22 (U)

4.2K 493 22
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၂၂ )
ကိုးဟာ မြေခွေးကောင်ပါ

“ သော်တာရေ.. အဝတ်တွေ အမေ မီးပူတိုက်ထားတာ ဗီရိုတွေထဲသွားထည့်ပေးပါဦး..”

သင်္ကြန်ပိတ်ရက်တွေအပြီး ကိုးလည်း နေကောင်းကျန်းမာလာသည်မို့ ဦးထွန်းမြိုင်နှင့်အတူ စက်မှုအလုပ်ရုံသို့ အလုပ်ပြန်ဝင်လုပ်နေပြီ။ သော်တာနိုင်ကတော့ စာမေးပွဲအောင်စာရင်း စောင့်ရင်း အိမ်မှာ ဝေလေလေဖြစ်နေကာ ဒေါ်ခင်အေး လက်တိုလက်တောင်း ခိုင်းသည့် ရာထူးသို့ အလိုလို နေရာရသွားလေသည်။

ကိုး အိမ်မှာမရှိတော့မှ ကိုးရဲ့ စေ့စေ့စပ်စပ် အလိုက်သိတတ်မှု၊ ဖင်ပေါ့တတ်မှုတွေဟာ လစ်ဟာလာလေလေ သိသာနေလေလေ ဖြစ်သည်။ အခုဆို ဒေါ်ခင်အေးသည် သားတော်မောင်နာမည်ကို တကြော်ကြော်အော်ခေါ်ကာ ဘာလုပ်ပေးပါ ညာလုပ်ပေးပါလို့ ခိုင်းနေရသည်ကိုက အလုပ်ရှုပ်စရာဟု ထင်လာမိတော့သည်။

ထို့အပြင် ဝမ်းနှင့်လွယ်မွေးထားသော ထိုသားလှရတနာလေးသည် ဘာအလုပ်ခိုင်းခိုင်း အချိုးမကျပေ။

ငယ်စဉ်ကတည်းက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ထားခဲ့သော မအေ့အပြစ်လို့ ခေါင်းစဉ်တပ်ရလောက်အောင် ဘာမှလက်ကြောမတင်းချင်။

စာအုပ်ဖတ်နေလို့၊ ဂိမ်းဆော့နေလို့၊ သင်တန်းသွားစရာရှိလို့ဆိုတဲ့ အကြောင်းပြချက်ပေါင်းများစွာဖြင့် ဂဂျီဂဂျောင်ကျတတ်ပြန်သည်။

ကိုးသာဆို ဒေါ်ခင်အေး ဟင်းချက်နေလျှင် မီးဖိုချောင်ထဲ ဟင်းရွက်သင်၊ ဓားသွေး၊ အမှိုက်သွန်၊ တံမြက်စည်းလှည်းလုပ်ပေးတတ်ပြီး ဈေးကပြန်လာလျှင်လည်း ဈေးခြင်းတောင်းကူသယ်၊ အဝတ်လျှော်ပြီးသားမြင်လျှင် လှန်းပေးပြီးသား၊ အဝတ်ခြောက်ချိန်တန်လျှင် ရုတ်ပေးပြီးသား၊ မီးပူထိုးပြီးလျှင်လည်း သော်တာနိုင့်အဝတ်အစားဆို သော်တာနိုင့်ဗီရိုထဲထည့်ကာ.. သူ့အဝတ်အစားဆို တခါတည်း သိမ်းဆည်းပြီးသားရယ်။

ဗိုင်းကောင်းကျောက်ဖိ မိန်းကလေးနှင့်မခြား ကိုးတယောက်ဟာ ဒီအိမ်အပေါ်မှာ ဝတ္တရားကျေပွန်လွန်းတဲ့ သားလိမ္မာလေးတဦးအဖြစ် ကြိုးစားနေထိုင်နေသည်မှာ ဒေါ်ခင်အေး အသိဆုံးပင်။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now