"ကိုကြီးထူးအောင် ကိုကြီးထဲမှာ တာတေစာအုပ်တွေရှိတယ်မလား။ ကျွန်တော့်ကို ခဏငှါးအုံး။ ညကျ သူထူးအောင်ကို ဖတ်ပြချင်လို့"
"ဘာလို့တာတေစာအုပ်လဲ။ ကလေးက ငယ်ငယ်လေးရှိသေးတာကို တခြားဟာ ဖတ်ပြလိုက်"
"ဒီနေ့က ဟောလိုးဝင်းနေ့လေဗျာ။ အဲ့တော့ သရဲစာအုပ်ဖတ်ပြမှ လိုက်ဖက်မှာပေါ့"
"မောင်ထူး။ သူပြောတာ ဟုတ်လား"
မောင်မှူးနဲ့စကားပြောရင်း ကျွန်တော့်ကို လှည့်မေးလာတဲ့ အထူးလေး။ ကျွန်တော်က ဟုတ်တယ်ဆိုတဲ့သဘော ခေါင်းညိတ်ပြလိုက်တော့ မျက်မှောင်ကိုကုတ်ပြီး ဘာတွေစဥ်းစားနေလဲမသိ။
"တာတေက ပုံပြင်တွေ။ မဖဲဝါဆိုတာ အပြင်မှာ တကယ်ရှိလားတောင် သေချာသိရတာမဟုတ်ဘူး။ သွား။ သူထူးအောင်ကို သွားခေါ်။ ငါက အမှန်အကန်တွေ ပြောပြမယ် ဟုတ်ပြီလား"
"တကယ်လား"
"တကယ်ပေါ့။ ငါ့ရွာက ခြောက်သမျှ သရဲအကြောင်းတွေပြောပြမယ်။ သွား သူထူးအောင်ကို သွားခေါ်ချေ။ မောင်ထူး မင်းလည်းလာခဲ့"
"....."
ပြောတော့ ကလေးက ငယ်ငယ်လေးပဲရှိသေးတာဆို။ တာတေလို သရဲဟာသဇာတ်လမ်းကိုတောင် ဖတ်မပြနဲ့လို့ပြောတဲ့သူက အခုတော့ သူကိုယ်တိုင်ပြောပြမလို့ ခေါ်ခိုင်းနေတယ်။
"ကလေးကို သရဲကြောင်းတွေပြောပြလို့ ဖြစ်ပါ့မလား အထူးလေးရဲ့"
ကျွန်တော်မေးတော့ "ဖြစ်ပါတယ်။ ကလေးက ငယ်သေးတော့ ငါပြောလည်း ကြောက်ရကောင်းမှန်း သိမှာမဟုတ်ဘူး"တဲ့ ထူးအောင်က ပြန်ပြောတယ်။ ကျွန်တော်လည်း ဘာမှထပ်ပြောမနေတော့။
ခဏကြာတော့ မောင်မှူးက သူထူးအောင်ကိုခေါ်ပြီး ပြန်ရောက်လာတယ်။ သူတို့ရောက်လာတာနဲ့ ထူးအောင်က ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး နေရာယူလိုက်တယ်။ သူက ကြမ်းပြင်ပေါ်မှာထိုင်တော့ ကျန်တဲ့လူတွေကလည်း သူ့အနားမှာပဲ ဝင်ထိုင်လိုက်ကြတယ်။
"ကဲ စပြောမယ်နော်။ ရွာမှာ ငါ့အဒေါ်တစ်ယောက်ရှိတယ်။ မောင်ထူး မင်းသိမယ်ထင်တယ်။ ဒေါ်လေးမူဆိုတာလေ"