Chapter-13

12.5K 1.5K 92
                                    

Unicode

မြတ်နိုးမှုအား ရိပ်မိခြင်း ၃

အေးစိမ့်စိမ့်နံနက်ခင်းရဲ့ မြူပင်မကွဲသေးချိန်မှာ အိပ်ရာထပြီး လျှောက်သွားနေဖို့ဟာ
ချစ်နိုင်းအတွက် တော်ရုံလုပ်ဖြစ်မည့်ကိစ္စမဟုတ်ချေ။ သို့သော် ဒီမနက်မှာတော့ အဝါနုရောင်ဂွမ်းအင်္ကျီအထူကြီးကိုဝတ်၊ လည်ပင်းမှာ မာဖလာကိုအထပ်ထပ်ပတ်လို့ မနေ့ကမှဝယ်ထားတဲ့ ခေါင်းစွပ်အညိုလေးကိုအပီပြင်စွပ်ကာ ဈေးပတ်နေရပြီပင်။

ပူတာအို မနက်ခင်းဈေးသည် လာလည်သူတွေအတွက်နာမည်ကြီးဖြစ်ကာ၊ မဖြစ်မနေရောက်ဖူးသင့်ပါသည်ဟုဆိုလာသည့် ကိုဒီးရမ်ကြောင့် မှုန်ဝါးနေသည့်မြူတွေကြား သူတို့အုပ်စုချီတက်လာခဲ့ရတာဖြစ်သည်။ ကားရပ်ပြီး ဈေးတန်းဆီမရောက်ခင် ရောင်စုံထီးများမိုးလျက် ရောင်းဝယ်နေကြသည့် ဈေးသည်တန်းကိုအရင်ကျော်ဖြတ်ရသည်။

မြို့မဈေး သူတို့အခေါ်လေယာဉ်ကွင်းဈေးသည် အတော်စည်စည်ပင်ပင်ရှိကာ ဈေးဝယ်လာသူတို့မှာလည်း အများပြားပင်။
ရောင်စုံမြင်ရသည့် အနွေးထည်ထူထူတွေ၊ခေါင်းစွပ်၊မာဖလာတွေဖြင့် တက်ကြွ‌စွာဝယ်ခြမ်းနေကြသူတွေကြား ရောက်ပြန်တော့
အစောက အေးနေခဲ့တာဘယ်နားကျန်ရစ်မှန်းမသိတော့။

ဟိုဘက်ဒီဘက် ခေါင်းကိုဂျင်လိုလည်နေအောင်လှည့်ကြည့်ရတာတောင်
ကြည့်ရတာအားမရနိုင်။ ဈေးက ချစ်နိုင်းတို့
မန္တလေးအခင်းကျင်းနှင့်သိပ်မကွာသော်လည်း ချစ်နိုင်းမသိသော အသီးရွက်တွေ များပြားလွန်းလှသည်။ဈေးထဲကို မကြာခဏမလိုက်ဖူးတာကြောင့်လည်း ဖြစ်ပါလိမ့်မည်။ တော်တော်များများကို ချစ်နိုင်းမသိ။ဒါကြောင့် သူ့ခြေတံရှည်တွေက ဆရာဦးနှင့် ကိုဒီးရမ်ကြားထဲရောက်သွားကာ သူမသိဝာာမေးဖို့ရယ်ဒီဖြစ်နေခဲ့ပြီ။ သူ့ကိုကို ကိုဝောာင် ဘယ်နားထားခဲ့မိမှန်းသတိမရတော့။

ဆိုင်တန်းလျားကို မရောက်ခင်ဖြတ်ရသော
မြေခင်းဈေးသည်ပင်အတော်ရှည်၏။
မိုးကာခင်းများခင်းလျက် ရောင်းဖွယ်ပစ္စည်းတို့ကိုခင်းကျင်းထားပြီး ထူးဆန်းသည်မှာ
အရွက်များကို အသားရောင်းသလို သူ့အပုံနှင့်သူတစ်ခါထဲပုံထားပေးတာဖြစ်သည်။
ချစ်နိုင်းသိသလို ဝယ်မည်ဆိုမှချိန်ပေးတာမျိုးမဟုတ်။ဝယ်သူ လက်ညှိုးထိုးရာအပုံကိုထုပ်ပေးတာဖြစ်သည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now