကိုင်ရင်း တစ်ဖက်မှာ အစာသွတ်မုန့်တွေ ကိုင်ထားတာတွေ့ရတယ် ။ အမျိုးသမီးလျိုက မျက်မှောင်ကုပ်လိုက်ပြီး
" ကြက်သွေးတွေကို ဘယ်လိုပြင်ဆင်ရမလဲသိတာရော သေချာရဲ့လား ချောင်းအာ, စကားကြီးစကားကျယ်ပြောပြီး တကယ်မလုပ်နိုင်ရင် အရီးကျိုးနဲ့သူ့သမီးတွေက သမီးကို ရယ်လိမ့်မယ်နော် "
" အမေကလည်း စိုးရိမ်မနေပါနဲ့ သမီး ဘယ်တုန်းက ကိုယ်မလုပ်နိုင်တာကြီးကို ကတိပေးဖူးလို့လဲ "
ရှောင်ချောင်းက လက်ဆွဲပုံးအလေးကြီးကို လက်တစ်ဖက်တည်းနဲ့ကိုင်ထားရလို့ လေးနေတာကြောင့် တခြားတစ်ဖက်မှာ ကိုင်ထားတဲ့ အစားသွပ်မုန့်ထုပ်တွေ ချိတ်ထားတဲ့ ကြိုးကို ပါးစပ်မှာပြောင်းကိုက် ထားလိုက်တယ်။ အဲ့ဒီနောက် ပုံးကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ရှေ့ကို ခပ်သုတ်သုတ် လျှောက်သွားတယ် ။
သူတို့ အိမ်ပြန်ရောက်တော့ ရှောင်လျန်က ဟင်းပွဲတွေပြင်နှင့်ပြီး သူတို့ကို စောင့်နေတာတွေ့ရတယ် ။ ရှောင်ချောင်းက လက်ထဲကပုံးကို ဂုဏ်ယူစွာနဲ့ မြှောက်လိုက်ပြီး ပြုံးလျက်
" ထမင်းမစားကြသေးနဲ့ဦးနော်... ဟင်းပွဲတွေထဲ ထပ်ထည့်ဖို့ အထူးဟင်းလျာ လုပ်မလို့ "
" ဘယ်လို အထူးဟင်းလျာလဲ "
ရှီထုန်လေးက သူထိုင်နေတဲ့နေရာကနေ ထလာပြီး ရှောင်ချောင်းဆီ တဟုန်ထိုးပြေးလာတယ် ။ ပုံးထဲပါတဲ့ အရာကို တွေ့သွားတဲ့ အချိန်မှာတော့ ရှီထုန်လေးက စိတ်ပျက်လက်ပျက်နဲ့ မျက်မှောင်ကျုံ့လိုက်ရင်း
" ဟင် ဒီကြက်သွေးတွေလား ! ဒုတိယအမ ဒါကြီးကိုတော့ အရသာရှိတဲ့ဟာလို့ ပြောလို့မရဘူးနော် ဟုတ်ပြီလား ! "
" ဘယ်လို မျက်နှာကြီးလဲ! မင်းအစ်မကို မင်းက မယုံတာလား... ရတယ် ဟင်းပွဲပြင်ဆင်ပြီး သွားရင် မင်းကိုလက်ဖျားနဲ့တောင် မထိခိုင်းဘူးနော် ! "
ရှောင်ချောင်က ရှီထုံလေးကို ကြည့်လိုက်ပြီး မကျေနပ်ဟန်ဆောင်လိုက်တယ် ။
ရှီထုန်လေးက သူ့အမရဲ့ ပုံမှန်ထက်သာလွန်တဲ့ ဟင်းချက်စွမ်းရည်ကို အမှတ်ရသွားပြီးနောက် သူက တောင်းပန်ဖို့ ဘွာခတ်လိုက်တယ် ။
ဒုတိယအစ်မ... ကျွန်တော် မှားပါတယ်... အစ်မလုပ်တဲ့ အရာမှန်သမျှက တကယ် အမိုက်စားတွေချည်းပဲ... ကျွန်တော်က ဘာမဟုတ်တဲ့ သူငယ်နှပ်စားလေးပါ...အစ်မကိုယ်အစ်မ နှိမ့်ချပြီး ကျွန်တော်နဲ့ တန်းမညှိလိုက်ပါနဲ့ ! ဒုတိယအစ်မ..နော်နော်. "
" သွားသွား ! အာ့ကုန်းဇီဆီမှာ တို့ဟူး ကြေးပြားတစ်ပြားဖိုးလောက် သွားဝယ်ချေ "
ရှောင်ချောင်းက ရွှင်ရွှင်ပျပျပဲ ဆိုလိုက်ပြီး ကြက်သွေးပုံးနဲ့အတူ မီးဖိုချောင်ထဲ ဝင်လာခဲ့လိုက်တယ် ။
ရှောင်လျန်ကလည်း သူမနောက် လိုက်လာပြီးတော့
"ငါလည်း ကူပေးမယ်လေ ! ဘာလုပ်ပေးရမလဲပြော "
အိုးထဲ ရေထည့်ပြီး ကျိုပေးပါလား , ကြက်သွေးတွေ ရေနွေးဖြောရအောင်လို့ "
ပုံးထဲက ကြက်သွေးတွေက သွေးခဲအဖြစ် စတင်ခဲနေပြီးသား။ ရှောင်ချောင်းက ဓားတစ်ချောင်းနဲ့ သွေးခဲကိုလည်း တိုဟူးပုံစံ အပိုင်းသေးသေးလေးတွေဖြစ်အောင် လှီးလိုက်တယ် ။ ပြီးနောက် ရေနွေးဖြောဖို့ ရေနွေးဆူဆူထဲကို သွေးခဲတွေထည့်လိုက်ပြီး တခြားအရာတွေ ထပ်မလိုက်ခင် သွေးခဲအရောင်ပြောင်းချိန်ထိအောင် စောင့်နေလိုက်တယ် ။
သူမ အခုလုပ်နေတာ " ကြက်သွေးခဲတို့ဟူးချဉ်စပ်" ။ အိမ်မှာ ငရုတ်ချဉ်မရှိတာမို့ ရှောင်ချောင်းက သူတို့ကို အမေဘက်က အဖွားပေးထားတဲ့ အသီးအရွက်သနပ်တွေကို အချဉ်အရသာ အစားထိုးအနေနဲ့ အသုံးပြုလိုက်တယ်။ အသီးအရွက်သနပ်တွေကို အတုံးသေးသေးလေးတွေ ဖြစ်အောင်လှီးဖြတ်ပြီးနောက် ငရုတ်သီးခြောက်ကို စတင်နုတ်နုတ်စင်းတော့တယ် ။ အဲ့ဒီနောက်မှာတော့ ဂျင်းကို ပါးပါးလှီးပြီး ကြက်သွန်ဖြူကို သုံးလို့ရအောင် ထုဖိလိုက်တယ်။ ရှောင်ချောင်းက ဒယ်အိုးထဲကို ဆီကရားထဲက ဆီတစ်ဇွန်းထည့်ပြီး အဆင်သင့်လုပ်ထားတဲ့ အသီးအရွက်သနပ် အတုံးလေးတွေရယ် ၊ ငရုပ်သီးခြောက် ၊ ဂျင်းနဲ့ ကြက်သွန်ဖြူတို့ကို အရသာထွက်လာအောင် ကြော်လိုက်တယ် ။ အဲ့ဒီနောက်မှာတော့ အနံ့မွှေးနေတဲ့အိုးထဲ ကြက်သွေးကို နည်းနည်းလောက် ဆီပူလှိမ့်လိုက်တယ် ။ ကြက်သွေးဟင်းတစ်ခွက်ဖြစ်ဖို့ အရေးအကြီးဆုံးက အကျက်မလွန်ဖို့ပဲ ။ သွေးခဲက တို့ဟူးလိုပဲ နူးနေရမယ် ဒါပေမယ့် သူက တို့ဟူးထက်တော့ အရသာပိုကောင်းတယ် ။
နည်းနည်းလောက်စဉ်းစားပြီးတော့ ရှောင်ချောင်းက အညှီနံ့ပျောက်အောင် ရှာလကာရည်၊ ဆားအနည်းငယ် နဲ့ ကြာညို့တို့ကို ထပ်ထည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။ အရသာ အားလုံး ရောသွားသည်အထိ ဆီပူလှိမ့်ပြီးနောက် ပန်းကန်ထဲ ထည့်ဖို့အတွက် အဆင်သင့်ဖြစ်သွားပြီ။
" မွှေးနေတာပဲ ! "
တို့ဟူးဝယ်ပြီးနောက်ကို အိမ်ကို တဟုန်ထိုးပြေးလာခဲ့တဲ့ ရှီထုန်လေးကဆိုတယ်။ သူက ဟောဟဲ လိုက်နေပေမယ့် ဟင်းနံ့ကို ထပ်ခါတလဲလဲရှူရင်း အငမ်းမရ စားချင်နေတဲ့ ပုံစံလေး ဖြစ်လို့နေတယ် ။
တို့ဟူးရပြီဆိုတော့ ရှောင်ချောင်းက " ကြက်သွေးခဲတို့ဟူး ဟင်းရည်" ကိုပါ ချက်လိုက်တယ် ။ ဟင်းရည်ရဲ့အပေါ်မှာ နှင်းလိုဖြူဖွေးနေတဲ့ တို့ဟူးတုံးလေးတွေ ပေါ်နေပြီး အနီရင့်ရောင် ကြက်သွေးရဲ့အရောင်ကလည်း မထင်မရှားလေးပဲ မြင်နေရတယ် ။ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်မြိတ်နဲ့ အသီးအရွက်တွေရဲ့ စိမ်းရွှင်နေတဲ့အရောင်ကြောင့် ဟင်းရဲ့အရောင်အသွေးကလည်း စုံစုံလင်လင်နဲ့ စားချင်စဖွယ်ဖြစ်လို့နေတယ် ။
" စားကြစို့! စားကြစို့ ! "
ရှီထုန်လေးက စိတ်မရှည်နိုင်စွာနဲ့ ထမင်းစား စားပွဲဆီ ပြေးသွားပေမယ့် ရှောင်ချောင်းရဲ့ နောက်ကနေ ဆွဲထားခြင်းကိုခံလိုက်ရတယ် ။
" အရမ်းအလျင်လိုမနေပါနဲ့ဦး ! အရီးကျိုးတို့အိမ်ကို ဟင်းသွားပေးဖို့ အစ်မနဲ့လိုက်ခဲ့ဦး ! "
ရှောင်ချောင်းက ကျိုးမိသားစုအဖို့လည်း အလုံအလောက်စားလို့ရအောင် ဟင်းတွေအကုန်လုံးကို ပိုစီစဉ်ထားခဲ့တယ် ။
ရှီထုန်လေးက နှုတ်ခမ်းစူကာ သူ့လက်ထဲကိုင်လာတဲ့ ကြက်သွေးခဲချဉ်စပ်ဟင်းကို တရှုံ့ရှုံ့ နဲ့ အနံ့ရှူနေတာမို့ ရှောင်ချောင်းက ရယ်လိုက်ပြီး
" လောဘကြီးတဲ့ကြောင်စုတ်လေး ! သတိထားဦး သူများတွေမြင်ကုန်ရင် ရှက်စရာကြီး "
ရှီထုန်လေးက လျှာတပြင်ပြင်ဖြစ်နေတဲ့ သူ့ပါးစပ်ကလေးကို ပိတ်လိုက်ပြီးနောက် စားချင်စိတ်ကို အတင်းအကြပ်ထိန်းချုပ်ရင်း
" ဒုတိယအမ , ကြက်သွေးတွေကို ဒီလောက် မွှေးတဲ့ဟင်းဖြစ်အောင် ချက်လို့ရတယ်ဆိုတာ ဘယ်သူက တွေးမိမှာလဲ။ ကျွန်တော်တို့အိမ်မှာ အရင်က ကြက်သားဟင်းချက်တိုင်း အမြဲ သွေးတွေကို သွန်သွန်ပစ်တာ , နှမြောဖို့ကောင်းချက်ပဲ ! အော် နေဦး ! အမေလည်း ကြက်အတွင်း ကလီစာတွေ အိမ်ကို သယ်လာသေးတယ်မလား ။ အဲ့တာတွေကိုရော ဒီလို ဟင်းဖြစ်အောင် ချက်လို့မရဘူးလား "
" ရတာပေါ့! ရှီထုန်လေးက စားရဲလို့လား ကလီစာတွေကို "
ရှောင်ချောင်းက ပြုံးရင်း ရှီထုန်ဘက်ကို မျက်လုံးလေးစွေ ကြည့်လိုက်တယ် ။ ရှီထုန်လေးက ခေါင်းတဆတ်ဆတ်ညိတ်ရင်း
" ဒါပေါ့ ! ဒါပေါ့ ! စားရဲတာပေါ့ ! ဒုတိယအစ်မက ဒီကြက်သွေးခဲဟင်းလို အရသာရှိအောင် ချက်ကျွေးရင်ကျွန်တော် စားမှာပေါ့ ! ဘာများ ကြောက်စရာရှိလို့လဲ "
" အိပ်မက်ထဲမှာပဲ စား ! အဲ့တာတွေကို ပိုက်ဆံရအောင် ရောင်းမှာ , မင်းကိုဘယ်သူကကျွေးမယ် ပြောလဲ"
ရှောင်ချောင်းက ရှီထုန်လေးကို စ လိုက်ပြီး နှာခေါင်းကို ရှုံ့ကာ ရယ်စရာ ပုံစံလုပ်ပြလိုက်တယ် ။
ကျိုးမိသားစု အိမ်ရောက်တော့ ရှောင်ချောင်းက တံခါးခေါက်လိုက်တယ် ။
" လာပြီ , လာပြီ ! အိုး ! ရှောင်ချောင်း , သမီး စားပြီးပြီလား"
အမျိုးသမီးဖန်းက ရှောင်ချောင်းတို့မောင်နှမရဲ့ လက်ထဲက မွှေးကြိုင်နေတဲ့ အရသာရှိမယ့် ဟင်းတွေကို မြင်တော့ အံ့ဩလို့နေတယ် ။
အရီးကျိုး ကျွန်မ ကြက်သွေးခဲ ချက်ပြီးသွားပြီ... ရှီထုန်လေးလက်ထဲမှာကိုင်ထားတာက ကြက်သွေးခဲ ချဉ်စပ်... ကျွန်မလက်ထဲကဟာက တို့ဟူးနဲ့ကြက်သွေးခဲဟင်းရည်... အရီးတို့ ထမင်းစားပြီးကြပြီလား... မစားရသေးရင် ထွေထွေထူးထူး တခြားဟင်းတွေ လုပ်မနေနဲ့တော့လေ "
ရှောင်ချောင်းက အားရဝမ်းသာနဲ့ ခြံထဲကို ဝင်လိုက်ပြီး မီးဖိုချောင်ထဲက ထွက်လာတဲ့ ကျိုးလင်းလုံဆီ ဟင်းတွေပေးလိုက်တယ် ။
ကျိုးမိသားစုက ကြက်ကိုင်နေရလို့ အလုပ်များပြီး ဟင်းချက်ဖို့ကို အချိန်မရှိဘူး။ သည်တော့ ရှောင်ချောင်းလာတာ အချိန်ကိုက်ပင် ။
" အနံ့က မွှေးနေတာပဲ ! တကယ်ပဲ ဒီဟင်းကို ကြက်သွေးတွေနဲ့ ချက်ခဲ့တာလား "
ရှောင်ချောင်းနဲ့ အသက်တူတူလောက်ရှိမယ့် ကျိုးရှန်းဟူကတော့ ဟင်းနံ့ကိုရှူရင်း တအံ့တဩ ဖြစ်လို့နေတယ် ။
ရှောင်ချောင်းက ပြုံးပြီး ခေါင်းညိတ်လိုက်ရင်း
" ဟုတ်ကဲ့ အရီး... နောက်တစ်ခါ အရီးတို့အိမ်မှာ ကြက်ကိုင်ရင် ကြက်သွေးနဲ့ကလီစာတွေ သိမ်းထားလိုက်လေ... ကျွန်မ ဘယ်လိုချက်ရမလဲဆိုတာ သင်ပေးမယ်... ကျွန်မတို့ ပြန်ပြီနော် ပန်းကန်ကို မနက်ဖြန်မှပေးတော့ အရီးရေ"
ယွီမိသားစုက အရသာရှိတဲ့ ထမင်းဟင်းတွေကို စားပြီးနောက် မိသားစုဝင်အားလုံး ဟင်းအရသာကို ကျေနပ်လို့နေတယ် ။
ကြက်သွေးခဲချဉ်စပ်က အသားအရသာကို အပြည့်အဝပေးတဲ့အပြင် တို့ဖူးရဲ့ နူးအိနေတဲ့ အရသာကလည်း တကယ့်ကို အံ့မခန်းပဲ ။ အဲ့ဒါက တစ်လုတ်စားပြီးတိုင်း ထပ်ခါ ထပ်ခါ စားချင်စိတ်ကို ဖြစ်စေတယ်။ အစပ်မစားနိုင်တဲ့ ရှီထုန်လေးတောင် မျက်ရည်တွေလည်ပြီး တရှူးရှူးတရှဲရှဲနဲ့ အားပါးတရ စားနေတယ် ။
တို့ဖူးနဲ့ကြက်သွေးခဲ ဟင်းရည်ကလည်း အရောင်အသွေးစုံစုံနဲ့ ထူးကဲတဲ့ အရသာကို ပေးတယ် ။ အရသာကတကယ့်ကို လတ်ဆတ်ပြီး ထူးကဲဆန်းပြားတယ် ။ တစ်မိသားစုလုံးက ဒါကို ချီးကျူးလို့ကို မဆုံးဘူး။ အစားအသောက်ကောင်းတွေဆို ကလေးတွေအတွက် အမြဲချန်ထားပေးတတ်တဲ့ အမျိုးသမီးလျိုလို လူတောင်နောက်ထပ်ဟင်းရည် တစ်ခွက်ထပ်သောက်သေးတယ်။
အမျိုးသမီးဖန်းကို ပေးလိုက်တဲ့ တစ်ပန်းကန်မပါဘဲ ကျန်တဲ့ဒယ်အိုးနဲ့အပြည့် တို့ဟူးနဲ့ကြက်သွေးခဲဟင်းရည်က ရှောင်ချောင်းနဲ့ သူမမိသားစုကြောင့် လုံးဝပြောင်ထွက်လုနီးပါးပဲ။
ရှီထုန်လေးကတော့ အစားများပြီး ဗိုက်တောင် ဖရဲသီးလေးလို ကားထွက်နေပြီ ။ သူက အိပ်ယာပေါ်လှဲချလိုက်ပြီး ကျေနပ်မှုအပြည့်နဲ့ ညည်းနေလေတယ် ။ ဒီကလေးလေး နေမထိထိုင်မသာဖြစ်တဲ့အထိ စားထားတော့ အမျိုးသမီးလျိုက စိတ်ပူပြီး အစာကြေအောင် သူ့ ဗိုက်ကလေးကို ပွတ်သပ်ပေးနေလိုက်တယ် ။
အဲ့ဒီအချိန်မှာပဲ ယွီဟိုင်က လေချဉ်တက်လိုက်ပြီး မသက်မသာပုံနဲ့ ပြုံးရင်း
" ဒီလို ဗိုက်ကားအောင် မစားဖြစ်တာ တော်တော်ကို ကြာနေပြီ... ဒုတိယသမီးရဲ့ လက်ရာကတော့ တကယ်ကို အံ့မခန်းပဲ... သူများတွေလွှင့်ပစ်ပြီး အသုံးမပြုတဲ့အရာကိုတောင် ဒီလိုအရသာရှိအောင် ချက်နိုင်တယ် "
အမျိုးသမီးလျိုရဲ့ မျက်နှာက သူမသမီးအကြောင်းတွေးရင်း ပျော့ပြောင်းသွားတယ်။ ပြီးနောက်
"ချောင်းအာ ခေါင်းထိပြီး မှတ်ဉာဏ်တွေ ဆုံးရှုံးပြီးနောက်ပိုင်း သူ့ပုံစံက လုံးဝကို ပြောင်းလဲသွားသလို ခံစားရတယ်... သူ့ ခန္ဓာကိုယ်က ပိုတောင်ကျန်းမာလာသေး အရင်ကလို သတ္တိနည်းပြီး ရှက်ကြောက်နေတာမျိုးလည်း မရှိတော့ဘူး... ထပ်ပြီး သူ့မှာ စိတ်ကူးစိတ်သန်းအသစ်တွေလည်း ရှိနေသေးတယ် ဟင်းချက်နည်းအသစ်တွေရော... ဥပမာ မနေ့ကဆို ဒီရာသီကြီးမှာ ဆေးမြစ်ရိုင်းတွေ ရှာလို့မရပါဘူးလို့ အကြံပေးတာကို သူက ခေါင်းမာပြီး လက်မခံဘူး... ဒါပေမယ့် သူခေါင်းမာတာက မှန်နေတယ် နောက်ဆုံးမှာသူ ဆေးမုန်ညင်းပင်တွေ အများကြီး တူးလာနိုင်ခဲ့တာ "
"ပြောင်းလဲလာတာ ကောင်းပါတယ်... အရင်ကဆို မင်းနဲ့ကလေးတွေ အိမ်ရဲ့ဒဏ်ကို ကောင်းကောင်းကြီး ခံခဲ့ရတယ်... အဲတာတွေက ရှောင်ချောင်းရဲ့အရင်ပုံစံနဲဆို အဆင်မပြေဘူး... ဒါတွေ အကုန်လုံးရဲ့ တရားခံကငါပါ မင်းနဲ့ကလေးတွေကို ငါမကာကွယ်နိုင်ခဲ့ဘူး "
ယွီဟိုင်က သူ့မိထွေးရဲ့ ဘက်လိုက်ပြီး အကြင်နာတရားမဲ့မှုတွေနဲ့ မရီးအကြီးဆုံးရဲ့ လောဘကြီး အပျင်းကြီးမှုတွေကို စဉ်းစားမိကာ ဆိုတယ် ။
ဒါကိုကြားတော့ အမျိုးသမီးလျိုက အလောတကြီးငြင်းတယ်။
"အဲ့လိုမပြောပါနဲ့... ကျွန်မနဲ့ကလေးတွေက အနာဂတ်မှာ ရှင်နဲ့တူတူ ကောင်းကောင်းမွန်မွန် နေကြရဖို့ကိုပဲ မျှော်လင့်ကြတာပါ... အာ... ရှောင်ချောင်း ကြက်ကလီစာတွေ ယူလာသေးတယ်မလား... သူ ဒါတွေကို ချက်နိုင်မယ်လို့ ထင်လား။ ကလီစာတွေက အရမ်းညစ်ပတ်ပြီး နံစော်နေတာ... ကျွန်မတော့ စားကြည့်ဖို့တောင် ခပ်ကြောက်ကြောက်ပဲ"
ရှီထုန်လေးက ခန္ဓာကိုယ်ကို လှိမ့်ကာ ထရပ်လိုက်ပြီးနောက် ရယ်လျက်
" ဒုတိယအစ်မ အစောကပြောတာ သူက အဲ့တာတွေချက်ပြီး ရောင်းမလို့တဲ့ "
"အဲ့တာကို ရောင်းမယ်? ချောင်းအာ ပိုက်ဆံရှာချင်လွန်းလို့ ရူးများသွားပြီလား။ တကယ်လို့ တခြားသူတွေစားပြီး ပြဿနာတစ်ခုခုဖြစ်ရင် တရားဥပဒေအရ ဒုက္ခရောက်ကုန်လိမ့်မယ်... အဖေ တစ်ယောက်အနေနဲ့ ရှင်သူ့ကို ဆုံးမပြီးစောင့်ကြည့်သင့်တယ် ထင်တာပဲ... တခြားသူတစ်ယောက်ရဲ့ ကံဆိုးမှုကနေ ငွေရှာတာမျိုးတော့ လုံးဝမလုပ်သင့်ဘူး" အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး စိုးရိမ်စွာ ပြောလိုက်တယ်။
တစ်ဖက်မှာတော့ ယွီဟိုင်က အဲ့လောက်ကြီး စိတ်ပူပန်မနေပေ။ ယွီဟိုင်က သူ့သမီးအကြောင်း သူသိတယ် ။ ရှောင်ချောင်းမှာ အဲ့လို ကောက်ကျစ်တဲ့စိတ်မျိုး လုံးဝရှိမှာမဟုတ်ဘူး ။ သူက စိတ်အေးလက်အေးအသံနဲ့
"ချောင်းအာ ဘယ်လိုလူစားမျိုးလဲဆိုတာ အမေတစ်ယောက်အနေနဲ့ မသိဘူးလား... ဒီလိုစကားတွေ ချောင်းအာကိုမကြားစေနဲ့ဦး။ သူစိတ်မကောင်းဖြစ်သွားလိမ့်မယ်... စိတ်မပူပါနဲ့ ဒီကလေးက စိတ်သဘောထားကောင်းမွန်တဲ့သူဆိုတာ ငါယုံတယ်... အရမ်းကြီးအတွေးလွန်ပြီး စိတ်ပူမနေပါနဲ့ "
ရှီထုန်လေးကလည်း ခေါင်းတဆတ်ဆတ်ညိတ်ရင်း သူ့အစ်မဘက်က ဝင်ပြောပေးတယ် ။
" အမေ... ကြက်ကလီစာတွေက လုံးဝစားမရတာမျိုးတော့ မဖြစ်နိုင်ပါဘူး... အမေ စဉ်းစားကြည့် ကြက်သွေးတွေတောင် အရင်က စားမရဘူးထင်ပြီး သွန်ပစ်ခဲ့တာကြမလား ဒါပေမယ့် ဒုတိယ အစ်မက အဲ့ဒါကို သုံးပြီး အရမ်းအရသာရှိအောင်တောင် ချက်ပြလိုက်သေးတယ်မလား ကျွန်တော်ကတော့ အဖေ့ဘက်ကပဲ... ဒုတိယအစ်မရဲ့အစွမ်းကို ယုံတယ် "
" အေးပါ အေးပါ ! ငါပဲ လူဆိုးမကြီးပါ ! "
အမျိုးသမီးလျိုက အခန်းထဲက ထွက်မသွားခင် နှုတ်ခမ်းကို အနည်းငယ်မဲ့ကာ သားအဖနှစ်ယောက်ကို ကြည့်ရင်း ဆိုလိုက်တယ် ။
ခြံနောက်ဖေးမှာတော့ အမွှာညီအမနှစ်ယောက်က ရေတွင်းဘေးမှာ ကြက်ကလီစာတွေကို ဆေးကြောနေကြတယ် ။
ရှောင်လျန်က ရေတွင်းထဲက ရေတစ်ပုံးခပ်ပြီး သူ့ညီမက ကြက်အသည်းအမြစ် အူတွေကို ခွဲနေတာမြင်တော့ ရှောင်လျန့်နှုတ်ခမ်းတွေ စုဝိုင်းမိသွားတယ်။ အဆုံးမှာတော့ သူမက မနေနိုင်တော့ဘဲ
" ဒါတွေက စားလို့ရတာ သေချာလို့လား နင်အစောက ဝယ်လာခဲ့တဲ့ ဆားတွေ ဟင်းခတ်အမွှေးအကြိုင်တွေက ဒီဟာကြီးတွေထဲ ထည့်သုံးဖို့လား "
ရှောင်ချောင်းသူ သူ့မျက်လုံးတွေကို လှည့်လိုက်ပြီး
" စိတ်အေးအေးထားပြီး ငါ့အပေါ်ယုံကြည်မှု ရှိစမ်းပါ ! ငါလုပ်တာ လုံးဝမမှားဘူး ! "

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now