အပိုင်း - (၄)

10.6K 1.3K 154
                                    

နေးတစ်ယောက် ညစာစားပြီးတော့ အိမ်အပေါ်ထပ်က လသာဆောင်မှာ ကော်ဖီခါးခါးတစ်ခွက်နဲ့ ဇိမ်ကျနေသည်။ မျက်လုံးကလည်း မကြာခဏဆိုသလို ထိုင်ခုံရှေ့က ဖန်စားပွဲအသေးလေး အပေါ်တင်ထားတဲ့ဖုန်းဆီကို ရောက်လို့နေသည်။

" လက်ျာ... လက်ျာလေး "

" ဂရင်း ကျွန်တော် ဒီမှာ "

အောက်ထပ်လှေကားကနေ နာမည်တကျော်ကျော် ခေါ်ရင်းတက်လာတဲ့ဂရင်းကို နေး အသံပြုလိုက်တော့ နေးရှိတဲ့ လသာဆောင်ဘက်ကို လျှောက်လာသည်။ တစ်အိမ်ထဲ အတူနေကြပေမယ့် ဂရင်းက သူ့ဆိုင်နဲ့ တွဲလျက်ဖွင့်ထားတဲ့ အိမ်အောက်ထပ်မှာသာ အနေများပြီး နေးကတော့ နားအေးပါးအေး နေရတဲ့အပေါ်ထပ်တွင်သာ နေဖြစ်သည်။

" ဦးနော် က ညရှစ်နာရီလောက်ကျရင် သူ့ဘားကို လာခဲ့ဦးတဲ့ "

ဂရင်းက နေး အရှေ့မှာရှိတဲ့ ထိုင်ခုံပုလေးမှာ ဝင်ထိုင်ရင်း ပြောလာသည်။

" ဟာ... မသွားချင်ဘူး "

" မသွားချင်ရင် ရှင် ကိုယ်တိုင်ဖုန်းဆက်ပြော... ရော့ ဒီမှာ ဖုန်း... တို့ကတော့ မပြောရဲဘူး... ကြောက်တယ် "

ဂရင်းက သူ့လက်ထဲက ဖုန်းကို နေးကို လှမ်းပေးလာသည်မို့ နေး မျက်နှာလေးမဲ့သွားသည်။ တကယ်တော့ ဂရင်း တင်မက နေးကိုယ်တိုင်လည်း ဦးနော်ကို ကြောက်ရသည်မဟုတ်လား။ ဦးနော်ဆိုတာက မေမေ့ရဲ့ မောင်၊ နေးရဲ့ဦးလေးအရင်းခေါက်ခေါက် ဖြစ်သလို နေးရဲ့အုပ်ထိန်းသူလို့လည်း ပြောရပေမည်။

မေမေ့ကိုမွေးပြီးတော့ ဆယ်နှစ်လောက်ကြာမှ ဖွားဖွားက လေးလေးကို ကိုယ်ဝန်ဆောင်တာမို့ မေမေနဲ့ လေးလေးက ဆယ့်တစ်နှစ်လောက်ကွာသည်။ အဲ့ဒါကြောင့် မေမေ့မောင်ဆိုပေမယ့် နေးနဲ့ လေးလေးကတော့ ဆယ့်လေးနှစ်လောက်သာကွာသည်။ အခု နေးက အသက်နှစ်ဆယ့်ခြောက်နှစ်စွန်းစွန်းရှိနေပြီး လေးလေးကတော့ လေးဆယ်ဝန်းကျင်နား ကပ်နေပြီဖြစ်သည်။

နေးကိုမွေးပြီး သိပ်မကြာခင်မှာပဲ မေမေနဲ့ ဖေဖေက ကားအက်စီးဒန့်ဖြစ်ပြီး ဆုံးပါးသွားခဲ့သည်။ အဲ့အချိန်တုန်းက လေးလေးက အသက်နှစ်ဆယ်လောက်ပဲ ရှိသေးပေမယ့် တူဖြစ်တဲ့နေးကို ပြုစုစောင့်ရှောက်ရင်း တစ်ကိုယ်တည်းလူပျိုကြီးအဖြစ်နဲ့ ဘဝကိုဖြတ်သန်းလာခဲ့သည်။

My Beautiful SPOUSEWhere stories live. Discover now