Unicode - 20

15.8K 1.2K 201
                                    

မန္တလေး တက္ကသိုလ် ပန်းချီ ခန်းမ အတွင်း၌ ဝေယံ ရှိနေသည်။ ရှေ့တည့်တည့်ရှိ ရေဆေး ပန်းချီကားက သူ၏ စိတ်အာရုံ အားလုံးကို ညှို့ယူ ဆွဲဆောင်နေ၏။

မေပယ်လ် သစ်ပင်များက ဘေးတစ်ဖက်တစ်ချက် လျှောက်လမ်းမှာ တံတိုင်းများသဖွယ် သန်စွမ်းစွာ ပေါက်ရောက်နေသည်။ လိမ္မော်ရောင် ခပ်များများ။ သို့ပေမယ့် သစ်ရွက် ထိပ်ဖျားကလေးတွေမှာ အနီ၊ အပြာ၊ အနက်၊ အဝါ၊ အစိမ်း၊ အဖြူ အရောင် စုံသည့် စုတ်ချက်ရာများ ပြည့်နေသည်။ သူတို့က စိတ်ကူးယဉ်ဆန်သော သက်ရှိများနှင့် တူ၏။

ပန်းချီကား အလယ်၌ ထီး ဆောင်းထားသဖြင့် ခန္ဓာကိုယ် အောက်ပိုင်းသာ မြင်ရသော လူ တစ်ယောက်ကို တွေ့ရသည်။ မေပယ်လ် သစ်ရွက်များက ထိုလူဘက်သို့ ယိမ်းနွဲ့ ကြွေကျနေသည်။ ယာဘက် နောက်ခံ အစပ်ဆီ၌ နောက်ထပ် လူ တစ်ယောက် ရှိနေသေးသည်။
    
သူက မေပယ်လ် သစ်ပင်ကြီး နောက်တွင် ပုန်းခိုကာ ထီး ဆောင်းထားသော လူကို လှမ်းကြည့်နေသလိုလို။ အကြည့်များက ကြင်နာ ရိပ်သန်းနေတာလား။ စိုးထိတ်နေတာလား။ ပုံမှန်အတိုင်း ငေးကြည့်ရုံပဲလား။ ဝေယံ ကောင်းကောင်း မသိတော့။ သူ သိတာက ဤပန်းချီကားကို ရေးဆွဲသော ပန်းချီ ဆရာက လျှို့ဝှက် နက်နဲသော လူ တစ်ယောက် ဖြစ်နိုင်သည် ဆိုတာပင်။ ကင်းဗက်စ် အောက်ဖျားတွင် လက်မှတ် တစ်ခု ရေးထိုးထားတာ ဝေယံ တွေ့ရသည်။

R Kar

ပန်းချီဆရာ၏ နာမည် ဖြစ်နိုင်သည်။

"ဒီပန်းချီမှာ နာမည်တွေ၊ ဘာတွေ မရှိဘူးလား မသိ"

"အို . . ရှိတာပေါ့"

ဝေယံ နောက်မှ အသံ တစ်ခု ထွက်လာသည်။ လှည့်ကြည့်မိတော့ အဖြူ နီးနီး ဖျော့သော ဂျင်းပြာကို ဝတ်ဆင်ထားသည့် လူငယ် တစ်ယောက်ကို တွေ့ရသည်။ အနက်ရောင် ဆံပင်များက အရောင် ဖျော့သည်။ နူးညံ့သော မျက်လုံးများက အညိုရင့်။ နှုတ်ခမ်းများက မပြုံးမရယ်။

"ပန်းချီ ဆရာ တစ်ယောက်ဟာ သူ အာရုံ ရတဲ့ အရာဝတ္ထုတွေကို ရေးဆွဲ သရုပ်ဖော်ပြီးတဲ့ နောက် . . အဲ့ဒီ ပန်းချီကားကို နာမည် ပေးတတ်ကြတယ်၊ မဆွဲခင် နာမည် ပေးတာမျိုးလည်း ရှိကောင်းရှိမယ်"

SUN { Season 1 }Where stories live. Discover now