P_14 (Uni)

2.6K 492 50
                                    

"အထူးလေး... ဆန်ပြုတ်သောက်ရအောင်နော်"

"မသောက်ချင်ဘူး။ မောင်ထူး ငါ့ဘေးလာပြီး ငါ့ကို ဖက်ထားပေးပါလား"

ကျွန်တော်က သူပြောသလို သူ့ဘေးဝင်လှဲပြီး သူ့ကို ရင်ခွင်ထဲ ထည့်ပေးရတယ်။

"အခုတလော ငါ မ,ဟော်မုန်းဓာတ်တွေ များနေတယ်ထင်တယ်"

"ဘာလို့လဲ အထူးလေးရဲ့"

"တစ်ခုခုဆို ငိုချင်နေတယ်။ ဘာမှ မဟုတ်တာလေးကို လိုက်ပြီးတော့ ငိုချင်နေတယ်"

"မင်း နေမကောင်းလို့ အားငယ်နေတာ ဖြစ်မှာပါကွာ"

"မသိဘူး။ ငါ ရင်ထဲမကောင်းဘူးကွာ"

ထူးအောင်ကိုကြည့်ပြီး ကျွန်တော် စိတ်မကောင်း။ သူ အိပ်ရာထဲ လဲနေတာ အခုဆိုရင် တစ်ပတ်တောင်ပြည့်ခဲ့ပြီ။

"အထူးလေး... နောက်ဆို စာအုပ်တွေ မဖတ်တော့နဲ့ကွာ"

ထူးအောင်က သူ့အကြောင်းသူ သိလို့ထင်တယ် ကျွန်တော့်အပြောကို ဘာမှ ပြန်မဖြေ။ အဲ့ဒါကြောင့် ကျွန်တော်ကပဲ ဆက်ပြီး

"မင်း ဒီလိုမျိုး စာအုပ်တစ်အုပ်ဖတ်လိုက် တစ်ခါ အိပ်ရာထဲ လဲလိုက်ဆိုရင် ငါ ဘယ်လိုလုပ်ရမလဲ"

"အခုမှ တစ်ခါတည်း ဖြစ်ဖူးသေးတာကို"

"မင်း အမှောင်ဖတ်တုန်းကလည်း ဇာတ်သိမ်းက မမိုက်ဘူးဆိုပြီး တစ်ခါ အိပ်ရာထဲ လဲသေးတယ်လေကွာ"

"အဲ့ဒါက တကယ်မမိုက်ဘူးလေ။ ဇာတ်ရှိန်က တောက်လျောက်တက်လာတာကို ဇာတ်သိမ်းရောက်မှ ဖြတ်ရိုက်ချလိုက်သလိုပဲ။ တကယ်ကို ခံရခက်တယ်"

"ဒါဆို အခုကျတော့ရော မင်း ဖတ်နေတဲ့စာအုပ်က ပြီးတောင်မပြီးသေးဘူးမလား"

တကယ်ပါ။ ကျွန်တော် အဲ့ဒါကို သိချင်နေတာ။ ခါတိုင်း သူစာအုပ်ဖတ်ရင် ပြီးမှ နေမကောင်းဖြစ်တာ။ အခု 'ပါပီလွန်နှင့်ဗင်ကို'ကျတော့ စာအုပ်တောင် မပြီးသေးဘူး။ အိပ်ရာထဲ လဲတာ တစ်ပတ်တောင်ကြာနေပြီ။ သူ့ကို ဘယ်အရာတွေကများ စိတ်မသက်မသာ ဖြစ်စေရတာလဲဆိုပြီး ကျွန်တော်ပါ ယူဖတ်ကြည့်ရတယ်။

"ပြော ကိုယ့်ကိုပြော... ဘယ်နေရာက ကိုယ့်အထူးလေးကို စိတ်မကောင်းဖြစ်စေတာလဲ။ ကိုယ်လည်း ဖတ်ကြည့်ထားတာမို့ ကိုယ်နဲ့ ခံစားချက်ချင်း ဖလှယ်ရအောင်"

မောင်ထူးယောက်ျား အတွေးသမား (Completed)Where stories live. Discover now