Part 22

4.6K 509 11
                                    

ပြာသိုတွင် ခွာညိုပွင့်လေသည်။အေးစက်စက်နှင်းမှုန်များကြား ဟံသာဝတီစစ်သည်တော်များ စောင့်မျှော်ခဲ့ရသည့်မြင်းခင်းသဘင်ပွဲကား ရောက်ရှိလာပြီ။အရုဏ်ပျို့စ နံနက်ခင်းတွင် ဟံသာဝတီရဲ့တံခွန်အလံတွေက တလွှင့်လွှင့်။ဟံသာဝတီပြည့်ရှင်မင်းကြီးက မိဖုရားအပေါင်းခြံရံလျက် ဗိုလ်ရှူသဘင်ထက်တွင် နေရာယူလေသည်။မှူးမတ်ဗိုလ်ပါအပေါင်းကလည်း အသီးသီးနေရာယူကြပြီး မြင်းခင်းသဘင်ပွဲကိုစိတ်ပါဝင်စားစွာ စောင့်ကြည့်နေသည်။

ဆောင်းလေတစ်ချက်အဝှေ့တွင် မြင်းခင်းစက်သွင်းပွဲကို ယှဉ်ပြိုင်မည့်စစ်သည်များက စစ်ရေးလေ့ကျင့်ကွင်းကို ရောက်လာသည်။ မင်းညီမင်းသားများ၊စစ်သည်များကချပ်ဝတ်တန်ဆာကို အပြည့်အစုံဝတ်ပြီး မြင်းကကြိုးစုံဝတ်ဆင်ထားသည့်အာဇာနည်မြင်းများပေါ်တွင် မြင်းဇက်ကြိုးကို ခပ်တင်းတင်းကိုင်လျက်ထိုင်နေကြသည်။

အိမ်ရှေ့မင်းက ပတ္တမြားနားတောင်းနှင့်အပြိုင် ကြက်သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဲမောင်းလှံကြီးကိုကိုင်ဆောင်ထားပုံက စစ်နတ်ဘုရားဆိုသည့်ဂုဏ်ပုဒ်နှင့်အညီ ခန့်ညားထည်ဝါသည့်အရှိန်အဝါများကိုပေးစွမ်းသည်။နန်းစောရှင်က ခရမ်းပြာရောင်အသွေးရှိသည့်ဝတ်စုံကိုဝတ်ထားပြီး ငွေခြေချင်းလေးက နှင်းမှုန်များကြားတွင်လင်းလက်နေပေသည်။သမိန်သူရနှင့်သမိန်သူရိန်ကတော့ ရိုးရှင်းသည့်တပ်မင်းဝတ်စုံကိုသာ ဝတ်ထားကာ မျက်နှာပေါ်တွင်ဝံ့ကြွားသည့်အပြုံးတစ်ပွင့်ကို ပန်ဆင်ထားပေသည်။

ဗညားငယ်မင်းသားက ကျောက်စိမ်းရောင်ဝတ်စုံကိုဝတ်ထားပြီး ရတနာတွေစီခြယ်ထားသည့်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသောကြောင့် လူအများကြားတွင် တလက်လက်တောက်‌ပနေ၏။

စစ်သည်တော်အပေါင်းက အဲမောင်းလှံကို ကိုင်ကာ တံပိုးခရာသံကိုနားစွင့်နေသည်။မြင်းခင်းစက်သွင်းပွဲတွင် မြင်းစီးရင်းအဲမောင်းလှံတံနှင့်ပစ်မှတ်များကို အများဆုံးထိမှန်အောင် ပစ်နိုင်သူက အနိုင်ရမည်ဖြစ်သည်။စစ်ပွဲများတွင် လှံတံပစ်ခြင်းက အရေးပါသောကြောင့် ရာထူးအဆင့်တက်နိုင်ရန် အစွမ်းပြနိုင်သောအရည်အချင်းစစ်ပွဲလည်း ဖြစ်ပေသည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now