အချိန်အားဖြင့် ဆယ်စုနှစ်တစ်ခုလောက်ကြာသွားခဲ့ပြီဖြစ်သည်။ယခင်က ယခုလောက်ထိကြာလိမ့်မည်ဟုမမျှော်လင့်ခဲ့ပေမယ့် သူကိုယ်တိုင်ပင်မထင်မှတ်ခဲ့သည့်အဖြစ်အပျက်တစ်ချို့ကြောင့် အိမ်ကိုတနှစ်မှ မပြန်ဖြစ်ခဲ့ပေ။အသက်အရွယ်အားဖြင့်လည်းငယ်တော့တာမဟုတ်လို့ အရင်နှင့်ယှဥ်လျှင် အများကြီးရင့်ကျက်သွားပြီဟု သူ့ကိုယ်သူမှတ်ယူထားတာဖြစ်သည်။
*****
' ပန်းအိုးကို ဒီဘက်မှာထားလိုက်နော်မိလှိုင် နင့်သခင်လေးအခန်းကော သေချာသန့်ရှင်းရေးလုပ်ထားရဲ့လား'
'ဟုတ်ကြီးကြီး အကုန်လုံးသေချာသန့်ရှင်းထားပါတယ်'
'ထမင်းတွေလည်းအဆင်သင့်ပြင်ထားတော့နော် သားက နေ့လည်ထမင်းစားချိန်အမှီပြန်ရောက်မယ်ပြောတယ်'
တီ....တီ....
စကားပြောလို့မဆုံးခင်မှာတင် ခြံရှေ့မှဟွန်းတီးနေသည့်ဒါရိုက်ဘာကြောင့် ဆရီနာရဲ့မျက်နှာကချက်ချင်းဆိုသလို ရွှင်လန်းသွား၏။မတွေ့ခဲ့ရသည့် နှစ်တွေအတွင်း သားကိုအလွမ်းပိုကာ ထွေးပွေ့ချင်ခဲ့မိတာဖြစ်သည်။
" သား "
ကားထဲမှဆင်းလာသည့် ခပ်ထွားထွားခန္ဓာကိုယ်အား ဆရီနာကပြေးဖက်ကာ ဟန်နရီရဲ့ကျောပြင်ကိုအသာအယာပွတ်ပေးလိုက်၏။အရွယ်ရောက်လာသည့်ဟန်နရီဗစ်တာက အရာရာပြောင်းလဲသွားတာဖြစ်သလို ပို၍ခက်ထန်လာတာလည်းဖြစ်သည်။
" မာမီ သားကိုဒီလိုမျိုးပြန်တွေ့ရဖို့အချိန်တိုင်းမျှော်နေခဲ့တာ "
အလွမ်းပိုနေသည့်ဆရီနာကြောင့် ဟန်နရီကခေါင်းအသာညိတ်ကာ ခပ်ရေးရေးပြုံးရယ်လိုက်၏။သူကိုယ်တိုင်လည်း အိမ်ကိုလွမ်းနေမိတာဖြစ်သလို ခက်ခဲသည့်အချိန်ကာလတွေကို ကျော်ဖြတ်ခဲ့ရတာဖြစ်သည်။
'ကြည့်ပါအုံး ဖုန်းထဲမှာမြင်ရတုန်းက ဒီလောက်ထိအရပ်ရှည်ပြီးချောမယ်လို့တောင်မထင်ထားဘူး မာမီ့သားကတကယ်လူချောကြီးပဲ"
'ဒါဆိုမာမီက ကျွန်တော့်ကိုအထင်သေးခဲ့တာပေါ့လေ'
" မသေးရဲပါဘူးတော် ရှားရှားပါးပါးဒီသားလေးတယောက်ထဲရှိတာကို "