လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၁၉ ) ချစ်ခြင်းအဓိပ္ပါယ်ဟာ အကို့အတွက်လိမ္မာခြင်းရယ်ပါပိတောက်ကိုင်းတွေဆီကနေ ပိတောက်ပန်းခက်တွေကို အသာလေး ခူးယူနေတဲ့ ကိုးကို သော်တာနိုင် ခိုးကြည့်နေမိသည်။ ထိလိုက်တာနဲ့ ကြွေကျမတတ် ပွင့်အာနေတဲ့ ပိတောက်ပန်းတွေကို အလိုမကျနေတဲ့မျက်နှာပေးနဲ့ ဆန့်ကျင်စွာ အနူးညံ့အညင်သာဆုံး ခူးယူနေတဲ့ ဒီကောင်လေးစိတ်ထဲ ဘာတွေများဖြစ်နေလိမ့်မလဲ။
" အမေအေးရေ.. ဘုရားပန်းအိုးလည်း ထိုးပြီးသွားပြီ.. ပိတောက်ပန်း ပိုတာတွေကို ဘာလုပ်လိုက်ရမလဲ.."
အမေ့ဆီကို လှမ်းမေးနေတုန်း တချိန်တည်းမှာပဲ လက်ကလည်း အနားမနေ။
ပိတောက်ကိုင်းတွေ သစ်ရွက်အကြွေတွေကို ကောက်ပြီး အမှိုက်တောင်းထဲထည့်နေသေးသည်။ ဘာလုပ်ပါ.. ဘာလုပ်ပါလို့ ပြောနေစရာမလိုအောင်ကို ကိုးက ထောင့်စေ့အောင် ဘာမဆို အလိုက်တသိ လုပ်ပေးတတ်တော့.. အခုဆို တအိမ်လုံးက ကိုးမပါရင် မပြီး။
" ပိုတဲ့ပန်းတွေကို ရေစည်ဘောင်မှာ တင်ထားလိုက်.. သော်တာ့အမတွေ နှမတွေ လာရင် ပန်ကြလိမ့်မယ်.."
" ဟုတ်ပါပြီဗျ.."
ကိုးက ပိတောက်ပန်းခက်လေးတွေကို တယုတယကိုင်ကာ ရေစည်ထဲမကျအောင် သေချာကျကျနနတင်လိုက်ပြီး..
" ဘုရားပန်းအိုးလည်း သွားတင်ထားလိုက်တော့မယ်.. အမေအေးက ဆွမ်းတော်ဗန်းတွေနဲ့ နိုင်မှာမှမဟုတ်တာ.."
" အေးအေး.. မင့်အဖေမြိုင်ကို ဓမ္မာရုံဆီသွားချည်ဦးလို့.. အတာအိုးပို့ရဦးမှာ.."
" ကျွန်တော် ပို့လိုက်ပြီ အမေအေးရဲ့.. မနက်အစောတုန်းက ဓမ္မာရုံတံခါးဖွင့်ထားတာမြင်လို့ ပို့လိုက်ပြီ.."
အမေ့ဆီက ပြန်ဖြေသံထွက်မလာလို့ သော်တာနိုင် လှမ်းကြည့်တော့.. ပြုံးပြုံးကြီး ဆွမ်းတော်ခူးနေလေရဲ့။ ကိုးကို မွေးစားရတာ နောက်ထပ်သားအလိမ္မာတယောက် ထပ်ရလိုက်သလိုမို့ ကျေနပ်အပြုံးနဲ့။
သော်တာနိုင့်စိတ်ထဲ ရှက်သလိုလိုတော့ ရှိသား။ သူ ဒီအသက်အရွယ် ရောက်နေပြီ.. ဒီအလုပ်တွေ တခါမှမလုပ်ပေးဖူးသလို ဒီအိမ်မှာ ဒီအလုပ်တွေရှိမှန်းတောင် သတိမထားမိခဲ့ဖူးပါ။