Chapter-17

11.5K 1.4K 47
                                    

Unicode

ချစ်နိုင်းကို သဘောကျတယ် ၃

ဇွက်ခနဲ ဇွက်ခနဲ နစ်ဝင်ခြင်းများ။
ကိုယ်နေဟန်ထားကို မပျက်အောင်ထိန်းရင်း
ရှေ့ဆက်ဖို့ကို အားစိုက်ယူနေရသည်။ တစ်ဖက်ခြေဖျားလွတ်သည်နှင့် နောက်တစ်ဖက်က ရွံတွေကြားနစ်ခနဲ။ တစ်လှမ်းချင်းလှမ်းနေရင်း ရှေ့ကိုကြည့်လိုက်ရင် ဗွက်အပြည့်နှင့်လမ်း၊ ဘေးကိုကြည့်ရင်တော့ ထူထဲလှသည့်တောအုပ်တွေ။

ရေတံခွန်စီးသံတဝေါဝေါက အဆက်မပြတ်ပေမဲ့ ဘယ်ကနေ ဘယ်လိုစီးနေသည်မမြင်ရပဲ အသံကိုသာကြားနေရသည်မို့ ရေဒီယိုနားထောင်နေရတာနှင့်တောင် ခပ်ဆင်ဆင်။

"လှမ်းလှမ်း.. ခြေလှမ်းကိုဆက်တိုက်လှမ်းဟေ့။ ရပ်လိုက်ရင် ဟန်ချက်ပျက်ပြီးလဲလိမ့်မယ်"
ကျယ်လောင်သော ဆော်ဩသံက ရေစီးသံတွေကိုပါထိုးဖောက်လို့သွား၏။ တောတွင်းငှက်သံတချို့ဆူပွက်သွားပြီးနောက် လူစုရဲ့ခြေလှမ်းတွေက ပြန်သွက်လာခဲ့သည်။

"ဆရာဦး ရရဲ့လား"
ချွေးများစွာထွက်လျက် ဟောဟဲလိုက်နေသောဘေးကလူကို ချစ်နိုင်းမေးလိုက်သည်။
လက်မောင်းတွေကိုကိုင်ပေးထားရင်း ဆရာဦးပင်ပန်းနေတာကို သူသေချာခံစားနိုင်နေသည်။ တဟူးဟူး အသက်ရှူသံနှင့်ရှေ့ဆက်နေတဲ့ဆရာဦးက ဘာပဲဖြစ်ဖြစ်လက်လျော့မည့်ပုံမပေါ်။ ခေါင်းငြိမ့်ပြရင်း
သူ့ခြေလှမ်းတွေကို အားထည့်ကာလျှောက်သည်။ သူ့ခေါင်းတွေက ရွံ့တွေကြားငုံ့ကြည့်လျက်။ မဆုံးနိုင်တဲ့ ရွံ့လမ်းကြီးကနေ အာရုံလွှဲချင်ပုံရသည်။

ကံထူးသူမောင်ရှင်တစ်သိုက်က ညဘက်မိုးရွာကောင်းသွားတာနှင့်မှ ကြုံလေခြင်း။

လမ်းရာသာဖော်ထားရသေးသော လမ်းက
မြေပြိုသွားသည်မို့ သူတို့ဆိုင်ကယ်တွေဟာအသုံးမဝင်တော့။ ပိုဆိုးတာက ရွံ့လမ်းမှာပေတေလျှောက်ရသည့်ကိစ္စ။ ကိုကိုနှင့် ချစ်နိုင်းကလွဲရင် ကျန်တာက လေးဆယ်ကျော်၊ငါးဆယ်နီးပါးလူတွေ။ ကျန်းမားရေးကောင်းပြီး အသွားလာအတွေ့ကြုံရှိကြသော်လည်း
ဒီခရီးမှာတော့ အတော်လေးပင်ပန်းကြရှာသည်။

မနက်စောစော နိုးနိုးချင်း မိုးသံတဖျောက်ဖျောက်ကြားတော့ ချစ်နိုင်းပျော်နေခဲ့သေးသည်။ ရာသီဥတုကတော့ အေးပြီပေါ့။
နောက် ဘေးကနေရှုံ့မဲ့နေသည့် ကိုကို့ကိုမြင်မှ ချစ်နိုင်းလဲရှုံ့မိသွား၏။ရာသီဥတုက မဟုတ်လဲအေးနေတာပဲ။သူတို့ခရီးသွားတာ အဟန့်တားဖြစ်သွားတာပဲပိုသည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now