အပိုင်း၈၀ (ပြဿနာတက်ခြင်း)

3.6K 454 12
                                    

[Zawgyi]

ယွီရှောင်ချောင်း အသည်းအသန် မေးလိုက်တယ်။
နောက်တစ်ခါ ဝက်တစ်ကောင်သတ်ရင် ဝက်သွေး၊ ဝမ်းတွင်းသားတွေ ဝက်အူတွေကို ချန်ထားပေးလို့ရမလား အဲ့ဒီအတွက် ကျွန်မ ငွေပေးပါ့မယ်...
သားသတ်သမားဝမ်လည်း သိချင်စိတ်ကြောင့် နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။
ဒါတွေ ဘာလို့လိုချင်ရတာလဲ မိန်းကလေးရဲ့ အဲ့ဒါတွေက နံစော်ပြီး ညစ်ပတ်တယ်.. စားလို့လဲ ကောင်းတာမဟုတ်ဘူးနော်!
ယွီရှောင်ချောင်း နားလည်ရခက်တဲ့အပြုံးလေး ပြုံးပြရင်း ဆိုတယ်။
ကျွန်မသိပါတယ်.. ဒါပေမယ့် အဲ့တာတွေကို သုံးစရာရှိလို့ပါ... ခုနက ပြောတဲ့ဟာတွေကို ကြေးပြားနှစ်ပြားနဲ့ ကြိုမှာထားမယ်ဆိုရင်ရော ဘယ်လိုလဲ... ပုံမှန်ဆို ဒါတွေကို လွှင့်ပစ်နေကျမလား.. တကယ်လို့သာ သမီးကိုရောင်းရင် ကြေးပြားနှစ်ပြားတောင် အဆစ်ရဦးမှာနော်!
သားသတ်သမားဝမ်ရဲ့ဆိုင်က ရောင်းကောင်းတော့ ကြေးဒင်္ဂါးနှစ်ပြားဆိုတာ သူ့အတွက်တော့ သိပ်ကိစ္စမရှိ။ ဒါနဲ့ သူပြုံးပြရင်း ဆိုလိုက်တယ်
ဟုတ်ပါပြီ ဟုတ်ပါပြီ! အဲ့တာတွေကို သမီးအတွက် ချန်ထားပေးပါမယ်.. ဒါပေမယ့် အဲ့ဒါအတွက်ငွေပေးဖို့ မလိုပါဘူး... ဒီဦးရီးဆီက လက်ဆောင်လို့ပဲ မှတ်လိုက်ပေါ့... နောက်နောင် အိမ်က အသားတွေ ဝယ်စရာရှိလို့ ဒီဆိုင်ကိုသတိတရနဲ့ လာဝယ်ရင်ကိုကျေနပ်ပါပြီ
"ဝက်ခေါင်းကို ကောက်ရိုးနဲ့ ချည်ပေးလိုက်ရမလား ပြီးရင် အိမ်ပြန်ပြီး သမီးအတွက် ဝမ်းတွင်းသားနဲ့ ဝက်အူတွေ သွားယူလိုက်ဦးမယ်!
သားသတ်သမားဝမ်က ရှောင်ချောင်းရဲ့တောင်းထဲခံဖို့ စပါးရိုးတွေလည်း ယူဖို့ မမေ့ခဲ့ရှာဘူး။ ဘာလို့ဆို ဝက်ဝမ်းတွင်းသားနဲ့ ဝက်အူတွေကြောင့် သူမတောင်းထဲက ငါးတွေ နံကုန်မှာ စိုးရိမ်တာကိုး။
ရှောင်ချောင်းလည်း ဝက်ခေါင်းကို တောင်းထဲထည့်ဖို့ ခွင့်ပြုပေးလိုက်တယ်။ သူမအနေနဲ့ ဒီနေ့အတွက် တော်တော်လေးမြတ်ခဲ့တော့ အချီကြီးရခဲ့တဲ့ခရီးတစ်ခုလို့ တွေးမိတယ်။ ထို့နောက် သူမ ပဲပိစပ်ဆီတစ်အိုးဝယ်ဖို့ ကြေးဒင်္ဂါးဆယ်ပြား သုံးခဲ့တယ်။ တောင်းကလည်း ပစ္စည်းတွေနဲ့ ပြည့်သိပ်နေတာကြောင့် တော်တော်လေး လေးလံနေခဲ့တယ်။ ရှီထုန်လေး လမ်းဘေးမှာကျနေတဲ့ တုတ်ချောင်းလေးကို ကောက်လိုက်တယ်။ တုတ်ချောင်းလေးကိုသုံးပြီး မောင်နှမနှစ်ယောက်က ခြင်းတောင်းလေးကို အတူတကွ သယ်လာခဲ့ကြတယ်။ အိမ်ပြန်လမ်းမှာ သူတို့နှစ်ယောက်က ခြင်းတောင်းလေးကို သယ်ရင်း လမ်းလျှောက်လိုက် နားလိုက်လုပ်ရင်း ချီတက်လာခဲ့ကြတယ်။ အဲ့တာကြောင့်လည်း နေ့လယ်ရောက်နေတဲ့အထိတောင် သူတို့ အိမ်ကို ပြန်မရောက်ကြသေးပေ။
ရွာအဝင်ကိုရောက်တော့ သူတို့ရင်းနှီးတဲ့ အကောင်ငယ်လေးတစ်ကောင်က ခေါက်တုံ့ခေါက်ပြန် ပြေးလိုက်လွှားလိုက်လုပ်နေတာကို တွေ့တယ်။ အကောင်ငယ်လေးရဲ့ ခြေထောက်အောက်က အရိပ်ကလည်း သူသွားရာနောက် လိုက်နေလေတယ်။ ဒရယ်ပေါက်လေးက သူတို့မောင်နှမကိုလည်း တွေ့ရော သူတို့ဆီကို အပြေးလာတော့တာပဲ။ ပထမဆုံး ရှောင်ချောင်းရဲ့ ခြေထောက်နားကပ်ပြီး အလိုလိုက်ခံရတဲ့ကလေးငယ်သဖွယ် သူ့ခေါင်းလေးနဲ့ ပွတ်သပ်လို့နေတယ်။ ထို့နောက် သူနဲ့ဆော့ဖို့ အဖော်ဖြစ်တဲ့ ရှီထုန်လေးဆီ ပြေးသွားခဲ့တယ်။
ဟဟ! အသေးလေး နေ့တစ်ဝက်ပဲမတွေ့ရသေးတာ ငါ့ကို လွမ်းနေပြီလား? ငါတို့ရဲ့ အသေးလေးက ဒီထိတောင် လာစောင့်ပြီး ကြိုနေတာဆိုတော့ အရမ်းကို သိတတ်တာပဲ.. ဒုတိယအစ်မ.. အစ်မရဲ့ ကောက်ညှင်းဖက်ထုပ်လေး ဘယ်ပြေးသွားလဲဆိုတာ သားတို့မသိလိုက်လို့ စိတ်မကောင်းပါဘူး .. အဖေပြောတာမှန်တယ်! လမ်းဘေးကြောင်တစ်ကောင်နဲ့ ရင်းနှီးဖို့ဆိုတာ လွယ်တော့လွယ်မှာ မဟုတ်ဘူး!
ရှီထုန်လေး ဒရယ်ပေါက်လေးကို ကိုင်ထားရင်းပြောတယ်။ ဒရယ်ပေါက်လေးကတော့ သူ့မျက်နှာကို လျှာဖြင့်လျှက်နေတော့ မျက်နှာတစ်ခုလုံး တံတွေးတွေနဲ့ပေကျံနေတယ်။ သို့ပေမယ့် ဒါကို ရှီထုန်လေးက မနှစ်မြို့တာမျိုး တစိုးတစိမျှပင်မဖြစ်ခဲ့။
အံ့ဖွယ်ကျောက်တုံးကနေ ပုံစံပြောင်းခဲ့တဲ့ ရွှေရောင်ကြောင်ပေါက်ကလေးက ဂုဏ်မောက်သလို မာနလည်း ကြီးလွန်းတယ်။ တစ်မိသားစုလုံးထဲမှာ ရှောင်ချောင်းနားကလွဲပြီး ဘယ်သူ့နားမှ ကပ်တာမဟုတ်ဘူး။ ရှီထုန်လေးကတော့ ကြောင်ကလေးနဲ့ ရင်းနှီးချင်ပေမယ့် လက်သည်းနဲ့ ကုပ်ခံထားရတော့ နီရဲဖုနေတဲ့ ကြောင်ကုပ်ရာလေးတောင် ကျန်နေသေး။ ရှီထုန်လေးက ကြောင်ပေါက်လေးကို ချစ်ပေမယ့် သူ့ခမျာ ကြောက်လည်းကြောက်နေရတယ်။ အဲ့တာကြောင့် သူ အဲ့ကိစ္စအတွက် အခဲမကျေဖြစ်နေတယ်လေ။
ရှောင်ချောင်း သူ့ကိုကြည့်ပြီး ရယ်ချင်လာသလို ဖြစ်နေတယ်။ ဒါနဲ့ ရှီထုန်လေးရဲ့ ပါးလေးကို ဖိညှစ်လိုက်ရင်း
ဘာတုန်း! ကောက်ညှင်းဖက်ထုပ်လေးကို ခုထိ စိတ်တိုနေတုန်းလား? ကြောင်လေးအပေါ် အတော်လေး မကျေမနပ်ဖြစ်နေပုံပဲနော်!
အံ့ဖွယ်ကျောက်တုံးလေး ခန္ဓာတစ်ခုအဖြစ်ပြောင်းပြီးတဲ့အချိန်ကစပြီး ရောင်စုံကျောက်တုံးလေးဟာ တောထဲက ဝိညာဉ်စွမ်းအင်တွေအများကြီး ကိန်းဝပ်နေတဲ့ စမ်းရေကြည်ရှိတဲ့နေရာကိုပဲ သွားလေ့ရှိတယ်။ နေ့တိုင်း အစောကြီး ထွက်သွားပြီး နောက်ကျမှ အိမ်ပြန်လာလေ့ရှိတယ်။ သူဟာ တစ်နေ့လုံး စမ်းရေထဲ ရေစိမ်လေ့ရှိပြီး ညအချိန်မှသာ မှန်မှန် အိမ်ကိုပြန်လာလေ့ရှိတယ်။
ရွာအဝင်ဝမှာ အချိန်အကြာကြီး စောင့်နေရှာတဲ့ ရှောင်လျန်လည်း ခုမှပဲ သက်ပြင်းချနိုင်တော့ပြီး သူတို့ရှိရာကို ပြေးသွားလိုက်တယ်။ သူမက မောင်နှမနှစ်ယောက်သယ်လာတဲ့ တောင်းကို ယူလိုက်တဲ့အချိန် ခြင်းတောင်းရဲ့ အလေးချိန်ကို ခံစားမိပြီး သူမခမျာ လန့်ဖျတ်သွားတော့တယ်။
သူတို့ ထွက်သွားတဲ့တုန်းက တောင်းက ဒီလောက် လေးမနေခဲ့ပါဘူး။ ဒါကြောင့် ရှောင်လျန်က အလေးချိန်ကို ခံစားမိသွားတော့ ကြက်ကလီစာနှပ်တွေ မရောင်းခဲ့ရဘူးဆိုပြီး ထင်မိသွားတယ်။ အဲ့တာနဲ့ သူမလည်း အငယ်တွေကို နှစ်သိမ့်လိုက်တယ်။
ဒီညတော့ ဟင်းတွေ သိပ်ကောင်းတော့မှာပဲ! မနေ့က မြည်းတဲ့ ကြက်မြစ်ကြက်သဲတွေက သိပ်စားမကောင်းဘူး... ဒီညတော့ အပီတွယ်ကြရတော့မှာပေါ့.. ညီမလေးကျေးဇူးနဲ့ ဒီညစာတော့ နှစ်သစ်ကူးညစာထက်တောင် ပိုခမ်းနားနေတော့မယ်ထင်တယ်!
ရှောင်ချောင်း သူ့အစ်မတွေးနေတာ မဟုတ်ဘူးဆိုတာ ရှင်းပြတော့မယ့်အချိန် ရှီထုန်လေး စိတ်မရှည်တော့သဖြင့် သူက ကျယ်လောင်စွာ အော်ပြောလျက်
မမကြီး.. ဒီနေ့ အဲ့ဒီကို ကျွန်တော်တို့ ယူသွားတဲ့ အသားနှပ်တွေအကုန် ရောင်းကုန်သွားတာ.. သားတို့မှာ ရောင်းဖို့တောင် မလောက်ဘူး.. ဒီနေ့ ဘယ်လောက်တောင် ရောင်းရလဲဆိုတာ မှန်းကြည့်ပါဦး! မြန်မြန်လေး မှန်းကြည့်!
အကုန် ရောင်းထွက်တယ်!
ရှောင်လျန် ပါးစပ်အဟောင်းသားနဲ့ အံ့ဩနေခဲ့တယ်။
မမကြီး တကယ်မှန်းဖို့ လိုသေးလို့လား! ဒီအသားနှပ်တွေကို မမ ကိုယ်တိုင်ပဲ ခွဲပေးခဲ့တာလေ.. ခွဲတုန်းက စုစုပေါင်း အထုပ်ခြောက်ဆယ်ရတယ်.. အဲ့တော့ တစ်ထုပ်ကို ငွေတစ်ပြားစီဆိုရင် အများဆုံး ကြေးဒင်္ဂါးခြောက်ဆယ် ရမှာပေါ့.... ဒါနဲ့ တကယ်ကြီး အကုန်လုံး ရောင်းကုန်ခဲ့တာလား?
ရှောင်ချောင်း သူ့အစ်မ မျက်နှာပေါ်မှာ မယုံသင်္ကာဖြစ်နေတာကို တွေ့လိုက်တော့ သူမ တခစ်ခစ်နဲ့ ရယ်နေမိတယ်။ ထို့နောက် သူမ ပြန်ဖြေလိုက်တယ်။
နာရီဝက်ထဲတင် ညီမတို့ အကုန် ရောင်းထွက်သွားတာ! တကယ်ဆို လောက်တောင် မလောက်ဘူး! ဝယ်သွားတဲ့သူရော မဝယ်နိုင်လိုက်တဲ့သူတွေရော ညီမတို့ကို နက်ဖြန် ဆက်ရောင်းဦးမလားတောင် မေးနေကြတာ! မြို့တော်ကလာတဲ့ အိမ်တော်ထိန်းတစ်ယောက်တောင် ညီမလေးတို့ရဲ့ အသားနှပ် အရသာကို ချီးကျူးနေတာ!
သိပ်ကောင်းတာပေါ့! ဒါပေမယ့် ကံဆိုးချင်တော့ အရီးကျိုးတို့မိသားစုက တစ်ခါတစ်လေမှ ကြက်တွေအများကြီး သတ်လေ့ရှိတာ...
တစ်ဖက်မှာတော့ ရှောင်လျန်ဟာ ဒီနေ့ရလဒ်အတွက် သိပ်ကို ဝမ်းသာနေခဲ့ပေမယ့် နောက်တစ်ဖက်မှာတော့ ဒါဟာ တစ်ကြိမ်သာ ရလိုက်တဲ့ အခွင့်အရေးကြီးမို့ အနည်းငယ် နောင်တရနေမိတယ်။
ဒါပေမယ့် သူမဟာ သတိပြန်ယူလိုက်ပြီး သူမလက်ထဲက တောင်းကို မ ကြည့်ရင်း မေးလိုက်တယ်။
ညီမလေး ဘာတွေဝယ်လာခဲ့တာလဲ? ရလာတဲ့ ကြေးဒင်္ဂါးခြောက်ဆယ်လုံးကိုတော့ သုံးခဲ့တာ မဟုတ်ဘူးမလား? အမေပြောသလိုပဲ နင်ကငွေဆို ဘယ်တော့မှ စုထားမယ်မရှိဘူး
မသုံးခဲ့ပါဘူး...ငါ ကြေးဒင်္ဂါး ၁၆ ပြားပဲ သုံးခဲ့တာ! ဒီနေ့တော့ ငါတို့ဝယ်တာနဲ့ ရောင်းတာ ကာမိတယ်! နောက်ဆိုရင်တော့ ငါတို့ရောင်းတဲ့အခါတိုင်း အမြတ်တွေပဲ ရလာတော့မှာပါ.. အကယ်လို့ ငွေလေးဘာလေး စုမိရင်တော့ ဆိပ်ကမ်းမှာ အသားနှပ်တွေရောင်းဖို့ တဲတစ်နေရာစာ ဝယ်ထားဦးမှ!
ရှောင်ချောင်း သူမပိုက်ဆံတွေထည့်ထားတဲ့ အိတ်ကို ပုတ်ရင်း ပြောတယ်။ သူမဟာ သူမရဲ့ အသားနှပ် ရောင်းတဲ့စီးပွားရေးမှာ သိပ်ကို ယုံကြည်မှုရှိနေခဲ့တယ်။
ရှောင်လျန်, ရှောင်ချောင်းနဲ့ ရှီထုန်လေးပါလား? သုံးယောက်သား ဘယ်ကနေ ပြန်လာကြတာတုန်း?
ရွာက စိတ်မနှံ့တဲ့သူရဲ့မိန်းမက ရှောင်လျန်ရဲ့လက်ထဲကတောင်းကို မျက်စိကျရင်း ရယ်ရယ်မောမောနဲ့ မေးခဲ့တယ်။
ထိုမိန်းမက ရွာထဲမှာ ပွဲတိုင်းကျော် အတင်းတုပ်ဆရာမဆိုတဲ့ နာမည်တစ်လုံးနဲ့ နေတယ်။ သူမနဲ့ အမျိုးသမီးလီက တအားအတင်းတုပ်ကျွမ်းတော့ အတိုင်အဖောက်ညီပြီး တွဲမိနေကြတယ်လေ။
ရှောင်လျန် သူမကို အာရုံမစိုက်ချင်ပေမယ့် ဝတ်ကျေတန်းကျေနဲ့တော့ ပြန်ပြောပေးလိုက်တယ်။
ညီမလေးက ဆိပ်ကမ်းထဲ သွားဖူးချင်တယ်ဆိုလို့ ရှီထုန်လေးကို အဲ့ဆီ ခေါ်သွားခိုင်းတာ.. အဒေါ်ရေ.. ညီမလေးနဲ့ မောင်လေးတို့ မနက်စာတောင် မစားရသေးဘူးဆိုတော့.. သမီးတို့ သွားနှင့်ပါဦးမယ်..
ထိုမိန်းမဟာ အလောတကြီးပြန်သွားတဲ့ ကလေးသုံးယောက်ရဲ့ ကျောပြင်ကို ကြည့်ရင်း ခနဲ့ပြုံးပြုံးကာ လှောင်လိုက်တယ်။ ဆိပ်ကမ်းကို တောင်းကြီး တကူးတက ယူသွားပြီး ကစားတယ်ပေါ့! အထဲမှာ ဘာများ ပါနေမလဲမသိဘူး.. ဒါနဲ့ လီကွေ့ဟွားက သူ့ယောက္ခထီးနဲ့ သူ့ယောက်ျားတို့ ပေးတဲ့ငွေတွေက အရင်ကထက် ပိုနည်းသွားတယ်လို့ ညည်းဖူးတယ်မလား? ဆိုတော့ အဲ့တာ အဘိုးကြီးယွီက အဲ့မောင်နှမတွေကို ငါးတွေ မသိအောင် ခိုးပေးနေတာများလား? မဖြစ်ဘူး.. ငါ အဲ့ကောင်မကို သွားပြောမှဖြစ်တော့မယ်!
ထို့နောက် သူမက အမျိုးသမီးလီကို သွားရှာပြီး အပိုမဆလာတွေထည့်ရင်း ဖြစ်စဉ်ကို ပြောပြလိုက်တယ်။ အမျိုးသမီးလီက ထိုအကြောင်းကို ကြားလည်းကြားရော ဒေါသတွေ ငယ်ထိပ်ထိတောင် တက်သွားတယ်။
ကောင်းပါ့! ဒါကြောင့် ဒီရက်ပိုင်း ငါးဖမ်းရတဲ့ ငွေတွေအပ်တာ နည်းလာတာ မဆန်းပါဘူး.. ဖြစ်ချင်တော့ သူ့ရဲ့ ဒုတိသားကို ထောက်ပံ့နေတာကိုး..သောက်ဖြစ်မရှိတဲ့ အမှိုက်လိုဟာတွေ
ရှောင်ချောင်းနဲ့ သူ့မောင်နှမတွေ အိမ်ကိုပြန်ရောက်ပြီး ခြင်းတောင်းကိုတောင် မီးဖိုချောင်ထဲ မချရသေးဘူး အမျိုးသမီးလီက သူတို့နောက်မှာ ရောက်နှင့်နေလေပြီ။
သူမ ရဲရဲတင်းတင်းနဲ့ မှန်တယ်ထင်ပြီး ရှောင်ချောင်းတို့မိသားစုရဲ့ အိမ်ရှေ့တံခါးကို ပိတ်ကန်လိုက်တယ်။ အကယ်၍ သူတို့ရဲ့အရှေ့တံခါးသာ အသစ်ဆောက်ထားတာမျိုးမဟုတ်ရင် အမျိုးသမီးလီရဲ့ ကန်ချက်ကြောင့် ကျိုးတောင် ကျိုးသွားနိုင်တယ်။ အိမ်ထဲတောင် မရောက်သေးဘူး..သူမဟာ ကျီးအာသံနဲ့ ကျယ်လောင်စွာ အော်ခေါ်လိုက်တယ်။
ဒုတိယမတ်လေး..ထွက်လာခဲ့စမ်း! ငါတို့ မိသားစုကနေတောင် ခွဲလိုက်ပြီကို.. ခုထိ အဘိုးကြီးဆီကနေ သွေးစုပ်ပြီး ကပ်စားချင်နေသေးတာလား? နင်တို့မှာ အသိတရားရော ရှိသေးရဲ့လား? သူ့ဆီက ယူခဲ့တာတွေကို ခုချက်ချင်း ထုတ်လာခဲ့စမ်း!
ခြံဝင်းထဲမှာ ဝါးမီးဖိုချောင် အသုံးအဆောင်တွေရက်နေတဲ့ ယွီဟိုင်တစ်ယောက် အစမရှိ အဆုံးမရှိ သူမရဲ့ ရန်ပြုသံကြောင့် ကြောင်တောင်တောင်ဖြစ်သွားခဲ့တယ်။ ဒါနဲ့ သူလည်း ပြန်ဖြေလိုက်တယ်။
အကြီးဆုံးမရီး.. ဒီလို မဟုတ်တန်းတရားတွေ လာစွပ်စွဲမနေနဲ့! မိသားစုခွဲနေကတည်းက မင်းတို့ မိသားစုဆီ တစ်ပြားတစ်ချပ်မှတောင် ယူခဲ့တာမဟုတ်ဘူး.. မင်းတခြားသူကို စွပ်စွဲမယ်ဆိုရင် သက်သေတော့လိုလိမ့်မယ်နော်!
ဟွန့်! ငါတို့ မိသားစုက ငွေတွေ မယူခဲ့ရင် ဒီအိမ်ကို ဘယ်လိုဆောက်နိုင်မှာလဲ? ဒီပရိဘောဂတွေရော ဘယ်ကရသလဲ? ဒါတွေက ဒုတိယယောက်မရဲ့ မိသားစုက ထောက်ပံ့တယ်လို့တော့ မပြောနဲ့နော်? လျိုမိသားစုရဲ့ အခြေအနေကို ငါတို့အားလုံးသိထားပြီးသား. သူတို့အနေနဲ့ ဘယ်လိုလုပ်ပြီး လျန်တွေအများကြီး ပေးနိုင်မှာလဲ? သက်သေလိုချင်တာလား? ကောင်းပြီ! တောင်းထဲက ပါလာတဲ့ ဟာတွေက သက်သေတွေပဲ!
အမျိုးသမီးလီဟာ မျက်လုံးထောင့်ကနေ တစ်ခြံလုံးက စူးစမ်းနေခဲ့တယ်။ နောက်ဆုံးတော့ သူမဟာ သူတို့ကို ပုန်ကန်ဖို့ သက်သေကို ရှာတွေ့သွားပြီး အေးတိအေးစက် လှောင်ရယ်ရင်း ရှောင်လျန် အခုလေးတင်မှ အောက်ချလိုက်တဲ့ တောင်းကို လက်ညိုးထိုးလိုက်တယ်။
ကံကောင်းတာကတော့ ရှောင်ချောင်းမိသားစုဟာ တံငါရွာနဲ့ အလှမ်းဝေးတဲ့နေရာမှ နေထိုင်တာဖြစ်တယ်။ သူတို့အနားမှာ နေတာဆိုလို့ မိသားစု နှစ်ခု သုံးခုလောက်ပဲရှိတာပင်။ မဟုတ်ရင်တော့ အမျိုးသမီးလီရဲ့ အသံဗြဲကြီးနဲ့ လူတွေအုံပြီး ပွဲလာကြည့်နေကြလောက်ပြီ။ သို့ပေတိ နောက်ဘက်အိမ်က အမျိုးသမီးမောက်ကတော့ သူမအိမ်ရဲ့ ရှေ့တံခါးကနေ ဘာတွေဖြစ်နေလဲဆိုတာ ခိုးနားထောင်နေလေတယ်။ အမျိုးသမီးဖန်းကလည်း ရောက်လာပြီး အမျိုးသမီးလီကို ဘေးကနေ အသံတိုးတိုးနဲ့ စည်းရုံးနေလေတယ်။
နောက်တစ်ခု ကံထပ်ကောင်းတာက အမျိုးသမီးလျိုက မြို့ထဲသွားပြီး အဝတ်လိုက်လျှော်နေလို့ပေါ့။ မဟုတ်ရင်တော့ အမျိုးသမီးလီစကားကြောင့် အတော်လေး ဒေါကန်နေလောက်မှာ။
ရေနွေးတစ်ခွက်သောက်နေတဲ့ ရှောင်ချောင်းလည်း အမျိုးသမီးလီရဲ့ စွပ်စွဲတာကို ကြားတော့ ရေကို မြေကြီးပေါ် သွန်ချလိုက်တော့တယ်။ ရေနွေးရည်က အမျိုးသမီးလီရဲ့ ခြေထောက်ပေါ်တောင် ကျတော့မတတ်ပဲ။ ဒါနဲ့ ရှောင်ချောင်းလည်း တည့်တိုးပဲ ပြောလိုက်တယ်။
တွက်ကြည့်ချင်တာလား? ရတယ်လေ! ဒါဆိုရင်လည်း သေသေချာချာ တွက်ကြတာပေါ့! ကျန်တာတွေအသာထား.. အဖေ တောင်ပေါ်ကဖမ်းမိတဲ့ သားကောင်တွေနဲ့တင် တစ်နှစ်ကို ဆယ်လျန်က အောက်ထစ်ပဲ..ဟုတ်တယ်နော်!. .. ရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ပါဘူး .. ရှီထုန်လေး မွေးလာတဲ့အချိန်ကနေပဲ စတွက်ကြတာပေါ့! ရှီထုန်လေး မွေးတဲ့နှစ်ကစပြီး ခြောက်နှစ်အတွင်းမှာတင် သမီးအဖေက အဘွားကို အနည်းဆုံးခြောက်ဆယ်လျန်လောက် အပ်ခဲ့တာ.. အသုံးစရိတ်အတွက် တစ်နှစ်ကို နှစ်လျန်နှုတ်တယ်ပဲထားဦး.. အနည်းဆုံး ငါးဆယ်လျန်လောက်တော့ကျန်သေးတယ်.. ဒါပဲမဟုတ်ဘူး.. ငါးဖမ်းလို့ရတဲ့ ပိုက်ဆံတွေလည်း ကျန်သေးတယ်.. နေ့တိုင်းအသုံးစရိတ်တွေ နှုတ်ရင်တောင် ငွေတွေက တော်တော်လေးကျန်ဦးမှာပဲ
ဟုတ်တယ်... အဖေ့ ထိခိုက်မှုအတွက် ၁၂လျန်လောက် ကုန်တယ်... ထားပါတော့ နှစ်ဆယ်လျန်ပဲ! ဒါဆို အိမ်မှာ သုံးဆယ်လျန်တော့ ကျန်ရဦးမှာမဟုတ်လား.. သမီးတို့ အိမ်ကခွဲနေတုန်းက ဘယ်လောင်တောင် ပြန်ရခဲ့လို့လဲ? မိသားစုခွဲတဲ့အချိန်တောင် သမီးတို့ကို သူတောင်းစားရှင်းသလို ငွေနှစ်လျန်လေးပဲ ပေးခဲ့တာကိုများ
ခုနေတဲ့အိမ်က အဲ့တုန်းက ဆွေးမြေ့ပြီး ရေတွေတောင်ယိုနေတာ အိမ်ခွဲနေတုန်းက ရခဲ့တဲ့ အစားအစာတွေကလည်း လဝက်တောင် မခံဘူး... ငွေနှစ်လျန်လောက်ဆိုတာ ဘာများလုပ်လို့ရမှာတုန်း? အမေဘက်ကအဘွား ချေးပေးတဲ့ငွေနဲ့ ဒီရွာထဲက ဦးလေးတွေရဲ့ အကူအညီကြောင့်သာ ဒီအိမ်ကို ပြန်မွမ်းမံနိုင်ခဲ့တာ.. မဟုတ်ရင် ခုထိ မိုးရွာရင် ရေတွေယိုတတ်တဲ့ အိမ်အပျက်ထဲမှာ နေနေရဦးမှာ!
ခု အဘိုး သမီးတို့ကို ပိုက်ဆံပေးတယ်လို့ ပြောတယ် ဟုတ်လား? နေ့တိုင်း ငါးရောင်းတာကနေ ဘယ်လောက်ရသလဲဆိုတာ အခြားသူမသိရင်တောင် အကြီးဆုံးဦးလေးကတော့ ကောင်းကောင်း သိမှာပဲလေ! တကယ်လို့သာ အဘိုးက သူခက်ခက်ခဲခဲရှာထားတဲ့ ငွေတွေနဲ့ သမီးတို့ကို ထောက်ပံ့နေရင် အကြီးဆုံးဦးလေးက မညည်းပဲနေမလား? သူ အဒေါ့်ကို မပြောပဲနေပါ့မလား?
မိန်းကလေးငယ်ရဲ့ အပြစ်တင်စကားကိုကြားတော့ အမျိုးသမီးလီရဲ့မျက်နှာဟာ နီနေရာကနေ ဖျော့တော့သွားတော့တယ်။ သူကိုယ်သူလည်း သူမကို ပြန်ချေပဖို့ စကားမရှိခဲ့ဘူး။ သူမပြောတာ မှန်တယ်။ သူမရဲ့ ယောက္ခထီးလည်း သူ့ရဲ့ ဒုတိယသားအတွက် အတော် စိတ်မကောင်းဖြစ်နေရင်တောင် သူ့ယောကျာ်းက ငါးဖမ်းချိန်ရော ငါးရောင်းချိန်မှာပါ အမြဲ သူ့ယောက္ခထီးဘေးမှာပဲဆိုတော့.. တစ်ခါနှစ်ခါ ပေးရင်တော့ ခွင့်ပြုချင်ပြုပေမယ့် ကြိမ်ဖန်များလာရင်တော့ သူ သေချာပေါက် မကျေမနပ်ဖြစ်လာမှာပဲ။
အဲ့တာဆိုရင်... ဟိုမိန်းမပြောတဲ့ တောင်းထဲမှာ ပြည့်နေတာတွေက ဘာတွေလဲ? သူမမတ်လေးရဲ့ အခုအခြေအနေနဲ့ဆိုရင် ဒီလောက်အများကြီးတွေ ဝယ်နိုင်မှာ မဟုတ်ဘူး။ ဒီအချက်ကို တွေးမိပြန်တော့ အမျိုးသမီးလီကြီး ကြက်တိုက်နေသလိုမျိုး အားအင်တွေ ခနချင်းဆိုသလို ပြည့်လာတယ်။
ယောက္ခထီးက ဘာမှမထောက်ပံ့ဘူးလို့ ပြောတယ်နော်? ဒါဆို ဒီတောင်းထဲက ဘာတွေလဲ? ခုနကပဲ ဘာမှစားစရာမရှိဘူးလို့ အော်ပြောနေခဲ့တယ်မလား? အဲ့တာဆို ဘယ်ကငွေတွေနဲ့ ဘယ်လိုလုပ် ဒီလောက်အများကြီး ဝယ်လာခဲ့နိုင်ရတာလဲ? သတ္တိရှိရင် တောင်းကိုဖွင့်ပြီး ဒီက အမျိုးသမီးအိုကြီးကို အထဲက ဘာတွေများပါလဲဆိုတာ ကြည့်ခိုင်းလှည့်ပါဦး!
ရှောင်ချောင်း လှောင်ရယ်ရင်း ကျီစယ်လို၍  အကြီးဆုံးအရီး ကြည့်ချင်တာ သေချာရဲ့လား? လို့မေးလိုက်တယ်။
ဒါပေါ့! ကြည့်ချင်သပပဲ! ဒါက မင်းတို့မိသားစုကို ယောက္ခထီးက ဘက်လိုက်နေလားဆိုတဲ့ သက်သေပဲလေ!
အမျိုးသမီးလီဟာ တခိခိနဲ့ရယ်မောကျနေတာ သူမကိုယ်ပေါ်ကအဆီတွေပါ တုန်တက်နေတော့တယ်။ ခုဖြစ်နေတဲ့ သူမရဲ့ရုပ်က ရှောင်ချောင်း ဒီနေ့ ဝယ်လာတဲ့ ဝက်ခေါင်းနဲ့တောင် ဆင်သယောင်ယောင်။
ဟုတ်ပြီလေ! ဒီလိုဆိုတော့လည်း ဖြစ်ချင်တာကို ဖြည့်ဆည်းပေးရတာပေါ့!
ရှောင်ချောင်း ခါးကုန်းလိုက်ပြီး တောင်းကို ဖွင့်လိုက်တယ်။ သူမတောင်းထဲက ဝက်ခေါင်းကို အားသုံးကာ ထုတ်လာပြီး အမျိုးသမီးလီရဲ့ မျက်နှာတည့်တည့်ကို ပစ်လိုက်တယ်။
အမျိုးသမီးလီဟာ အမဲရောင်အရိပ်ကြီး သူမဆီလွင့်လာတာကို တွေ့တော့ လက်နဲ့ ဆက်ခနဲ အလျင်အမြန် ဖမ်းလိုက်တယ်။ သူမ ခေါင်းငုံ့လိုက်ပြီး လက်ထဲမှာကိုင်ထားတာကို ကြည့်လိုက်တယ်။ အမလေး! အတော်အကျည်းတန်တဲ့ဝက်ရဲ့ မျက်စိက လှန်နေတော့ သူ့ရဲ့မျက်ဖြူတွေပဲ ပေါ်နေတာပေါ့။ အဲ့မျက်ဖြူကြီးက သူမ ရှိရာ တည့်တည့်ကြီးကို စိုက်ကြည့်နေလေတယ်...
အားးးး အမျိုးသမီးလီအော်ဟစ်လိုက်ရင်း ဝက်ခေါင်းကို လွှင့်ပစ်လိုက်တယ်။
အကြီးဆုံးအရီးပဲ တွေ့ချင်တယ်ဆို? ကြည့်လေ! ကြည့်ပါလား!
ရှောင်ချောင်းက တွေးနေမိတယ်... တကယ်လို့ အမျိုးသမီးလီသာ ဒီခန္ဓာပိုင်ရှင်ကို သေအောင်မတွန်းခဲ့လိုက်ရင် သူမလည်း ဒီထဲရောက်လာခဲ့မှာ မဟုတ်ဘူး။ ခေတ်သစ်မှာရှိနေတဲ့ လင်းရှောင်းဝမ်လည်း သေလောက်မှာမဟုတ်ဘူး ဒါတွေတွေးရင်း သူမစိတ်ထဲက မကျေမချမ်းမှုတွေက တလိမ့်လိမ့်နဲ့ကို တက်လာခဲ့တယ်။ ဒါကြောင့် ရှောင်ချောင်းလည်း ဝက်ဝမ်းတွင်းသားနဲ့ ဝက်အူတွေကိုပါ ယူပြီး အမျိုးသမီးလီရဲ့ မျက်နှာဆီ ပစ်ပေါက်လိုက်တော့တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now