အပိုင်း (၃)

961 211 6
                                    

ရှချန် ယှဉ်ပြိုင်မည်ကို လာရောက်ကြည့်မည်ဟု ကတိပေးထားမိ၍ လင်းဟွိုင်သည် သူ၏ ယှဉ်ပြိုင်မှု ပြီးသည့်တိုင် လက်ရုံးစွမ်းရည် ယှဉ်ပြိုင်သည့် စင်ဘက် တစ်ခေါက်လှည့်လာသည်။ ကံတရားက ရှန်ချန်နှင့် ချန်ကျီပင်းကို ယှဉ်ပြိုင်ဖက်များအဖြစ် တွဲဖက်ပေးထားသည်။ အရှုံးအနိုင်ကို သတ်မှတ်ခြင်း မဟုတ်၍သာ တော်ရော့မည်ဟု လင်းဟွိုင်တွက်ဆမိသည်။ ဓားနတ်မျိုးနွယ်စု၏ ဆက်ခံသူပီပီ ချန်ကျီပင်းသည် ခေလှသူမဟုတ်။ ငယ်စဉ်ကတည်းက ကောင်းပေ့ဆိုသော သင်ကြားရေးနည်းစနစ်များဖြင့် လေ့ကျင့်သင်ကြားခံရပြီး စွမ်းအားကြီး ဆေးလုံးတို့၏ အထောက်အပံ့ကိုလည်း ကောင်းကောင်းရထားသူ ဖြစ်သည်။

“နှင်းမျိုးနွယ် ဆက်ခံသူ ရှချန်နဲ့ ဓားနတ်မျိုးနွယ် ဆက်ခံသူ ချန်ကျီပင်းတို့ ယှဉ်ပြိုင်ရမှာတဲ့”

“တကယ့်ကို ပွဲကြီး ပွဲကောင်းပဲ”

ထိပ်သီး မျိုးနွယ်စုများ၏ ဆက်ခံသူ နှစ်ယောက်ဖြစ်သည့်အတွက် အများက စိတ်ဝင်စားလို့နေသည်။ တစ်ယောက်တစ်မျိုးလည်း မည်သူနိုင်မည်ကို ထင်မြင်ချက်များပေး၍ မှတ်ချက်ပြုနေကြသည်။ စိတ်ဝင်စားစရာ ပွဲစဉ်ကြောင့် ဖြစ်မည်ထင်သည်။ ယှဉ်ပြိုင်ပြီးသူများပင် နောက်ထပ်ပွဲစဉ်များအတွက် မပြင်ဆင်ဘဲ လာရောက်ကြည့်နေကြသည်။

“ရှချန် မင်းနဲ့ငါက တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲလို့ မခံစားရဘူးလား”

ချန်ကျီပင်း၏ ရိသဲ့သဲ့စကားကို ရှချန်အနေဖြင့် ဂရုမထားဖို့ရာ စိတ်ကူးသော်လည်း စိတ်အနှောင့်အယှက်တော့ ဖြစ်မိသည်။ ဘယ်သူက လိုက်ဖက်တာတဲ့လဲ။

“အပိုတွေ မပြောနဲ့၊ ငါမင်းကိုညှာမှာမဟုတ်ဘူး”

“ကောင်းပါပြီ၊ မင်းသဘောပေါ့”

ထိုသို့ပြောလိုက်သော်လည်း ချန်ကျီပင်း၏ အမူအရာက အေးအေးဆေးဆေးပင် ရှိသေးသည်။ သူ့မျက်လုံးထဲတွင် ရှချန်ကို ပြိုင်ဖက်တစ်ယောက်အဖြစ် မမြင်သည်လား မပြောတတ်ပေ။

မည်သို့ကြောင့်ရယ်မသိ၊ လင်းဟွိုင်ကတော့ ပြာလွင်သော ကောင်းကင်ကြီးအောက်က စင်မြင့်ထက်တွင် ရပ်နေသူ မျိုးနွယ်စု ဆက်ခံသူ နှစ်ဦးကို ကြည့်ကာ စိတ်မသက်မသာဖြစ်မိသည်။ ၎င်းတို့၏ ဝတ်ရုံများသည် လေပြည်ညှင်းကြောင့် တိမ်တိုက်သဏ္ဌာန် ခပ်လွင့်လွင့် လှုပ်ခတ်နေသည်။ ၎င်းတို့သည် တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ကြည့်နေကြသည်။

ကောင်းကင်ချစ်ကြိုးWhere stories live. Discover now