Chapter (13-2) _ ဒီကောင်လေးကို အဆုံးထိ ကာကွယ်ပေးရမယ်.....
"်အကိုကြီး မသွားခင်က ဘာလို့မစားသွားတာလဲ"
ကျိုးယွင်ရှန့် သည် ဆိုဖာပေါ်သို့ လှိမ့်ကာ ခေါင်းအုံးကို ဖက်ထားရင်း မေးလိုက်သည်။
"စီးပွားရေး ညစာစားပွဲ တက်စရာရှိလို့။ ကိုယ် သွားရတော့မယ်၊ မင်းစားပြီးပြီးချင်း အိပ်ရာ မဝင်မိဖို့ သတိထားဦးနော်။ တော်ကြာ အဆာမကြေဖြစ်နေဦးမယ် "
ရွှယ်ဇီရွမ် သည် ဆယ်ကျော်သက်ကောင်လေးကို မငြီးမငွေ့ သတိပေးလိုက်သည်။ ဒါပေမယ့် ချာတိတ်လေးက မျက်လုံးကို မှိတ်ပြီး အိပ်ပျော်တော့မလို ဖြစ်နေသည်ကို တွေ့တော့ ပြုံးရယ်ကာ ချာတိတ်လေးရဲ့ နှာခေါင်းကို ဖွဖွလေး ဆွဲညစ်ကာ ပြောလိုက်သည်။
"ဘာမှ မစားပဲ မအိပ်သေးနဲ့ဦး။ တော်ကြာ ဗိုက်အဆာလွန်နေမယ်။ အခု ထပြီး စားလိုက်ဦးလေ...နော်... အကိုကြီးပြောတာ ကြားရဲ့လား ကြက်ပေါက်စလေး.... "
"ကြက်ပေါက်စလေးက ဘယ်သူ့ကို ပြောတာလဲ"
ကျိုးယွင်ရှန့် သည် ရုတ်တရက် မျက်လုံးဖွင့်ကာ မှောက်လျက် အိပ်နေရာမှ ရွှယ်ဇီရွမ်ကို ခေါင်းအုံးဖြင့် လှမ်းထုကာ မေးလိုက်သည်။
"အကိုကြီးက ကျွန်တော့်ကို ကြက်ပေါက်စလေးလို့ ဘာကြောင့်ခေါ်တာလဲ။ ကျွန်တော်က ရုပ်ဆိုးလို့လား "
ရွှယ်ဇီရွမ် က သူ့ရဲ့ ပါးလွှာတဲ့ ခါးလေးကို သိုင်းဖက်ကာ ခပ်ဖွဖွ ကိုက်လိုက်ပြီး ရယ်သံဖွဖွနှင့် ပြောလိုက်သည်။
" ကြက်ပေါက်စလေးတွေက သူတို့ခေါင်းပေါ်က အမွေးလေးတွေကို ပွအောင်လုပ်ရင် ဒေါသပေါက်ကွဲတတ်တယ်။ သူတို့ရဲ့ ရင်အုပ်သေးသေးလေးကို ကော့ပြီး ဂုဏ်ယူတတ်ကြတယ်။ သူတို့ပျော်တဲ့အခါဖြစ်ဖြစ်၊ ဒေါသထွက်တဲ့အခါ ဖြစ်ဖြစ် တကိုယ်လုံး တုန်ယင်နေလာရော... အခုကြည့်လေ..မင်းလေးက တကယ့် ကြက်ပေါက်ကလေးလိုပဲ မဟုတ်ဘူးလား "
ခေါင်းအုံးကိုကိုင်ကာ ရွှယ်ဇီရွမ်ကို ရိုက်နေသည့် ကျိုးယွင်ရှန့်က ထိုစကားကိုကြားတော့ အနည်းငယ် တောင့်တင်းသွားသည်။
ရွှယ်ဇီရွမ် က တိုးတိုးလေး ရယ်လိုက်ပြီး အရှိန်နှင့် ချာတိတ်လေးကို ပက်လက်ဆွဲလှည့်ကာ သူ့ရင်ခွင်အောက်မှာ ဖိထားပြီး နမ်းလိုက်၊ သူ့ပါးစပ်ထဲ လျှာဖြင့် တိုးဝင်မွှေနှောက်လိုက် လုပ်ကာ ချိုမြိန်သည့် ချစ်ခြင်း အရသာကို မျှဝေလိုက် ကြသည်။
"ကောင်းပြီ၊ ကိုယ့်ကို ထပ်ပြီး လှည့်စားမနေနဲ့၊ ထမင်းစားလိုက်ဦး၊ မင်း ဗိုက်ထဲက အော်သံကို ကိုယ်တောင် ကြားနေရပြီ။ "
စိတ်တိုင်းကျနမ်းပြီးနောက် ရွှယ်ဇီရွမ်က မျက်နှာလေး နီမြန်းနေသော ဆယ်ကျော်သက်ကို ဆွဲယူကာ ထမင်းစားခန်းသို့ ခေါ်သွားသည် ။
ရိုးသားသော သက်လတ်ပိုင်း အမျိုးသမီး အိမ်ထိန်းအသစ်သည် သူမ၏ အလုပ်ရှင်နှစ်ဦး၏ ရင်းနှီးသော လုပ်ရပ်ကို မြင်ပေမယ့် အနည်းငယ်မျှပင် ထူးဆန်းသည့် အမူအရာမျိုး မပြခဲ့ပေ။
ထမင်းဟင်းများကို ပြင်ဆင်ပေးပြီးနောက် သူမက အပြင်ကို ထွက်လာပြီး အသစ်ဌားထားသည့် ယာဉ်မောင်းကို အိမ်ရှေ့တံခါးတွင် ကားအဆင်သင့်လုပ်ထားရန် အကြောင်းကြားခဲ့သည်။
ရွှယ်ဇီရွမ်သည် ဆယ်ကျော်သက် ချာတိတ်လေး၏ ပါးစပ်ထဲသို့ ဝက်သားကင် တစ်ပိုင်းကို ခွံ့ကျွေးပြီးနောက် နူတ်ခမ်းလေးကို နမ်းရှိုက်ကာ ဟင်းအရသာ ကောင်း၊ မကောင်းကို အရသာခံကြည့်နေသည်။
"ထမင်းချက်အသစ်ရဲ့ လက်ရာက အရမ်းကောင်းတယ်"
ထိုသို့ မြည်းစမ်းကြည့်ပြီးနောက် သူက ထူးထူးခြားခြား မှတ်ချက်ပေးလိုက်သည်။
ကျိုးယွင်ရှန့် သည် ရွှယ်ဇီရွမ်၏ စကားကြောင့် မျက်နှာက ဖြန်းခနဲ ရဲတက်သွားကာ ယင်ကောင်များကို မောင်းသလို သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒီည ကိုယ့်ကိုစောင့်နေနော်။"
ရွှယ်ဇီရွမ်က သဘောကျစွာရယ်မောကာ ချစ်ရသည့် ချာတိတ်လေးကို မခွဲနိုင်မခွာရက်သလို ကြည့်ကာ မထွက်ခွာမီ အကြိမ်အနည်းငယ် နမ်းလိုက်ပြီး တံခါးဝသို့ ထွက်လာခဲ့သည်။ တံခါးဝတွင် သူ့မိခင် ရွှယ်လီဒန်နီနှင့် ရွှယ်ကျင်းရီတို့က ရွှယ်အိမ်တော်ထဲကို ဝင်လာသည်နှင့် တည့်တည့် တိုးတော့သည်။
"ရွှယ်ကျင်းရီ.....မင်း ဘာကြောင့် ဒီအိမ်ကနေ ထွက်မသွားသေးတာလဲ၊ မင်း ငါ့ကို ကတိပေးခဲ့တာကို မှတ်မိသေးရဲ့လား။"
ရွှယ်ဇီရွမ်ရဲ့ လေသံက အေးတိအေးစက်ဖြင့် မေးလိုက်သည်။
ရွှယ်လီဒန်နီက သမီးဖြစ်သူရဲ့ လက်မောင်းကို နှစ်သိမ့်ပေးသလို ပွတ်သပ်ပေးရင်း သားဖြစ်သူကို ပြောလိုက်သည်။
"ငါတို့ ပစ္စည်းတွေ ထုပ်ပိုးပြီး ချက်ချင်း ထွက်သွားတော့မယ်။ ဇီရွမ် ... မင်းရဲ့ညီမကို ပြောဖို့ပဲ ပြင်မနေနဲ့။ မင်း ငါ့ကို ပြောခဲ့တဲ့ ကတိကိုရော မှတ်မိသေးရဲ့လား။ "
အခုဆိုရင် ဟွမ်ရီရဲ့ ဂုဏ်သတင်းက ပိုပိုကြီးလာပြီး ကောင်လေးရဲ့ ကျော်ကြားမှုက လူများစွာကို အာရုံစိုက်လာစေရန် လုံလောက်နေလေပြီ။
ဟွမ်ရီနဲ့ သူ့သားကို အတူယှဉ်တွဲ ပြောဆိုနေကြပြီး ဒီကောင်လေးက နောင်တချိန်မှာ သူ့သားလို့ စန္ဒယားပညာရှင်ကြီး ဖြစ်လာနိုင်သည့် အလားအလာရှိသည်ဟု လူအများက ပြောကြသည်။ ဒါကြောင့် ရွှယ်လီဒန်နီက တစ်နေ့တွင် သူ့သား နဲ့ ဟွမ်ရီတို့ကြားက ဆက်ဆံတွေ ပေါက်ကြားသွားပြီး အရှုပ်တော်ပုံ ပေါ် လာမည်ကို စိုးရိမ်သောက ဖြစ်သည်။
ဟွမ်ရီက အရင်တုန်းကလို မထင်မရှား အခြေအနေတွင်ရှိနေပါက သူမသည် အခုလိုမျိုး သားလုပ်သူနှင့် ညှိနှိုင်းလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုတော့ အခြေနေတွေက ခြားနားသွားကာ ဟွမ်ရီဆိုသည့် ကောင်စုတ်လေးက ပြိုးပြိုးပြက်ပြက်နဲ့ မျက်စိစူးချင်စရာကောင်းလောက်အောင် ထူးချွန်ထက်မြက်လာခဲ့ပြီး လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့လေပြီ။
ဟွမ်ရီကို မရေမတွက်နိုင်သောလူများက အာရုံစိုက်နေကြပြီး ထိုကောင်လေးက ချိန်ကိုက်ဗုံးတစ်လုံးလို သူ့သားအနားမှာ ရှိနေတယ်။ အနှေးနဲ့အမြန်ဆိုသလို သူတို့ရဲ့ ရင်းနှီးတဲ့ အမူအရာကနေ သဲလွန်စတွေကို လူထုက သိမြင်လာလိမ့်မယ်။
အချိန်တန်ရင် လူတွေက ဘယ်လို ပြောလာကြမလဲ။
ရွှယ်လီဒန်နီ....မင်းက ဂေးဖြစ်နေတဲ့ သားတစ်ယောက်ကို မွေးထားတယ်။
ရွှယ်လီဒန်နီရဲ့ သားအရင်းနဲ့ မွေးစားသားက အချင်းချင်း ချစ်ကြိုက်နေကြတယ်လို့ လူတွေက ပြောဆိုကဲ့ရဲ့ကြလိမ့်မယ်။
ရွှယ်လီဒန်နီက သူ့သားကို ဘယ်လိုများ ဆုံးမထားလို့ ခုလို ဖြစ်နေတာလဲ....
သူမက ဆယ်စုနှစ်များစွာ လူ့အသိုင်းဝိုင်းအလယ်မှာ အဆင့်မြင့်နေလာခဲ့တာ အကုန် အလကားဖြစ်ကုန်လိမ့်မည်။ သူမမွေးထားတဲ့ သားကြောင့် ရွှယ်လီဒန်နီ၏ မိဘအိမ်ဖြစ်သည့် လီမိသားစုကိုလည်း အရှက်တကွဲဖြစ်စေလိမ့်မည်။
သူ့သားနဲ့ ဟွမ်ရီရဲ့ ဆက်ဆံရေးသာ ပေါ်သွားခဲ့ရင် အရင်က သူမကို ချီးကျူးမြှောက်ပင့်ခဲ့သည့် လူတွေက ထိုကဲ့သို့ ရိုင်းစိုင်းသော မှတ်ချက်များဖြင့် ပြောဆိုလှောင်ပြောင်ကြမည်ကို ကြားယောင်ပြီး ရွှယ်လီဒန်နီခမျာ အစားအသောက်ပျက်ကာ အိပ်မပျော်သော ညများကို ဖြတ်သန်းနေရသည်။
သူမ၏ ဘဝတစ်ဝက်စာလောက် ကြိုးစားတည်ဆောက်ခဲ့ရသည့် ပြီးပြည့်စုံသော သူမရဲ့ ပုံရိပ်က သူမ၏သားနှင့် ဟွမ်ရီ ကြောင့် ပျက်စီးသွားလိမ့်မည်ကို စိုးရိမ်နေသည်။
သူမသည် အင်ပါယာတွင် အကြော့ရှင်းဆုံး အမွန်မြတ်ဆုံး မိန်းမ၊ အကျော်ကြားဆုံး အနုပညာရှင်၊ အပျော်ရွှင်ဆုံး ဇနီးနှင့် အမေဆိုပြီး တစ်သက်လုံး နာမည်ကြီးလာခဲ့သည်။ ဒါပေမယ့် အခုမှ တောက ခေါ်လာသည့် ဟွမ်ရီဆိုသည့် မိဘမဲ့ ကောင်လေးကြောင့် ထိုအရာအားလုံးကို ဆုံးရှုံးရမည် ဆိုပါက သူမ ဘယ်လို မှ လက်မခံနိုင်ပေ။
ပြိုင်ပွဲပြီးဆုံးချိန်မှစ၍ သတင်းစာများပေါ်တွင် ဟွမ်ရီကို အမျိုးမျိုး ချီးကျူးရေးသားဖော်ပြချက်များကို ဖတ်ရလေလေ... တနေ့ကျရင် သူမသားနဲ့ ထိုကောင်လေးရဲက လိင်တူချစ်ခြင်း အရှုပ်တော်ပုံကို ရေးသားဖော်ပြကာ ကဲ့ရဲ့ကြတော့မလားဆိုပြီး သူမက ရင်တထိတ်ထိတ်ဖြစ်နေကြသည်။ ထိုအတွက် စိုးရိမ်သောက ရောက်ရပြီး သူမက အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရဖြစ်နေရသည်။
ထို့ကြောင့် သူမသည် ယနေ့ ရွှယ်အိမ်တော်ကို ပြန်လာစဉ် သူမ သားကို ထပ်မံ သတိပေးပြောကြား လိုက်တာ ဖြစ်သည်။
အပေးအယူလုပ်ကာ သူမတို့ နေအိမ်ကို စွန့်လွှတ်ခြင်းသည် ကောင်းသော အဖြေမဟုတ်ဘူးဆိုတာ သူမ သိသည်။ ဟွမ်ရီသာ ဒီလောကထဲကနေ ထာဝရပျောက်ကွယ် သွားခြင်းသည်သာ အကောင်းဆုံး ဖြေရှင်းချက်ဖြစ်သည်ဟု သမီးဖြစ်သူက ယုံကြည်နေခဲ့သည်။
ရွှယ်ဇီရွမ်သည် သူ အရင်က ပေးခဲ့သော ကတိကို မမှတ်မိတော့ဘဲ အဖြေမပေးပဲ ဖိနပ်ကိုပြောင်းစီးကာ တံခါးကို တွန်းပြီး အပြင်ကို ထွက်သွားခဲ့သည်။
ရွှယ်လီဒန်နီက သူမသားရဲ့ နောက်ကျောကို ကြည့်ကာ ပြောလိုက်သည်။
"မင်းကိုယ်တိုင်နဲ့ ရွှယ် မိသားစုအတွက် မျက်နှာမပျက်အောင် ကယ်တင်မယ်လို့ မင်းပြောခဲ့ပေမယ့် မင်း ကတိပျက်ပြီး ဟွမ်ရီကို ကင်မရာရှေ့မှာ ပြေးဖက်ပြီး သူ့ကို ပွေ့ဖက်နမ်းရှုံ့ပြနေခဲ့တယ်။ မင်းရဲ့အရှုပ်တော်ပုံတွေကို တခြားသူတွေမသိမှာကို မင်း စိုးရိမ်နေတာလား။ မင်းမှာ ဦးနှောက် ရှိသေးရဲ့လား၊ ဒါက ရွှယ် မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုရှိမယ်ဆိုတာ မင်း သိရဲ့လား"
ရွှယ်ဇီရွမ်က အေးစက်စက် အသံဖြင့် ပြန်ပြောလိုက် သည် ၊
"မေမေ၊ ကျွန်တော့် ဘဝနဲ့ ရှောင်ရီရဲ့ဘဝကို မနှောင့်ယှက်ပါနဲ့လို့ အကြံပေးလိုက်ပါရစေ။ မဟုတ်ရင် အမေ အခုနေထိုင်နေတဲ့ အေးချမ်းတဲ့ဘဝက ပျောက်ဆုံးသွားပြီး ရှေ့ဆက် အမေ့အတွက် ခက်ခဲသွားမှာကို ကျွန်တော် စိုးရိမ်မိတယ်"
အကယ်၍ သူသည် ယခင်ဘဝကကဲ့သို့ အမှတ်ရစရာများကို ရင်ဝယ် သိမ်းဆည်းကာ ချစ်ရသူနှင့် ဝေးရမည်ဆိုရင် သူ့ရဲ့ အသက်ရှင်ခြင်းက ဘယ်လို ဖြစ်နိုင်ပါ့မလဲ။
ရွှယ်လီဒန်နီ၏ နူးညံ့သိမ်မွေ့သော ဟန်ပန်အမူယာက ပျက်ယွင်းလာခဲ့သည်။ သူမက သားဖြစ်သူကြောင့် ဒေါသတကြီးဖြင့် အိမ်ထဲသို့ဝင်လာစဉ် ထမင်းစားခန်းတွင် ထိုင်ကာ ဝက်သားနှပ်ကို ပဲငံပြာရည်နှင့် တို့ကာ အေးဆေးစွာ စားသောက်နေသည့် ဆယ်ကျော်သက်ကောင်လေး ဟွမ်ရီကို တွေ့တော့ မုန်းတီးစွာဖြင့် စူးစိုက်ကြည့်လိုက်မိသည်။
ရွှယ်ဇီရွမ်က သူ့နောက်ကို လိုက်လာပြီး ထပ်ပြောလိုက်သည်။
"အမေတို့တွေ ထုပ်ပိုးပြီးတာနဲ့ ချက်ချင်းထွက်သွားပါ၊ အိမ်မှာ ဧည့်သည့်ခန်း အပို မရှိဘူး"
လို့ ခပ်တိုးတိုးပြောလိုက်တယ်။
ရွှယ်လီဒန်နီက "ဘယ်လိုလုပ်ပြီး ဧည့်သည်ခန်း မရှိရတာလဲ၊ ငါ့ကို နှင်ထုတ်နေတာလား"
"ဧည့်သည်ခန်းထဲက ကုတင်တွေအားလုံးကို ဖယ်ခိုင်းပြီးပြီ၊ အမေ အိပ်ချင်ရင် ကြမ်းပြင်ပေါ်မှာ လွတ်လွတ်လပ်လပ် အိပ်လို့ရပါတယ်"
ရွှယ်ဇီရွမ်က ရှေ့သို့တိုးကာ အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။
ရွှယ်လီဒန်နီ၏ မျက်နှာက ပြာနှမ်းလာသည်အထိ ဒေါသဖြင့် ဆို့နင့်လာခဲ့သည်။ သူမ၏ တည်ငြိမ်မှုကို ပြန်လည် မရရှိမီ အသက်ပြင်းပြင်းရှူလိုက်ရင်း ပြောလိုက်သည်။
"ကောင်းပြီ၊ ထုပ်ပိုးပြီးတာနဲ့ ချက်ချင်း ထွက်သွားလိုက်မယ်။ မင်း အလုပ် ရှိတယ်ဆိုရင် သွားတော့... ငါတို့ကို စောင့်ကြည့်နေစရာ မလိုဘူး၊ မင်းက ငါတို့ကို သူခိုးအဖြစ် ယူဆနေတာလား။"
ရွှယ်ဇီရွမ် သည် ဆူညံစွာ ပြောဆိုရန်ဖြစ်နေသည့် သူတို့ သားအမိကို ဝင်ရောက်ပြောရန် စိတ်ကူးမရှိပဲ ခပ်ကုတ်ကုတ်လေးနေသည့် ချာတိတ်လေးကို ကြည့်လိုက်ပြီး ထိုသားအမိနှင့် ဒီကောင်လေးကို သူက ဘယ်လိုလုပ် ထားရစ်နိုင်မှာတဲ့လဲ။ သူတို့ နှစ်ယောက် ပြန်သွားတဲ့အထိ သူ စောင့်ပေးရမယ်။
ရွှယ်လီဒန်နီက သူ့သားကို အရင်သွားဖို့ ပြောလိုက်ကာမှ သူမ သားက သံသယစိတ်တွေ နိုးကြားလာပြီး ထွက်မသွားပဲ စောင့်နေသဖြင့် သူမက ရွှယ်ကျင်းရီကို ခေါ်ကာ ပစ္စည်းတွေ ထုပ်ပိုးဖို့ အပေါ်ထပ်ကို တက်ခဲ့ရသည်။
နှစ်ယောက်သား ဟွမ်ရီ နဲ့ နှစ်ယောက်တည်း စကားပြောဖို့ အခွင့်အရေး မတွေ့ခဲ့ရဘဲ ပစ္စည်း အနည်းငယ်သာ ကောက်သိမ်းနေကြသည်။ သူမက တမင်သက်သက် လက်ဝတ်ရတနာ တချို့ကို ကမန်းကတန်း ထားရစ်ခဲ့တယ်။ မြို့ကိုပြန်တဲ့လမ်းမှာ ရွှယ်လီဒန်နီ က ဖုန်းတစ်ကောကို လက်ခံခဲ့သည်။
"ဘယ်လိုဖြစ်တာလဲ၊ ကိစ္စပြီးသွားပြီလား"
ရွှယ်လွေ့ ရဲ့ လေသံက ဆိုးဝါးနေတယ်၊ သူ့သားရဲ့ စွမ်းအားက အများကြီးတိုးတက်ကာ အခု သူ့ရဲ့လုပ်ပိုင်ခွင့်တွေက ဆိုးဝါးစွာ ထိခိုက်နေလေပြီ။ ကုမ္ပဏီရဲ့ ကြီးကြီးမားမား ဆုံးဖြတ်ချက်တွေ မပြောနဲ့၊ အသေးအမွှားဆုံးဖြတ်ချက်တွေက အစ သူ့မှာ ဝင်ရောက် ပြောဆိုဖို့ နေရာပင် မရှိတော့ပေ၊ သူ့လက်ထောက်က အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ရွှယ်ဇီရွမ် ဆီကို တိုက်ရိုက် ပေးပို့ကာ လက်မှတ်ထိုးခိုင်းနေတော့သည်။
မိသားစုစီးပွားရေးကို အမွေဆက်ခံမယ့်သူ မရှိမှာကို အရင်က သူ စိုးရိမ်ခဲ့ဖူးပေမယ့် အခုတော့ သူ့ဘဝက ရှေ့လျှောက် ရပ်တည်နိုင်ဖို့၊ အာဏာကို ဆုပ်ကိုင်နိုင်ဖို့ကို စိုးရိမ်နေရသည်။
မူလက သူ့သားကို အရည်အချင်းရှိသူဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့ အနည်းဆုံး ဆယ်စုနှစ်လောက် အချိန်ယူရဦးမယ်လို့ တွေးထားပြီး အငြိမ်းစား ယူချိန်မှာတော့ သူ့ဘဝနဲ့သူ ပျော်ပျော်နေနိုင်မည်ဟု ထင်ခဲ့သည်။
ဒါပေမယ့် အခုချိန်မှာတော့ သူ့မှာ အထွတ်အထိပ်ရောက်နေသည့် အချိန် ဖြစ်နေပြီး သူ့မှာ လုပ်ရမည့်၊ လုပ်ချင်သည့် ရည်မှန်းချက်တွေ အများကြီးရှိနေဆဲပါ။ဒါပေမယ့် သူ့သားကို လုပ်ငန်းရဲ့အုပ်ချုပ်မှုကို လွှဲပြောင်းပေးလိုက်ပြီးကတည်းက သူ့အတွက် နေရာ လုံးဝမရှိအောင်ဖြစ်သွားခဲ့သည်။ အခုဆိုရင် လုပ်ငန်းထဲ သူက ဘာမှ ဝင်စွတ်ဖက်လို့ရမသည့် အခြေနေထိကိုရောက်သွားခဲ့ရသည်။
************-*************