Unicode - 11

17.4K 1.6K 203
                                    

ဒီဇင်ဘာလ၏ ဟေမန္တ လေညင်းတွင် နူးညံ့ သိမ်မွေ့စွာ ပြန့်လွင့်လာသော ဘုရား ရှိခိုးသံ တိုးတိုး။ ထိုအသံဟာ ညစဉ် ပုံ ပြောပြခဲ့ဖူးသော ပုံပြော ဆရာထံမှလား။ သို့တည်းမဟုတ် နေ့စဉ် စာအုပ်ပေါင်း များစွာကို ဖတ်ပြခဲ့ဖူးသော အသံရှင်ထံမှလား။
    
ရင်းနှီးခဲ့သော အသံဟာ တိတ်ဆိတ်စွာ လှပသည့် ညှို့ယူမှုကို သူ့အား ပထမဆုံး ခံစားစေသည်။ မြတ်နိုးရသူ၏ ဘုရား ရှိခိုးသံနှင့် အတူ နိုးထရသော မနက်ခင်းများဟာ သူ့အတွက် သိပ်ကို ကျက်သရေ ရှိလှသည်။

"နိုးပြီလား . ."

ပါးပြင်မှာ ရစ်ဝဲလာသော လက်ချောင်းသွယ်များသည် မျက်ခမ်းစပ်က မှဲ့နက်လေးကို ထိခတ်သွားပြီးနောက် အလိုအလျောက် ရပ်တန့်သွားကြသည်။

"ယံ"

"သူရိန် . . နိုးရင်လည်း ထတော့ကွာ"

ထတော့ကွာ ဟု ပြောလိုက်မှ ခေါင်းအုံးထဲ မျက်နှာ တိုးကာ ပိုလို့ပင် အိပ်နေတော့သည်။ ထိုအချိန်ဆို ဝေယံက အလိုက်သိရသည်။ နေသူရိန်မင်းခန့်က သူ ဒီလို မလုပ်မချင်း ထမှာ မဟုတ်။

အိပ်ရာပေါ် အလိုက်သင့် ထောက်ထားသော လက်တို့က နေသူရိန်မင်းခန့် ပါးပြင် ရှိရာဆီ ဖြည်းညင်းစွာ တိုးကပ်သွားသည်။
    
လောက တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေသည်။ သစ်ရွက် လှုပ်ခတ်သံကလေးပင် မကြားရ။ ကျေးဌက်တို့၏ အော်မြည်သံကလေးပင် မကြားရ။ လေတိုးသံလေးတောင်မှ မကြားရ။ နံနက်ခင်း လေထုနှင့် ထိတွေ့ခဲ့ရ၍ အေးစက်နေသော သူ၏ နှုတ်ခမ်းလေးဟာ နွေးထွေးသွားပြီကို ဝေယံ သိနေသည်။

တစ်ဆက်တည်းမှာပဲ တူညီသော အရသာကို သိရှိလိုက်ရ၏။ အထပ်ထပ်အခါခါ ခံစားခဲ့ရဖူးသော အထိအတွေ့က ချိုမြစွာ ရစ်မူးဖွယ် ကောင်းလွန်း၏။ လှပစွာ ရစ်နှောင်ထားသော အာရုံကြောင့် ဝေယံ မျက်လုံးများကို မှိတ်ထားမိသည်။ သူ့အတွက် နေသူရိန်မင်းခန့်၏ မျက်ခွံလေးတွေက နှင်းဆီနီ၏ ပွင့်ဖတ်ကလေးများထက်တောင် နူးညံ့ နွေးထွေးနေသေးသည်။   

မွှေးလည်း မွှေးလျက် . . .
နွေးလည်း နွေးသော ထိတို့မှုကလေး။
    
နေသူရိန်မင်းခန့် နှုတ်ခမ်းများ လှစ်ခနဲ တွန့်ကွေးသွားမှန်း ဝေယံ သိရှိလိုက်ရ၏။ နေမင်းကြီးသည် အိပ်ရာမှ နိုးတိုင်း မျက်လုံးလေးတွေကို အရင်ဆုံး နမ်းပေးမှ ထတတ်သည်။ လေး နှစ် အတွင်းမှာ သိသိသာသာ ပြောင်းလဲလာသော အကျင့် တစ်ခု ဖြစ်သည်။
    
"ကျေနပ်ပြီမလား၊ ထတော့"

SUN { Season 1 }Where stories live. Discover now