Part 32

4K 479 39
                                    

မြင်းလှည်းကလေးကား ဦးတည်ချက်မရှိ တရွေ့ရွေ့။မွန်းလွဲပိုင်းအချိန် နေမင်းကြီးကအပူရှိန်ကို နှိမ့်ချမထား။ပြာလွင်လွင်ကောင်းကင်ကြီးထက်တွင်‌ နေမင်းကြီးကို တိမ်ဆုပ်ကလေးတွေက ဝန်းရံထားသည်။မြင်းခွာသံက ဗညားသတိုးရဲ့နားထဲတွင် အသာယာဆုံးဂီတသံဖြစ်ပြီး ဘေးတွင်ထိုင်နေသည့်နန်းစောရှင်လေးကတော့ ဗညားသတိုးရဲ့နှလုံးသားချင်းအရင်းနှီးဆုံးလူသား ဖြစ်လေသည်။

မြင်းလှည်းကလေးက မိုးမရွာ၍ ခြောက်သွေ့နေသည့်လမ်းကလေးကို ဖုန်မှုန့်တို့နှင့်ဝေဝါးသွားစေသည်။ဗညားသတိုး‌ ကောင်းကင်ကိုကြည့်လိုက်တော့လည်း နေမင်းကြီးနှင့်တိမ်ဆုပ်ကလေးတွေက မြင်းလှည်းလေးနောက်မှ ထပ်ကြပ်မကွာလိုက်ပါနေသည်။ဘေးမှသစ်ပင်တွေရဲ့အရိပ်က နန်းစောရှင်ကို ခိုးရာလိုက်သည့်လုံမပျိုလေးလို ရင်ဖိုစိတ်လှုပ်ရှားမှုကို ပေးစွမ်းသည်။မြင်းလှည်းကလေးထဲ အချစ်ရနံ့တွေထုံမွန်းနေပြီး အရာရာတိုင်းကလှပနေသည်။

သူရိန်နေမင်းနှင့်တိမ်ဆုပ်ကလေးတွေကလည်း ချစ်သူနှစ်ဦးကို အားကျနေရော့ထင် နောက်မှတကောက်ကောက် လိုက်ပါနေရှာသည်။

အလင်းပေးနေသည့် နေရောင်ခြည်စူးစူး၊ဘေးကဖြတ်ပြေးနေသည့်သစ်ပင်အရိပ်ကလေးတွေ၊လေထုထဲမှာပျံ့နှံ့နေသည့်ဖုန်မှုန့်ကလေးများ၊နောက်ကလိုက်နေသည့်နေမင်းကြီးနှင့်တိမ်ဆုပ်ကလေးတွေ၊တခွပ်ခွပ်အသံမြည်နေသည့်မြင်းခွာသံ ပြီးတော့ ရင်ခုန်သံတွေထပ်တူကျနေသည့်နှလုံးသားတစ်စုံ။

အချစ်ကမ္ဘာလောကကြီးက သာယာလှပလျက်သား။

နန်းစောရှင် အိမ်ရှေ့မင်းနှဖူးပေါ်က သွေးစို့နေသည့်ဒဏ်ရာကို မြင်လိုက်သည်။နန်းစောရှင် လက်ကလေးနှင့်အိမ်ရှေ့မင်းနှဖူးက ဒဏ်ရာကိုထိသည်။

"နာလား အမောင်"

"သည်လောက်ကလေးကိုနာမလား အမောင့်နန်းစော‌ရှင်ကလေးရဲ့"

ဗညားသတိုး နန်းစောရှင်ရဲ့လက်ကလေးကိုကိုင်ကာ ဘယ်ဘက်ရင်အုံပေါ် တင်လိုက်သည်။ဗညားသတိုးရဲ့အကြည့်တွေက သာမာန်အချိန်များထက် ချိုမြနေသည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now