Unicode - 13

15.7K 1.5K 154
                                    

"အစေခံတွေကို အလုပ် ထုတ်ရမယ်၊ အကြောင်းပြချက်က . ."

"အာရုံနောက်လို့"

မျက်နှာချင်းဆိုင် ဆိုဖာတွင် ရှိသော ဦးနေမင်းခန့်က သားဖြစ်သူအား ခပ်မဲ့မဲ့ ပြုံး၍ ကြည့်သည်။ သူ့အတွက် အဖြေက နည်းနည်းလေးမှ အံ့သြစရာ မကောင်း။ ရိုးနေပြီ ဖြစ်သည်။

တကယ်တော့ အစေခံတွေကို နေသူရိန်မင်းခန့် အလုပ် ထုတ်တတ်တာက ယခုမှ မဟုတ်။ ငယ်စဉ် ကလေး ဘဝကတည်းက ဖြစ်သည်။

ပြောရပါက အစေခံတွေကို အလုပ် ဖြုတ်တာနှင့် ပတ်သက်ပြီး နေသူရိန်မင်းခန့် သတ်မှတ်ထားသော စံနှုန်းက သိပ်ကို ရိုးရှင်းသည်။

သူ မကြိုက်တာကို လုပ်လျှင် ဖြုတ်သည်။
သူ ခိုင်းတာကို မလုပ်နိုင်လျှင် ဖြုတ်သည်။

တာဝန် မကျေလျှင် ဖြုတ်သည်။
အမြင် မကြည်လျှင် ဖြုတ်သည်။

တစ်ခါတလေ . . .
အကြောင်းပြချက် မရှိ ဖြုတ်ချင်လို့ကို ဖြုတ်သည်။

ဒါပါပဲ။ နေသူရိန်မင်းခန့်အတွက် ထွေထွေထူးထူး သိပ် မရှိ။ အပျော်ကစားရုံလောက်သာ ဖြစ်၏။

"ကောင်းပြီ၊ တခြား ဖြစ်ချင်တာတွေ ရှိသေးလား"

"ကား အသစ် လိုချင်တယ်"

"ကား လိုချင်တာ ကိစ္စတော့ မရှိပါဘူး၊ အချိန်မရွေး ဝယ်ပေးလို့ ရတယ်"

ဦးနေမင်းခန့် စကားကို ဆက်မပြောသေး။ ခဏ စဉ်းစားနေ၏။ သူ့အတွက် အာရုံစိုက်စရာ ကိစ္စလေး တစ်ခု ရှိနေတာကြောင့် ဖြစ်သည်။

"အသက် မပြည့်ဘဲ ကား မောင်းဖို့ကျတော့ မင်းနဲ့ ဘယ်ဖြစ်မလဲ၊ ဟေ့ကောင် . . မင်းမှာ ယာဉ်မောင်း လိုင်စင်မှ မရှိတာ"

"မရှိရင် ရှိအောင် လုပ်ပေးလေ၊ ဘာခက်လို့လဲ"

ဦးနေမင်းခန့် စကား မဆုံးခင် နေသူရိန်မင်းခန့် ဖြတ်ပြောလိုက်ခြင်း ဖြစ်သည်။ မျက်လုံးက လက်ထဲမှ Ipad ၏ ဖန်သားပြင်ကို အကြည့် မပျက်။ အသည်းအသန် ဂိမ်း ဆော့နေ၏။

"ဟ . . ဖြစ်နိုင်တာကိုပဲ ပြောလေ၊ မင်းက အခုမှ ဆယ့်ငါး နှစ်ပဲ ရှိသေးတာ၊ ငါက ဘယ်လိုလုပ်ပေးရမှာလဲ"

"အဖေ ဆိုတာ သားသမီးတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဖြစ်တည်လာတာ၊ ကျွန်တော်ကတော့ ဒီလိုပဲ သတ်မှတ်တယ်၊ အဲ့ဒီတော့ ကား ဝယ်ပေးမှာလား . . ၊ မဝယ်ပေးဘူးလား၊ ဒါပဲ ပြော"

"ဟေ့ကောင် . . မင်း ငါ့ကို ဓားပြတိုက်နေတာလား၊ ဒီလို မလုပ်ဘဲ ငါ့ခေါင်းကို သေနတ်နဲ့သာ ချိန်ပြီး ပစ်ထည့်လိုက်ပါ့လား"

နေသူရိန်မင်းခန့် တဟဲဟဲ ရယ်သည်။

SUN { Season 1 }Where stories live. Discover now