Unicode - 10

21.7K 1.7K 180
                                    

"Bach ရဲ့ Chaconne ဟုတ်လား"

ဝေယံ လက်ထဲမှ ဂီတနုတ်လ် စာရွက်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လျက် နေသူရိန်မင်းခန့်ကို မေးလာသည်။

"ဒီနေ့အတွက် Music Courses က Chaconne ပဲလေ၊ သိပ် မခက်ပါဘူး၊ လက်ချောင်းတွေရဲ့ လှုပ်ရှားမှုကို ပုံမှန်ထက် နည်းနည်းလေးပဲ . . ပို အားစိုက်လိုက်ရမှာ"
    
"ဒီလောက် ရှုပ်ယှက်ခတ်နေတဲ့ သံစဉ်မျိုး ငါ တီးနိုင်မှာ မဟုတ် . ."

ဝေယံ စကားကို ပြီးအောင် မပြောလိုက်ရ။ မေးဖျားကို လက်ညှိုး တစ်ချောင်းတည်း သုံးပြီး နေသူရိန်မင်းခန့်၏ ဆွဲမော့ခြင်းကို ခံလိုက်ရသည်။

"ဒီအချိန်မှာ ကျွန်တော်က ဆရာနော်၊ ကျွန်တော့်သင်ရိုးမှာ မကျေနပ်စရာ ရှိလို့လား"

နေသူရိန်မင်းခန့်က သူ့ကို ချော့မော့ ဖျောင်းဖျတာမျိုး မဟုတ်ဘဲ လေသံ မာမာနှင့် ခြိမ်းခြောက်လိုက်သည့်အခါ ဝေယံ မကျေမနပ် ဖြစ်သွားသည်။
     
သူကတော့ နေသူရိန်မင်းခန့်အား တစ်ခုခုကို သင်ကြား ပြသဖို့ ဆွဲဆောင်ရာတွင် အနုနည်း မျိုးစုံကိုသာ သုံးတတ်၏။ ဥပမာ ပြရပါက ပြောရခက်သည့် ကလေး တစ်ယောက်အား စိတ်ရှည်ရှည်ဖြင့် ချော့မော့ရသည့် နည်းမျိုး၊ ကျိုးကြောင်း သင့်လျော်စွာဖြင့် ကိုယ့်ဘက် ပါလာအောင် သိမ်းသွင်းသည့် နည်းမျိုး ဖြစ်သည်။
     
ဘာမှမတတ်နိုင်တော့သည့် အချိန်မှသာ နောက်ဆုံး နည်းကို ထုတ်သုံးသည်။ ထိုနည်းလမ်းက တခြား မဟုတ်။ အရှုံး ပေးကာ အလိုကျ လိုက်လျောပေးခြင်း ဖြစ်သည်။ ဘယ်တုန်းကမှ ဆန္ဒကို ဆန့်ကျင်ပြီး ခြိမ်းခြောက်တာမျိုး မရှိခဲ့။
     
နေသူရိန်မင်းခန့်ကသာ သူ့ကို . . . ။ ထားပါလေ။

"ငါ ကြိုးစားကြည့်မယ်"

ဝေယံ စိတ်လျှော့လိုက်သည်။

"ဒီလိုမှပေါ့၊ ကျွန်တော် သိတဲ့ ယံက လွယ်လွယ် လက်လျော့တတ်တဲ့ လူစားမျိုးမှ မဟုတ်တာ . . ဟုတ်တယ်မလား"

မေးဖျားမှာ ထောက်ခံထားသော လက်ချောင်း၏ အထိအတွေ့အစား ဆံသားတွေထဲ ရုတ်ခြည်း တိုးဝင်လာသည့် နှစ်သိမ့်မှု ပါသော လက်ချောင်းသွယ်များ၏ ယုယမှုကို ခံစားလိုက်ရသည်။
     
နေသူရိန်မင်းခန့်နှင့် ပတ်သက်ပါက အလျော့ပေးခြင်းကိုသာ တွင်တွင်ကျယ်အောင် သုံးနေမိတော့ ' ကိုယ် မွေးသည့် မျောက် ကိုယ့်ပြန် ခြောက် ' ဆိုသလို ဝေယံ့အပေါ် အနိုင် ယူသော နေမင်းကြီး၏ အပြုအမူများက တစ်နေ့ တခြား ပိုလွန်းလာသည်။ အကြည့်များက အစ ပိုင်စိုးပိုင်နင်းနိုင်လှသည်။ ကိုယ်ပိုင် ပစ္စည်း တစ်ခုကို ကြည့်သလိုမျိုး တွယ်ငြိ အားပါလှသည်။
     
သို့ရာတွင် သူ့အပေါ် ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ ဝေယံ့မှာ စိတ်မဆိုးနိုင်၊ စိတ်မဆိုးရက်။ သူ့အတွက် နေသူရိန်မင်းခန့်က တစ်ယောက်တည်း ရှိသော အဖိုးတန် သူငယ်ချင်း ဖြစ်သလို တန်ဖိုးထားစရာ ညီငယ်လေး တစ်ယောက် ဖြစ်သည်။

SUN { Season 1 }Where stories live. Discover now