" ကျွန်တော်ကျောင်းသွားတော့မယ်နော် ကြီးကြီး "
လွန်းက ထမင်းစားပွဲပေါ်မှ ပေါင်မုန့်မီးကင်တစ်ချပ်ကို ခပ်မြန်မြန်ပါးစပ်ထဲထိုးထည့်ကာ အိမ်ပြင်ပြေးထွက်ဖို့ကြံရွယ်လိုက်၏။ယနေ့မနက်အိပ်ယာထတာ အနည်းငယ်နောက်ကျသွားတာမို့ ယခုနေလမ်းထိပ်မှ Busကားလွတ်သွားတာနဲ့ ကျောင်းနောက်ကျတော့မှာဖြစ်သည်။
" လွန်းတာနေဆန်း "
အမိန့်ဆန်သည့်ခေါ်သံကြောင့် လွန်းကနေရာတွင်ပင်ရပ်တန့်ကာ နောက်လှည့်ကြည့်လိုက်သည်။အိပ်ယာထအုံးမည်ဟုမထင်ထားသည့်ဟန်နရီက သူ့အားလှေကားထပ်မှ လက်ပိုက်ကာခေါ်ဆိုနေတာကြောင့် လွန်းကအိမ်ပေါက်၀မှ မလှုပ်မယှက်ရပ်ကြည့်လိုက်၏။
" မင်းငါ့ဆီခဏလာအုံး "
" ကျွန်တော်ကျောင်းနောက်ကျ...."
" ဒီထက်ကြန့်ကြာနေရင် ဒီနေ့အဖို့ကျောင်းသွားရလိမ့်မယ်လို့မထင်နဲ့ "
ခြိမ်းခြောက်ကာပြောဆိုနေပုံတွေက ငယ်ငယ်ကအတိုင်းဘာမှမပြောင်းလဲ။လွန်းက လက်ထဲမှနာရီကိုငုံ့ကြည့်ရင်း သူ့ထံသို့အပြေးအလွှားရောက်ရှိလာတာမို့ ဟန်နရီကသဘောကျသွားဟန်ဖြင့် ခပ်ရွဲ့ရွဲ့ပြုံးလိုက်၏။
" ကိုကိုကြီး ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ "
" ငါ့ကိုပိုက်ဆံတစ်သိန်းချေး "
" ဗျာ "
မထင်မှတ်ထားသည့်စကားကြောင့် လွန်းကမျက်လုံးလေးပြူးကာ ဟန်နရီအားစူးစိုက်ကြည့်လာ၏။လွန်းအတွက် ထိုပမာဏက အနည်းငယ်အခက်တွေ့နိုင်သော်လည်း ဟန်နရီအတွက်ထိုပမာဏက ပြောပလောက်သောအရာမဟုတ်ပေ။ဒါကို ဘာကြောင့်များသူ့ထံသို့ ထိုကဲ့သို့စကားကို ပြောထွက်သလဲဆိုတာ မတွေးဆနိုင်တော့ပေ။စနောက်သလားဟုထင်မိသော်လည်း ဟန်နရီမျက်နှာက စနောက်နေသည့်အရိပ်အယောင်တောင် ရှိမနေ။
'လူကို အဲ့လိုပဲဆက်ကြည့်နေမယ်ဆိုရင် ငါဆွဲနမ်းမိလိမ့်မယ်နော် ချာတိတ်'
သြရှရှပြောဆိုလာသည့်အသံက စနောက်သည့်သဘောမျိုးလည်းမဟုတ်သလို အရွဲ့တိုက်နေသည့်အနေအထားမျိုးလည်းမဟုတ်ပေ။လွန်းက ချက်ချင်းဆိုသလိုမျက်နှာလွှဲကာ အနောက်သို့ခြေလှမ်းဆုတ်သွားတာမို့ ဟန်နရီကသူ့ရှေ့သို့ချဥ်းကပ်လာ၏။